အမေရိကန်သင်္ဘောများ ထိုင်ဝမ်ရေလက်ကြားကနေ ဖြတ်သန်းမှု တရုတ်စိတ်ဆိုးကန့်ကွက်

News

အမေရိကန်သင်္ဘောများ ထိုင်ဝမ်ရေလက်ကြားကနေ ဖြတ်သန်းမှု တရုတ်ထက်ပီးကန့်ကွက်

တရုတ်နှင့် ထိုင်ဝမ်အကြား ရေပြင်တွင် အမေရိကန် ရေတပ်စစ်သင်္ဘောတစ်စင်းနှင့် ကမ်းခြေစောင့်တပ်ဖွဲ့၏ ရွက်သင်္ဘောငယ်တစ်စင်းတို့ ဖြတ်သန်းခုတ်မောင်းသွားလာမှုအပေါ် တရုတ်ကာကွယ်ရေးဝန်ကြီး ဌာနက သြဂုတ် ၂၈ ရက်တွင် ကန့်ကွက်ကြောင်း ထုတ်ဖော်ခဲ့သည်။

တရုတ် ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်တွင် တင်ထားသည့် ထုတ်ပြန်ချက်တစ်စောင်ထဲတွင် အဆိုပါ ဖြတ်သန်းမှုကို တမင်တကာ ရန်စမှုအဖြစ် သုံးနှုန်းထားသလို ယင်းကို ကြည့်မည်ဆိုပါက အမေရိကန်သည် ၁၆၀ ကီလို မီတာ (မိုင် ၁၀၀) ကျယ်သည့် ထိုင်ဝမ်ရေလက်ကြားတွင် လုံခြုံရေးအန္တရာယ်များအတွက် ဖန်တီးသူနှင့် ငြိမ်းချမ်း‌ရေး၊ တည်ငြိမ်မှုအတွက် အကြီးဆုံး ခြိမ်း ခြောက်သူ ဖြစ်သည်ကို ပြသနေသည်ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

“ဒီအပေါ်မှာ မိမိတို့ အခိုင်အမာ ဆန့်ကျင်သလို အပြင်းအထန် ပြစ်တင်ရှုတ်ချပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောသည်။

USS Kidd ပဲ့ထိန်းဒုံးတပ် ဖျက်သင်္ဘောနှင့် ကမ်းခြေစောင့်သင်္ဘော Munro တို့သည် သြဂုတ် ၂၇ ရက်က နိုင်ငံတကာ ရေပိုင်နက်ထဲတွင် ရေလက်ကြားကနေ ဖြတ်သန်းခုတ်မောင်းခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် ရေတပ်က ပြောသည်။ ထိုကဲ့သို့သော သွားလာလှုပ် ရှားမှုများသည် တရုတ်ကို သတိပေးမှုတစ်ခုအဖြစ်လည်း ရှုမြင်နိုင်သည်။တရုတ်သည် မကြာ‌သေးခင်က ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုများ လုပ်ခဲ့သလို ကိုယ် ပိုင်အုပ်ချုပ်နေသော အဆိုပါကျွန်းကို ယင်း၏ ထိန်း ချုပ်မှုအောက် ရောက်စေရန် လိုအပ်ပါက အင်အားသုံးမည် ဆိုသည့် ပြောဆိုချက်ကို စွန့်ပယ်ထားခြင်း မရှိပေ။

“သင်္ဘောတွေဟာ ထိုင်ဝမ် ရေလက်ကြားကနေ ဥပဒေနဲ့အညီ ဖြတ်သန်းသွားလာတာ ဖြစ်ပြီး ဒါဟာ အမေရိကန်ဘက်က လွတ်လပ်ပြီး တံခါးဖွင့်ထားတဲ့ အင်ဒို-ပစိဖိတ်ဒေသအပေါ် နစ်မြှုပ်ကတိပြုမှုကို ထုတ် ဖော်တာလည်း ဖြစ်ပါတယ်” ဟု အမေရိကန် ရေတပ်၏ ဂျပန်အခြေစိုက် အမှတ် ၇ ရေယာဉ်စုက ထုတ်ပြန်သည်။

၁၉၄၉ ခုနှစ်တွင် ကွန်မြူနစ်ပါတီက ပြည်မကြီးကို ထိန်းချုပ်သွားနိုင်ခဲ့သည့် ပြည်တွင်းစစ်တစ်ခုအတွင်း ထိုင်ဝမ်သည် တရုတ်နှင့် သီးခြားစီ ကွဲခဲ့သည်။ လက်ရှိတွင် ထိုင်ဝမ်တွင် လူဦးရေ ၂၃ ဒသမ ၆ သန်း နေထိုင် သည်။ အမေရိကန်သည် ထိုင်ဝမ်နှင့် တရားဝင်သံတ မန်ဆက်ဆံရေး မရှိသော်လည်း မြို့တော် တိုင်ပေတွင် ကိုယ်စားလှယ်ရုံးတစ်ရုံး ရှိထားပြီး ထိုင်ဝမ်၏ ကာကွ ယ်ရေးအတွက် စစ်ဘက်ပစ္စည်းဆိုင်ရာ အကြီးဆုံး ပေးသွင်းသူလည်း ဖြစ်သည်။

တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့တွင် တရုတ်နှင့် အခြားနိုင်ငံအစိုးရများအကြား ပိုင်ဆိုင်ကြောင်း အပြိုင်အဆိုင် ထုတ်ဖော်ထားသည့် အငြင်းပွားကျွန်းများအနီး တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ကင်းလှည့်မှုများ လုပ်ဆောင်နေစဉ် အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့သည်လည်း အာရှဒေသတွင် ယင်း၏ ရှိနေမှုကို တိုးမြှင့်ထားခဲ့သည်။

ကယ်လီဖိုးနီးယား Alameda တွင် အခြေစိုက်သည့် ၄၁၈ ပေ (၁၂၇ မီတာ) အရှည်ရှိ Munro သည် အာရှဒေသသို့ သြဂုတ်လလယ်က ဆိုက်ရောက်ထားခဲ့ပြီး ယင်းသည် လများနှင့်ချီကြာမည့် ဖြန့်ကျက်မှုတစ်ခု ဖြစ်လိမ့်မည်ဟု အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။ ယင်းသည် ယခုအပတ် အစောပိုင်းနှစ်ရက်ကြာကလည်း အရှေ့တရုတ်ပင်လယ်တွင် ဂျပန်ကမ်းခြေစောင့်သင်္ဘောတစ်စင်းဖြစ်သည့် Aso နှင့်အတူ လေ့ကျင့်ထားခဲ့သည်။

အမေရိကန်နှင့် ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့များသည် မတ်လက နှစ်ဘက်အကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ရပ် လက်မှတ်ထိုးပြီးနောက် ယခုလအတွင်း ဆွေးနွေးမှုများ လုပ်ဆောင်ထားခဲ့သည်။ တရုတ်သည် အဆိုပါ သဘောတူညီချက်ကို ပြစ်တင်ရှုတ်ချထားခဲ့သည်။

တရုတ် ကာကွယ်ရေးဝန်ကြီးဌာန၏ သြဂုတ် ၂၈ ရက် ကြေညာချက်ထဲတွင် “ထိုင်ဝမ်သည် တရုတ်၏ ထာဝရဖြစ်သော အစိတ်အပိုင်းတစ်ခု ဖြစ် ကြောင်းနှင့် ယင်း၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမှန်သမျှကို တရုတ်ဘက်က သည်းခံသွားမည်မဟုတ်ပါ” ဆိုပြီး ပြောကြားထားခဲ့သည်။
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။