ရုရှနှင့် သဘောတူညီချက်ကို ဖျက်သိမ်းပြီးနောက် ဖိလစ်ပိုင်က အမေရိကန်ထုတ် ရဟတ်ယာဉ်များ ဝယ်ယူရန် ဆွေးနွေး….

News World

ဖိလစ်ပိုင်အစိုးရသည် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ရန် ရုရှနှင့် ဒေါ်လာ ၂၂၇ ဒသမ ၃၅ သန်း (ပီဆို ၁၂ ဒသမ ရ ဘီလီယံ) တန်ကြေးရှိ ရဟတ်ယာဉ်သဘောတူညီချက်တစ်ရပ်ကို ဖျက်သိမ်းပြီးနောက် ယခုအခါ အမေရိကန်ထံမှ Chinook ရဟတ်ယာဉ်များကို ဝယ်ယူရန် ရည်မှန်းလုပ်ဆောင်လျက် ရှိကြောင်း အမေရိကန်ဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးက ဩဂုတ် ၁၅ ရက်တွင် ပြောကြားလိုက်ပါတယ်။

သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး၏ ခြောက်နှစ်သက်တမ်း မကုန်ဆုံးခင် ရက်များအလို ပြီးခဲ့သည့် ဇွန်လက ဖိလစ်ပိုင်အာဏာပိုင်တို့သည် ရုရှထံမှ Mi-17 စစ်ဖက်သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၁၆ စင်း ဝယ်ယူမည့် သဘောတူညီချက်တစ်ခုကို ဖျက်သိမ်းခဲ့ပြီး၊ အကြောင်းမှာ ယူကရိန်းအပေါ် ရုရှ၏ ကျူးကျော်မှုနှင့် ဆက်နွယ်သည့် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို စိုးရိမ်ခဲ့၍ ဖြစ်သည်။

“ဒီ သဘောတူညီချက် ဖျက်သိမ်းမှုကတော့ အဓိကအားဖြင့် ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဆီက နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံပေါ်ပေါက်လာဖွယ် ရှိနေတဲ့အချိန်မှာ အဲဒီ စာချုပ်ကို ဆက်သွားဖို့ဆိုတာက ကျွန်တော်တို့ရဲ့ အကျိုးစီးပွားထဲမှာ ရှိမနေပါဘူး” ဟု ဖိလစ်ပိုင်သံအမတ်ကြီး ဟိုဆေး မန်နျူရယ် ရိုမျူရယ်ဒက်ဇ်က ဂျာနယ်လစ်များကို ပြောသည်။

ရုရှက ၎င်းတို့အနေဖြင့် ယူကရိန်းတွင် “အထူး စစ်ဖက် စစ်ဆင်ရေးတစ်ခု” ကို လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ပြောသည်။
Chinook ရဟတ်ယာဉ်များကိုသာ ဝယ်ယူပြီးပါက အရှေ့တောင်အာရှနိုင်ငံ ဖိလစ်ပိုင်တွင် စစ်သားများ ရွှေ့ပြောင်းပို့ဆောင်မှုနှင့် သဘာဝဘေးဒုက္ခဆိုး ကြိုတင်ကာကွယ်ပြင်ဆင်မှုပိုင်းတွင် အသုံးပြုနေသည့် ရှိရင်းစွဲ ပို့ဆောင်ရေးယာဉ်များ၏ နေရာတွင် အစားထိုးသွားနိုင်မည် ဖြစ်ကြောင်း ဖိလစ်ပိုင်သံအမတ်ကြီးက ပြောသည်။

ရုရှ ရဟတ်ယာဉ်များအတွက် ဖိလစ်ပိုင်တို့ ငွေသုံးစွဲရန် သတ်မှတ်ခဲ့သော ပမာဏဖြင့် သဘောတူညီချက်တစ်ရပ် ချုပ်ဆိုနိုင်ရန် အမေရိကန်က ဆန္ဒရှိနေကြောင်း ရိုမျူရယ်ဒက်ဇ်က ပြောသည်။ ဝါရှင်တန်နှင့်ချုပ်ဆိုမည့် သဘောတူညီချက်ထဲတွင် ပြုပြင်ထိန်းသိမ်းမှု၊ ဝန်ဆောင်မှုနှင့် စက်အပိုကိရိယာပစ္စည်းများ ပါဝင်ဖွယ်ရှိကြောင်း ၎င်းက ပြောသည်။

တစ်ချိန်တည်းမှာပင် ဖိလစ်ပိုင်သည် ရုရှ ရဟတ်ယာဉ်များအတွက် ကနဦးပေးငွေ ဒေါ်လာ ၃၈ သန်းကို ပြန်လည် ရယူနိုင်ရေး ရုရှနှင့် ဆွေးနွေးရန် လုပ်ဆောင်လျက် ရှိသည်။ ယခု ဖျက်သိမ်းလိုက်ပြီဖြစ်သည့် ရုရှနှင့် သဘောတူညီချက်အရ ရဟတ်ယာဉ်များ ပေးပို့မှုက သဘောတူညီချက် လက်မှတ်ထိုးပြီးနောက် ၂၄ လ အတွင်း သို့မဟုတ် လာမည့်နှစ် နိုဝင်ဘာလတွင် စတင်ပေးပို့ရန် သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်သည် ဗီယက်နမ်စစ်ပွဲ၌ အမေရိကန်တို့ သုံးခဲ့သည့် ရဟတ်ယာဉ်များနှင့် ဒုတိယကမ္ဘာစစ်က စစ်သင်္ဘောများ ပါဝင်နေသည့် ယင်း၏ ခေတ်ကုန်နေသည့် စစ်ဘက်ပစ္စည်းများကို ပီဆို ၃၀၀ ဘီလီယံ အကုန်အကျခံ အဆင့်မြှင့်တင်မည့် ငါးနှစ်စီမံကိန်းကို ဆောင်ရွက်နေပြီး ယခုနှစ် ၂၀၂၂ သည် စီမံကိန်း နောက်ဆုံးနှစ်ဖြစ်သည်။

စစ်ဖက် သဘောတူညီချက်များအပြင် သမ္မတသစ် ဖာဒီနန် မားကို့စ် ဂျူနီယာလက်ထက်၌ ဖိလစ်ပိုင်အနေဖြင့် ကုန်ထုတ်လုပ်မှု၊ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ နှင့် သန့်ရှင်းသော စွမ်းအင် နယ်ပယ်များ အပါအဝင် အမေရိကန်နှင့် စီးပွားရေး ဆက်ဆံဖလှယ်မှုကို တိုးမြှင့်ရန် ဆန္ဒရှိနေသည်ဟု ရိုမျူရယ်ဒက်ဇ်က ပြောသည်။
Crd..Moe Win Oo

Unicode









Crd..Moe Win Oo

Crd