ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကသုသာန်တွင် မီးသင်္ဂြိုလ်စက်ပေါက်ကွဲ ပျက်စီး

News

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ထုန်းပူးရီးနယ်မြေ၊ ဘန်နမ့်ခွန်ကျောင်းတိုက် သုသာန်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် သေဆုံးသူတွေကို နေ့စဉ်နဲ့ အမျှ မီးသင်္ဂြိုဟ်နေရတဲ့အတွက် ဇူလိုင် ၂၂ ရက် မနေ့က မီးသင်္ဂြိုဟ်စက် အပူရှိန်လွန်ပြီး ပေါက်ကွဲကာ ဗိမာန်ပြိုကျသွားပါတယ်။

ခုလပိုင်းတွင်း ကိုဗစ် -၁၉ ကြောင့်သေဆုံးရသူအပါအဝင် ရိုးရိုးအလောင်းတွေကိုပါ နေ့စဉ်ရက်ဆက် တနေ့ကိုအနည်းဆုံး ၃ လောင်း မနားတမ်းသင်္ဂြိုဟ်နေရလို့ မနေ့က အပူရှိန်ပြင်းပြီးပေါက်ကွဲပျက်စီးသွားကြောင်း ၊ အဆိုပါ မီးသင်္ဂြိုဟ်စက်ကို ဆောက်လုပ်ထားတာ နှစ်ပေါင်း ၂၅ နှစ်ရှိပြီဖြစ်ပြီး ဒီနှစ်မှာ သုံးမရအောင် ပျက်စီးသွားတာလို့ ဘန်နမ့်ခွန်ကျောင်း တိုက်ဆရာတော်က မိန့်ပါတယ်။

ဒါကြောင့် အသစ်ပြန်ဆောက်ဖို့ လိုအပ်နေပြီး နဂိုဗိမာန်အတိုင်းပြန်ဆောက်မယ်ဆိုရင် အနည်းဆုံး ဘတ် ၅၄ သိန်းကျော်ကုန်ကျမှာမို့ အလှူရှင်တွေကို ဖိတ်ခေါ်ထားတယ်လို့ ဆရာတော်က မိန့်ပါတယ်။

အလားတူ နွန်ထပူရီခရိုင်ရှိ ဝပ်ဆောင်ထုန်းကျောင်းတိုက်နဲ့ စမွတ်ပရကန်ခရိုင်ရှိ ချုမ်းနိမစ်ကျောင်းတိုက်က မီးသင်္ဂြိုဟ်စက်တွေလည်း ကိုဗစ်-၁၉ လူနာအလောင်းတွေ နေ့စဉ်သင်္ဂြိုဟ်ရလို့ ပျက်စီးမှုတွေရှိခဲ့ပါတယ်။

နွန်ထပူရီခရိင် ဘန်ယိုင်မြို့နယ် ဝပ်ဆောင်ထုန်းကျောင်းတိုက်မှာ ကိုဗစ်-၁၉ ကြောင့်သေဆုံးရတဲ့ အလောင်းတွေကို အခမဲ့မီးသင်္ဂြိုဟ်ပေးနေပြီး ဒီလထဲမှာ တနေ့ကို အနည်းဆုံး ၂ လောင်းမှ ၅ လောင်းသင်္ဂြိုဟ်ရလို့ ဆီတစ်နေ့ကို ၄၀၀ လီတာကုန်ကြောင်း၊ အပူချိန် မြင့်တဲ့အတွက် စက်ပျက်စီးသွားပေမယ့် ပြင်လို့ရနေသေးတာမို့ ပြင်လိုက် ရှို့လိုက်လုပ်နေရတယ်လို့ ကျောင်းတိုက်ရှိ သံဃာရဲ့ မိန့်ဆိုချက်ကို မန်နေဂျာအွန်လိုင်းသတင်းက ဇူလိုင် ၂၀ ရက်နေ့မှာ ဖော်ပြပါတယ်။

စမွတ်ပရကန် ချူမ်းနိမိတ်ကျောင်းတိုက်မှာလည်း ကိုဗစ်-၁၉ ကြောင့်သေဆုံးတဲ့အလောင်းတွေ တနေ့ အနည်းဆုံး ၃ လောင်းမှ ၇ လောင်းထိ မီးသင်္ဂြိုဟ်ပေးနေရလို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့က စက်မီးလောင်သွားတယ်လို့ စမွတ်ပရကန်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးလူနာတွေ နေ့စဉ် ၁၀၀ ခန့်ရှိပြီး တချို့နေရာမှာ စစ်တပ်က ကူညီသင်္ဂြိုဟ်ပေးနေသလို ဆေးရုံကနေ မီးသင်္ဂြိုဟ်ပေးနေတာလည်း ရှိပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့ ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ လူနာသစ် နောက်ထပ် ၁၄၅၇၅ ဦး၊ သေဆုံးသူ ၁၁၄ ဦးရှိပြီး ကူးစက်မှုအများစုမှာ ဘန်ကောက် ၃၁၀၄ ဦးရှိပါတယ်။ တနိုင်ငံလုံးမှာ မနှစ်ကစ ဒီနေ့ထိ ကူးစက်ခံရသူပေါင်း ၄၆၇၇၀၇ ဦး သက်သာပျောက်ကင်းသူ ၃၂၀၁၅၂ ဦး သေဆုံးသူ ၃၈၁၁ ဦး ရှိပါတယ်။

Source: DVB

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply