အီရန်မှာဖမ်းခံရတဲ့မြန်မာသင်္ဘောသားများအခြေအနေ မြန်မာအစိုးရစုံစမ်းနေ

Local News

အီရန်မှာဖမ်းခံရတဲ့ မြန်မာသင်္ဘောသားများအခြေအနေ မြန်မာအစိုးရစုံစမ်းနေ

အီရန်နိုင်ငံက ဖမ်းဆီးထားတဲ့ တောင်ကိုရီးယား ရေနံတင်သင်္ဘောပေါ်မှာပါတဲ့ မြန်မာသင်္ဘောသားတွေအတွက် မြန်မာအစိုးရဘက်က ကနဦးစုံစမ်းမှု တွေနဲ့အတူ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ညှိနှိုင်းမှုတွေ စလုပ်နေတဲ့အကြောင်း ပြောပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။
မြန်မာသင်္ဘောသား အများစုပါတဲ့ တောင်ကိုရီးယား ရေနံတင်သင်္ဘောကို ပါရှန်ပင်လယ်ကွေ့ထဲ ရေနံယိုစိမ့်မှုဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အီရန်နိုင်ငံက ဖမ်းဆီးထားပြီး သက်ဆိုင်ရာနိုင်ငံတွေက စုံစမ်းမှုတွေလုပ် နေသလို မြန်မာအစိုးရဘက်ကလည်း ကနဦးစုံစမ်းမှုတွေ စလုပ်နေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တဦးကတော့ မြန်မာသံရုံး နယူးဒေလီနဲ့ တွဲဖက်တာဝန်ယူနေတဲ့ အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ထိုင်းနိုင်ငံ မြန်မာသံရုံးတို့ကတဆင့် ဘန်ကောက်မြို့အခြေစိုက် အီရန်နိုင်ငံ ဆိုင်ရာ သံရုံးတာဝန်ရှိသူတွေကို ဆက်သွယ်ပြီး မြန်မာသင်္ဘောသား ၁၁ ယောက်ကို ကောင်းကောင်းမွန်မွန် ထားပေးဖို့နဲ့ အစောဆုံး ပြန်လွှတ်ပေးဖို့ ညှိနှိုင်းနေကြောင်း ဗွီအိုအေကို ပြောပါတယ်။

အမေရိကန်ရဲ့ ဘဏ္ဍာရေး ပိတ်ဆို့ဒဏ်ခတ်မှုအရ အီရန်နိုင်ငံက ပိုင်ဆိုင်တဲ့ ဒေါ်လာသန်း ၇,၀၀၀ ကို တောင်ကိုရီးယားနိုင်ငံက မကြာသေးခင်ကပဲ ထိန်းချုပ်လိုက်တာကို ပြန်ရုပ်သိမ်းပေးဖို့ တောင်းဆိုနေချိန်မှာပဲ သင်္ဘောဖမ်း ဆီးမှုဖြစ်ခဲ့ပေမဲ့ ဒါဟာ တမင်သက်သက် ဖမ်းဆီးမှု မဟုတ်ကြောင်းလည်း အီရန်အစိုးရက ငြင်းဆန်ထားပါတယ်။ တောင်ကိုရီးယား ရေနံတင်သင်္ဘော MT Hankuk Chemi ရေနံယိုစိမ့်မှုဖြစ်ခဲ့တာကြောင့် လုပ်ရိုးလုပ်စဉ် အရေးယူ ဆောင်ရွက်ထားတာာ ဖြစ်ကြောင်းလည်း အီရန်အစိုးရ ပြောခွင့်ရက ပြောဆို ထားပါတယ်။ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အီရန်သံ အမတ်ကြီးကို မနေ့တုန်းကပဲ ဆင့်ခေါ်ပြီး၊ သင်္ဘောနဲ့ သင်္ဘောသား ၂၀ ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။

မြန်မာရေကြောင်းပို့ဆောင်ရေး ဦးစီးဌာနကကတော့ ဒီပြဿနာကို သင်္ဘော သားစေလွှတ်ထားတဲ့ ကုမ္ပဏီသုံးခုကတဆင့် အသေးစိတ်စုံစမ်းနေပြီး လိုအပ် ရင် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဆက်သွယ်ဆောင်ရွက်မယ်လို့ ဌာနရဲ့ ညွှန်ကြားရေးမှူး ဦးချမ်းမြေ့က ဗွီအိုအေကို ပြောပါတယ်။
“သူတို့နိုင်ငံရဲ့ရေပိုင်နက်မှာ ဆီယိုဖိတ်မှု ဖြစ်တယ်ဆိုရင်တော့၊ သူတို့နိုင်ငံတွေရဲ့ ဒီ …၊ ကျနော်တို့ နိုင်ငံဘက်မှာလည်း ဆီယိုဖိတ်မှု ဖြစ်တယ်ဆိုရင် ကျနော် တို့နိုင်ငံက အရေးယူတာမျိုးတွေ ရှိတယ်ပေါ့နော်။ အဲဒီတော့ ဒီဖြစ်စဉ်ကျနော်တို့ ဘယ်လောက်အတိုင်းအတာအထိ သူတို့လုပ်မလဲဆိုတာ့ မူတည်ပါတယ်။ မြန်မာပြည်ဘက်က လွှတ်လိုက်တဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေနဲ့ ကျနော်တို့ မေးထားတာတော့ လုပ်ထားပါတယ်၊ သူတို့ကို နောက်ဆုံးသတင်းတွေ ကျနော် တို့ဆီ တင်ခိုင်းထားတယ်ခင်ဗျ။ ကျနော်တို့ သင်္ဘောသားတွေ လိုအပ် ရင်တော့ ကျနော်တို့ နိုင်ငံခြားရေးကနေ တဆင့်ပေါ့နော် မေတ္တာရပ်ခံပေးမှာပေါ့နော်။”
မြန်မာသင်္ဘောသား ၁၁ ယောက်ရဲ့ မိသားစုဝင်တချို့ကတော့ အသင်းကို အကြောင်းကြား မေးမြန်းထားတာရှိကြောင်း မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘော သား အလုပ်သမားများအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဟုတ်ဆွမ်က ပြောပါတယ်။

“လောလောဆယ် မကြားသေးဘူး update သတင်းပေါ့နော်။ သူတို့လည်း ဆက်သွယ်လို့ မရဘူးတို့ ဘာတို့တော့ အဲဒီလိုပြောတဲ့သူရှိတယ်။ သူတို့လည်း အတတ်နိုင်ဆုံး ဆက်သွယ်နေကြတယ်။ သူတို့ကတော့ မှာထားတာပေါ့နော်။ သက်ဆိုင်ရာသင်္ဘောသားနဲ့ အဆက်အသွယ်ရရင်တော့ အကျိုးအကြောင်း လေးတွေ ပြောခိုင်းထားတာပေါ့နော်။”
တောင်ကိုရီးယား အစိုးရကတော့ ဒီကိစ္စကို သံတမန်နည်းလမ်းအရ ဖြေရှင်းနိုင်ဖို့ ကိုယ်စားလှယ်အဖွဲ့တခု ဒီကနေ့ပဲ စေလွှတ်လိုက်ပါတယ်။ တောင်ကိုရီးယား သမ္မတကတော့ ဖမ်းဆီးမှုအပေါ် စိုးရိမ်ကြောင်း ပြောဆို ထားပြီး ကာကွယ်ရေးဝန်ကြီးဌာနကလည်း Hormuz ရေလက်ကြားအနီး ဖျက်သင်္ဘောနဲ့ တပ်ဖွဲ့ဝင် ၃၀၀ ပါတဲ့ ပင်လယ်ဓားပြနှိမ်နှင်းရေး တပ်ဖွဲ့တခု ကိုလည်း စေလွှတ်ခဲ့တာပါ။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အီရန်နိုင်ငံက ဖမ်းဆီးထားတဲ့ တောင်ကိုရီးယား ရေနံတင်သင်္ဘောနဲ့ သင်္ဘောသားတွေကို အမြန်ဆုံး ပြန်လွှတ် ဖို့ တောင်းဆိုထားပါတယ်။

VOA

Leave a Reply