မြန်မာ့အရေးကုလဆုံးဖြတ်ချက်ရုရှားနဲ့တရုတ်ကန့်ကွက်

Local News

မြန်မာ့အရေး ကုလဆုံးဖြတ်ချက် ရုရှားနဲ့ တရုတ် ကန့်ကွက်

ရိုဟင်ဂျာမွတ်စလင်တွေနဲ့ တခြား လူနည်းစု တိုင်းရင်းသားတွေအပေါ်မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို တရုတ်နဲ့ ရုရှားနိုင်ငံတွေက ကန့်ကွက်လိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အဲဒီဆုံးဖြတ်ချက်မူကြမ်းကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က မဲခွဲခဲ့ကြပြီးတော့ ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံပေါင်း ၁၃၀ က ထောက်ခံပြီး ၉ နိုင်ငံက ကန့်ကွက်ခဲ့ကြတာပါ။ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီမှာ တင်သွင်းတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ၇၅ ကြိမ်မြောက် အထွေထွေညီလာခံရဲ့ ၄၈ ကြိမ်မြောက် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ပါတယ်။

ရုရှားနဲ့ တရုတ်နိုင်ငံတွေအပြင် ဘယ်လာရုစ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဇင်ဘာဘွေနဲ့ မြန်မာနိုင်ငံတွေက ဒီဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်ခဲ့ကြပါတယ်။ အိန္ဒိယ၊ ဂျပန်၊ သီရိလင်္ကာနဲ့ စင်ကာပူ အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံက မဲမပေးဘဲ နေခဲ့ကြပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နဲ့ ဥရောပသမဂ္ဂ (EU) တို့က ပူးတွဲ ကမကထလုပ် တင်သွင်းတဲ့ ဒီဆုံးဖြတ်ချက်ဟာ မမှန်မကန်ဖော်ပြပြီးတော့ နိုင်ငံရေးသဘောတွေ ပါဝင်နေတယ်လို့ ပြောပြီး ပယ်ချလိုက်ပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ကတော့ ဒီဆုံးဖြတ်ချက်ကို မဲခွဲဖို့နဲ့ ကန့်ကွက်မဲပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။

အခုလို မဲပေးတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ကတော့ အဲဒီလိုလုပ်ဖို့ ကြိုးပမ်းနေမှု မှန်သမျှဟာ လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေပြီး ကုလသမဂ္ဂရဲ့ ယန္တရား အလွဲသုံးစားလုပ်တာလို့ သတ်မှတ်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

တရုတ်နိုင်ငံကတော့ ရိုဟင်ဂျာအရေးကိစ္စနဲ့ ပတ်သက်ပြီး အဖြေရှာနိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ရော ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ပါ ၃ နိုင်ငံ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ်လ ရခိုင်ပြည်နယ်ထဲမှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ရာကနေ အဲဒီမှာရှိတဲ့ ရိုဟင်ဂျာတွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ၂ နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးထားပြီးတော့ ဒုက္ခသည်တွေကို စိစစ်လက်ခံနေပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ အသိအမှတ်ပြုထားခြင်း မရှိပါဘူး။

VOA

Leave a Reply