နာမည်ကြီးနေတဲ့ သုံးခွမြို့နယ်က ကိုဗစ်ပျောက်ကင်းတဲ့ ကန်ရေ

Local News

ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေနဲ့အတူ အောက်ဆီဂျင် လုံးဝ မရတော့မယ့်အချိန်မှာ တမာ၊ ဂွေးတောက်နဲ့ ပင်စိမ်းဟာ လူနာနဲ့ လူနာရှင်တွေအတွက် ကောက်ရိုးတမျှင် ဖြစ်လာသလိုပါပဲ။

ကိုဗစ်တတိယလှိုင်းဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေဟာ အင်္ဂလိပ်ဆေးဝါးတွေအပြင် ကောင်းနိုးရာရာ နည်းလမ်းတွေကိုလည်း အချင်းချင်း လက်ဆင့်ကမ်းမျှဝေရင်း ကပ်ရောဂါကို အန်တုနေကြရပါတယ်။

ဘယ်သူက အစပြုလိုက်တယ် မသိပေမယ့် လွန်ခဲ့တဲ့ ၁၅ ရက်ခန့်ကစလို့ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ကျေးရွာ တခုက ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ကန်ရေကို သောက်ရင် ကိုဗစ်ရောဂါ ပျောက်ကင်းတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပါတယ်။

အဲဒီသတင်းကြောင့်ပဲ သန်လျင်ကနေ ခရမ်း-သုံးခွကို သွားတဲ့ ကားလမ်းမကြီးကနေ ခွဲထွက်ကာ လမ်းသွယ်လေးအတိုင်း ၁၀ မိနစ်ခန့် ကားမောင်းသွားရတဲ့ အဲဒီနေရာကို အနယ်နယ်အရပ်ရပ်က လူတွေ ရေပုံး ကြီးငယ် အသွယ်သွယ်နဲ့ ရေလာခပ်လျက် ရှိပါတယ်။

တလမ်းမောင်းသာရှိတဲ့ အဲဒီလမ်းပိုင်းလေးမှာ ကားတွေ ရှောင်လို့မရတော့သည်အထိ ဖြစ်လာတာကြောင့် ကားနဲ့သွားလာခြင်းကိုပင် ယခုအခါ ယာယီ ရပ်နားထားလိုက်ရတယ်လို့ သိရပါတယ်။

ရေလာယူသူတွေကို ကူညီပေးနေတဲ့ ဒေသခံတဦးက “ဦးတို့ မွေးကတည်းက ရှိနေတဲ့ ရေကန်ပါ။ ဘယ်က စကြားတယ် မသိပါဘူး။

ဒီကန်ရေကြောင့် ကိုဗစ် ပျောက်ကြတယ်ဆိုပြီး ပြီးခဲ့တဲ့ ၁၅ ရက်လောက်ကတည်းက အပြင်က လူတွေ ရေလာသယ်ကြတာ ခုထိ လူ မပြတ်ဘူး။

ဒီမနက်တောင် လူတွေ အရမ်းများနေလို့ ထပ်ရောက်မလာအောင် ခဏ လမ်းပိတ်ထားရတယ်” လို့ ပြောပြပါတယ်။

တကယ် ရောဂါပျောက်လား၊ မပျောက်လားကိုတော့ သူ့အနေနဲ့ မျက်မြင်မဟုတ်လို့ သေချာမပြောပြတတ်ပေမယ့် ဒီရေကြောင့် ဝေဒနာခံစားနေရသူတွေ သက်သာတယ်ကြားရတာ ဝမ်းသာတယ်လို့လည်း သူက ဆိုပါတယ်။

အဲဒီ ရေကန်ဟာ နွေရာသီရောက်တဲ့အခါ သောက်သုံးရေအတွက် ကျေးရွာနေပြည်သူတွေ မှီခိုနေရတဲ့ ကန်ဖြစ်ပြီး အခုလို လူစုလူဝေးနဲ့ အပြင်လူတွေပါ ရေဆင်းခပ်နေမှုတွေကြောင့် ရေထု ညစ်ညမ်းမှာစိုးလို့ ယခုအခါ ရွာသားတွေကိုယ်တိုင် စက်နဲ့မောင်းတင်ပြီး ရေရယူလိုသူတွေကို ကူညီပေးနေတာ တွေ့ရပါတယ်။

Ref: The Irrawaddy

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။