တောင်တရုတ်ပင်လယ်ပြင်ထဲ ဝင်ရောက်လာနေတဲ့ ဗြိတိသျှ လေယာဥ်တင်သင်္ဘော HMS Queen Elizabeth ဦးဆောင်တဲ့ တိုက်ခိုက်ရေး ရေတပ်သင်္ဘာ အုပ်စုကို မသင့်လျော်တဲ့ အပြုအမူတွေ မလုပ်ဖို့ တရုတ်က သတိပေးလိုက်ပါတယ်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်အနေနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေအောင် အဆင့်မြင့်မြင့် ပြင်ဆင်ထားပြီ ဖြစ်ကြောင်း အစိုးရ လိုလားတဲ့ တရုတ် ကွန်မြူနစ် ပါတီရဲ့ အာဘော် Global Times သတင်းစာက ရေးပါတယ်။

ဂျပန်ကို ဦးတည်ပြီး တောင်တရုတ်ပင်လယ်ကိုဖြတ်ကာ အရှေ့ဘက်ကို ခရီးနှင်လာနေတဲ့ လေယာဥ်တင်သင်္ဘော အုပ်စုနဲ့ ပတ်သက်လို့ တရုတ်က အနီးကပ် စောင့်ကြည့်နေတာ ဖြစ်ပြီး ဗြိတိန်ဟာ ကိုလိုနီခေတ်က အကျင့်တွေ မပျောက်သေးဘူးလို့ စွပ်စွဲလိုက်ပါတယ်။
ဗြိတိသျှ တော်ဝင်ရေတပ်ဟာလည်း စင်္ကာပူရေတပ်နဲ့ အတူ စစ်ရေး လေ့ကျင့်မှုတွေ လုပ်ခဲ့တာ ဖြစ်ပြီး ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီး ကိုယ်တိုင်ကလည်း တောင်တရုတ်ပင်လယ်ထဲမှာ လွတ်လပ်စွာ ပင်လယ်ရေကြောင်း သွားလာနိုင်ရေး အတွက် ကြိုးပမ်းသွားမယ်လို့ ပြောထားပြီး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ က အပြည်ပြည်ဆိုင်ရာ တရားရုံးက ချမှတ်ခဲ့တဲ့ အမိန့်ကို ဆန့်ကျင်ပြီး တရုတ်ဟာ တောင်တရုတ်ပင်လယ် နယ်ပယ် အတော်များများကို သူပိုင်လို လုပ်ပြီး ကျွန်းတုတွေ တည်ဆောက်ကာ လေယာဥ်ပြေးလမ်းတွေ တည်ဆောက်တာမျိုးတွေ လုပ်နေခဲ့ပါတယ်။ အဲဒီထဲက တချို့ ကျွန်းတွေဟာ တခြား အိမ်နီးချင်း နိုင်ငံတွေရဲ့ ရေပိုင်နက်နဲ့ပါ တော်တော် နီးကပ်နေပြီ ဖြစ်ပါတယ်။
ဒါကြောင့်လည်း တောင်တရုတ်ပင်လယ်ကို ပိုင်တယ်ဆိုပြီး တရုတ်က ပြောနေတဲ့ကြားမှာပဲ အမေရိကန်ရေတပ်နဲ့ တော်ဝင် ရေတပ်တွေက စစ်သင်္ဘောတွေက အဲဒီရေပြင်ကို တမင်ဖြတ်ပြီး ခရီးနှင်ပြနေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ဇွန်လအတွင်း အငြင်းပွားနေတဲ့ ခရိုင်းမီးယား ကျွန်းဆွယ်အနီးက ပင်လယ်နက်ထဲမှာ ကြုံခဲ့ရသလို ဗြိတိသျှ ဖျက်သင်္ဘော HMS Defender ကို ရုရှား စစ်လေယာဥ်တွေက အနီးကပ်ပျံသန်းသွားတဲ့ ရင်ဆိုင်မှုမျိုးတွေများ ကြုံလာရနိုင်မလား။
လန်ဒန်မြို့အခြေစိုက် Royal United Services Insitute (Rusi) အဖွဲ့ရဲ့ အကြီးတန်း သုတေသီ Veerle Nouwens ကတော့ တရုတ်ဟာ အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံတနိုင်ငံနဲ့ ထိပ်တိုက်တွေ့ဖို့ မလုပ်ပါဘူး လို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ ဘာလဲ ဆိုတာတော့ သိအောင် ပြောချင်ပြောလိမ့်မယ်လို့ သူက ဆိုပါတယ်။
တကယ်လို့သာ ယူကေဘက်က တောင်တရုတ်ပင်လယ်ထဲ လွတ်လပ်စွာ ရေကြောင်းခရီးသွားလာရေးကို ဆောင်ရွက်မယ်ဆိုရင် ပြီးခဲ့တဲ့ ၂၀၁၈ အတွင်းက HMS Albion ကြုံခဲ့ရတာမျိုးတော့ ဖြစ်လာနိုင်တယ်လို့ Ms Nouwens က ဆိုပါတယ်။
အဲဒီတုန်းက HMS Albion နဲ့ မီတာ ၂၀၀ အကွာကနေ တရုတ်စစ်သင်္ဘောတစင်းက ကပ်ပြီး လိုက်လာနေခဲ့တာ ဖြစ်ပြီး ထွက်သွားဖို့ သတိပေးတဲ့ အခါမှာလည်း တရုတ် လေယာဥ်တစင်းက HMS Albion အနီးကနေ ခပ်နိမ့်နိမ့် ဖြတ်ပြီး ပျံသန်း ပြခဲ့တာ ဖြစ်ပါတယ်။

တရုတ်ကလည်း ဒီသီတင်းပတ်အတွင်း အဲဒီဒေသအတွင်းမှာ စစ်ရေး လေ့ကျင့်မှုတွေ ပြင်းပြင်းထန်ထန် လုပ်နေခဲ့တာ ဖြစ်ပါတယ်။ ကမ်းတက်တိုက်ခိုက်တာမျိုးတွေပါ လုပ်နေခဲ့တာကြောင့် တချို့ လေ့လာသူတွေက ထိုင်ဝမ်ကို တက်သိမ်းဖို့ ပြင်နေပြီလားဆိုပြီး စိုးရိမ်တာတောင် ရှိပါတယ်။
Global Times သတင်းစာကတော့ ဗြိတိသျှ လေယာဥ်တင်သင်္ဘော အုပ်စု တောင်တရုတ်ပင်လယ်ထဲ ရောက်လာတာကြောင့် တရုတ်ရေတပ်အတွက် ယူကေရဲ့ နောက်ဆုံးပေါ် စစ်သင်္ဘောတွေကို အနီးကပ်လေ့လာဖို့ အခွင့်အရေး ရစေတယ်လို့ ဖော်ပြထားပါတယ်။
ရေကြောင်းခရီး လွတ်လပ်စွာ သွားလာခွင့်ကို ခြိမ်းခြောက်တယ်ဆိုတာဟာ ဒေသတွင်း စစ်ရေး တင်းမာမှုတွေ မြင့်တက်လာအောင် ကမ္ဘာတခြမ်းကို ဖြတ်ပြီး တောင်တရုတ်ပင်လယ်ထဲကို လေယာဥ်တင်သင်္ဘောအုပ်စု စေလွှတ်ပြီး အင်အားပြတာမျိုးသာ ဖြစ်တယ်လို့ လန်ဒန်မြို့က တရုတ်သံရုံးရဲ့ ပြောခွင့်ရသူကို ကိုးကားပြီး ပြောပါတယ်။
ဒီလို တောင်တရုတ် ပင်လယ်ထဲကို လေယာဥ်တင် သင်္ဘောအုပ်စု ရောက်လာတဲ့ အတွက် ဘေကျင်းရဲ့ ဒေါသတကြီး တုံ့ပြန်မှုတချို့ ရှိပေမယ့် ရဲ့ Rusi လုပ်ဖော်ကိုင်ဖက် ရေတပ် စွမ်းရည်ဆိုင်ရာ သုတေသီ တဦး ဖြစ်တဲ့ Sidharth Kaushal ကတော့ ရေတပ်ချင်း ရင်ဆိုင်မှုတွေနဲ့ ပတ်သက်ရင် တရုတ်ဟာလည်း စစ်ဖြစ်လာလောက်တဲ့ အခြေအနေမျိုး ရောက်လောက်အောင်တော့ မလုပ်ပါဘူးလို့ ဆိုပါတယ်။

HMS Queen Elizabeth လေယာဥ်သင်္ဘော နဲ့ အရံရေတပ် သင်္ဘော တွေကို အရှေ့အာရှကို စေလွှတ်တာကတော့ ဗြိတိသျှ အစိုးရက ကမ္ဘာ့လုံခြုံရေးရာ ကဏ္ဍမှာ ပိုမို အရေးပါတဲ့ နေရာကပါဝင် ဆောင်ရွက်ဖို့ ရည်ရွယ်ထားတဲ့ အတွက်ဖြစ်ပါတယ်။
ဗြိတိသျှ တွေလိုပဲ ပြင်သစ်နဲ့ တခြား ဥရောပ နိုင်ငံတွေကလည်း တောင်တရုတ်ပင်လယ် အတွင်း တရုတ်ရဲ့ စစ်ရေး တည်ဆောက်မှုနဲ့ စီးပွားရေး အင်အား တားမရအောင် ကြီးမားလာနေတဲ့ အပေါ်မှာ အာရုံစိုက်လာနေကြပြီ ဖြစ်ပါတယ်။
တရုတ်ဟာ မကြာသေးခင်က စပြီး သူတို့ရဲ့ တိုက်ချင်းပစ် နျူကလီးယား လက်နက်တွေကို အဆင့်မြှင့်တင်လာတာ တွေ့ရပါတယ်။ လူသူ အရောက်အပေါက်နည်းတဲ့ ရှင်ကျန်း ဒေသတွင်းမှာ ဒုံးကျည် ပစ်စင်အသစ်တွေ တည်ဆောက်တာမျိုးတွေ လုပ်လာခဲ့ပါတယ်။ နောက်ပြီး Hypersonic Glide Vehicles လို့ခေါ်တဲ့ အသံထက် ၈ ဆ အမြန်အထိ သွားနိုင်မယ့် အလျင်အဟုန်မြင့် လေယာဥ်တင် သင်္ဘောဖျက် ဒုံးကျည်တွေ တီထွင်နိုင်ဖို့လည်း ကြိုးစားနေကြပါတယ်။
BBC
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။