တိုကျို အိုလံပစ် ကြက်တောင်ရိုက်ပြိုင်ပွဲတွင် တရုတ်ကိုအနိုင်ယူပြီး ပထမဆုံး ရွှေတံဆိပ်ဆွတ်ခူးသွားတဲ့ အင်ဒိုနီးရှား

News Sports

အင်ဒိုနီးရှား အမျိုးသမီး ကြက်တောင်မယ်တွေဖြစ်တဲ့ ဂရေးဆီယာ ပိုလီနဲ့ အပရီယန်နီ ရာဟာယူတို့ဟာ အမျိုးသမီး နှစ်ယောက်တွဲကြက်တောင်ပြိုင်ပွဲမှာ တရုတ်တို့ရဲ့ ကြီးစိုးထားမှုကို ချိုးဖျက်ကာ ရွှေတံဆိပ်ရယူလိုက်နိုင်ခြင်းဖြင့် တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ နိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ကို ဆွတ်ခူးပေးခဲ့ကြောင်း သိရပါတယ်။

အင်ဒိုအတွဲဟာ တရုတ်ကြက်တောင်မယ်တွေဖြစ်တဲ့ ချန်ကင်ချန်နဲ့ ကျားရီဖန်တို့အတွဲကို ၂၁-၁၉ မှတ်၊ ၂၁-၁၅ မှတ်တို့ဖြင့် အနိုင်ရကာ အင်ဒိုနီးရှားနိုင်ငံအတွက် အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲကနေ ပထမဆုံး အိုလံပစ် ဆုတံဆိပ်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

တရုတ်ဟာ ၁၉၉၂ ခုနှစ်မှာ အုံလံပစ်ပြိုင်ပွဲအတွင်း ကြက်တောင်အားကစားကို စတင်ထည့်သွင်းခဲ့စဉ်ကတည်းက အမျိုးသမီးနှစ်ယောက်တွဲပွဲစဉ်မှာ ပထမရွှေတံဆိပ်ကို နှစ်ကြိမ်သာလွဲချော်ခဲ့ဖူးပြီး တောက်လျှောက်အောင်မြင်မှုရထားခဲ့တာဖြစ်ပါတယ်။

သို့ပေမယ့် အင်ဒိုအတွဲဟာ နောက်ဆုံးအမှတ်ရောက်တဲ့အထိ မပေါ့ဆဘဲ အစွမ်းကုန်ယှဉ်ပြိုင်ခဲ့ကာ ချန်ပီယံဘွဲ့ကို ဆွတ်ခူးသွားခဲ့ကြတာဖြစ်ပါတယ်။

ယင်းပွဲစဉ်မှာ တောင်ကိုရီးယားအတွဲ ကင်ဆိုယွန်းနဲ့ ကွန်ဟီးယွန်းတို့က တစ်နိုင်ငံတည်းသား အတွဲကို အနိုင်ယူကာ ကြေးတံဆိပ်ဆွတ်ခူးနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် ဂျပန်တိုကျိူအိုလံပစ်ရေကူးပြိုင်ပွဲမှာ ကနေဒါရေကူးမယ် Margaret Macneil က မီတာ ၁၀၀ လိပ်ပြာကူးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ဆွတ်ခူးလို့ တရုတ် လူမှုကွန်ရက်မှာ အစိုးရရဲ့ မူဝါဒတွေအပေါ် ဝေဖန်မှုတွေ ပြင်းထန်လာတယ်လို့သိရပါတယ်။

အဲဒီပြိုင်ပွဲမှာ တရုတ်ရဲ့ အားအထားရဆုံး ရေကူးမယ် Zhang Yufei က ဒုတိယဆုနဲ့ပဲ ကျေနပ်လိုက်ရတာကနေ ငြင်းခုန်မှုတွေ စခဲ့ရာက ရွှေတံဆိပ်ဆုရှင် Margaret Macneil ဟာ တရုတ်မိဘ ၂ ပါးက တရုတ်မှာမွေးတဲ့ တရုတ်စစ်စစ် ဖြစ်နေတာကို သိသွားကြတယ် ဆိုပါတယ်။

Margaret Macneil ဟာ ယန်စီမြစ်ဘေးက Jiujiang ဆိုတဲ့မြို့လေးမှာ ၂၀၀၀ ပြည့်နှစ်က မွေးဖွားခဲ့သူလို့ သိရပါတယ်။

တရုတ်မိဘနှစ်ပါးက ဘာကြောင့်စွန့်ပစ်တယ်ဆိုတာ မသိရပေမဲ့ ကနေဒါမိဘနှစ်ပါးက မွေးစားပြုစုလာတဲ့ Margaret Macneil ဟာ အိုလံပစ်ရွှေတံဆိပ်ဆုရှင် ဖြစ်လာတာပါ။

အစိုးရအသုံးမကျလို့ အရည်အချင်းရှိတဲ့သူတွေမှာ သူများနိုင်ငံသား ဖြစ်ရတယ်ဆိုပြီး တရုတ်လူမှုကွန်ရက်တွေမှာ ဝေဖန်ရေးသားနေကြတာပါ။

CNA

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply