သန့်ရှင်းရေးသမတစ်ဦးနဲ့ ရခဲ့တဲ့ ပူတင်ရဲ့ လျှို့ဝှက်သမီးလေး

News

Roman Badanin ဆိုသူက ဦးစီးပြီးလုပ်ကိုင်နေတဲ့ Proekt (Porject) ဆိုတဲ့ ဝက်ဘ်ဆိုက်ဟာ ရုရှားသမ္မတပူတင်ရဲ့ လျှို့ဝှက်အချစ်ဇာတ်လမ်းကို ဖော်ထုတ်ခဲ့ပြီးနောက် မလိုလားအပ်တဲ့အဖွဲ့အစည်းအဖြစ် နာမည်တပ်ခံရပြီး ပိတ်ပင်ခံလိုက်ရပါတယ်။

သူတို့ဖော်ထုတ်ခဲ့တဲ့ ဇာတ်လမ်းကတော့ အသက် ၁၈ နှစ်အရွယ် Luiz Rozova (သို့) Elizaveta Krivonogikh လို့လည်း လူသိများတဲ့ မိန်းကလေးဟာ ပူတင်ရဲ့ တရားမဝင်သမီးဖြစ်တယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်။

ဒီသတင်းကို ဖော်ထုတ်ရေးသားခဲ့တဲ့ သတင်းထောက်တွေအားလုံးကို နိုင်ငံခြားအေးဂျင့်တွေလို့ ရုရှားအာဏာပိုင်တွေက ခေါ်ဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း Badanin ကတော့ ပူတင်ရဲ့လျှို့ဝှက်ထားတဲ့ အမှန်တရားတွေကို ဖော်ထုတ်ဖို့ ဆက်လက်ကြိုးစားသွားမှာဖြစ်ကြောင်း ကတိပေးခဲ့ပြီး ထိပ်တိုက်ရင်ဆိုင်ဖို့ကိုသာ ရွေးချယ်လိုက်တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

ရုရှားအာဏာပိုင်တွေက Proekt သတင်းဌာနဟာ အမေရိကန်မှာအခြေစိုက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့ လုံခြုံရေးနဲ့ အခြေခံဥပဒေဆိုင်ရာစနစ်ကို ခြိမ်းခြောက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

Badanin ကတော့ Proekt ဟာ နောက်တပတ်မှာ အကြောင်းအရာအသစ်တစ်ခုကို ထပ်မံဖော်ထုတ်ပြမယ်လို့ ကတိပေးပြောဆိုလိုက်ပြီး အာဏာပိုင်တွေရဲ့ အခုလိုအရေးယူမှုက သူ့ရဲ့သတင်းစာပညာအောင်မြင်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့တာဖြစ်တယ်လို့ ဝံ့ကြွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းမှာ Badanin က သန့်ရှင်းရေးသမဘဝကနေ သန်းကြွယ်သူဌေးဖြစ်လာတဲ့ အသက် ၄၆ နှစ်အရွယ် Svetlana Krivonogikh ဆိုတဲ့ အမျိုးသမီးအကြောင်းကို ဖော်ထုတ်ခဲ့ပြီး ပူတင်ရဲ့ ယခင်အိမ်ထောင်ဖက်ဟောင်းဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

သူမနဲ့အတူ သမီးတစ်ဦးမွေးဖွားခဲ့ပြီး Elizaveta Krivonogikh ဖြစ်ပြီး အခုအခါမှာ အသက် ၁၈ နှစ်အရွယ်ရှိနေပြီဖြစ်ကာ ပူတင်ရဲ့ ချစ်ခင်မှုကိုရရှိထားတယ်လို့ ဆိုပါတယ်။

မိခင်ဖြစ်သူရော၊ သမီးဖြစ်သူကပါ ထွက်ပေါ်လာတဲ့သတင်းတွေအပေါ်မှာ တိုက်ရိုက်တုံ့ပြန်ခြင်းမရှိပေမယ့် Russian GQ နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သမီးဖြစ်သူက သူမဟာ ပူတင်ငယ်ငယ်ကရုပ်ရည်နဲ့ ဆင်တူတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

မျက်နှာသွင်ပြင်ကိုကြည့်ပြီး အသိအမှတ်ပြုတဲ့ဆော့ဝဲလ်နဲ့ စမ်းသပ်မှုမှာတော့ သူတို့နှစ်ဦးကြားတူညီမှုဟာ ၇၀.၄၄ ရာခိုင်နှုန်းအထိရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

သမီးဖြစ်သူ Krivonogikh ဟာ ကရင်မလင်နဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်တစ်ခုမှာ ရှယ်ယာပိုင်ဆိုင်ထားပြီး ပေါင် ၇၆သန်းအထိ ကြွယ်ဝချမ်းသာတယ်လို့ သိရပါတယ်။

Proekt ဟာ ပူတင်နဲ့နီးစပ်တဲ့ အခြားသောထိပ်တန်းအပေါင်းအသင်းတွေကိုလည်း ပစ်မှတ်ထားခဲ့ရာမှာ ပြည်ထဲရေးဝန်ကြီး Vladimir Kolokoltsev ဟာ လွန်ခဲ့တဲ့ ၉ နှစ်က အဆိုပါရာထူးခန့်အပ်ခံရချိန်ကစပြိး ကြွယ်ဝချမ်းသာလာခဲ့တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

ရုရှားအာဏာပိုင်တွေဟာ စက်တင်ဘာလအတွင်းမှာကျင်းပမယ့် အရေးပါတဲ့ပါလီမန်ရွေးကောက်ပွဲတွေမတို်င်ခင်မှာ မီဒီယာတွေကိုတင်းကျပ်ဖို့ ကြိုးပမ်းနေတယ်လို့ ရှုမြင်ခံနေရပါတယ်။

တရားရေးဌာနက အစိုးရမဟုတ်တဲ့ နိုင်ငံခြားအဖွဲ့အစည်း ၄၁ ခုကို မလိုလားအပ်တဲ့အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ခဲ့ပြီး Proekt ကတော့ မီဒီယာတစ်ခုအနေနဲ့ ပထမဆုံးအကြိမ်ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။

River News

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply