၂၀၃၅ခုနှစ်တွင် ၂၅ခုမြောက် ကမ္ဘာ့စီးပွားရေးအင်အား ကြီးနိုင်ငံဖြစ်လာမည်ဟု ဘင်္ဂလားဒေ့ရှ်ဆို

News

ကူးစက်ရောဂါကပ်ကြောင့် တုန့်ဆိုင်းခဲ့ရသော်လည်း ဘင်္ဂလားဒေ့ရှ်က ဧရာမစီမံကိန်းကြီးများကို အရှိန်မြင့်တည်ဆောက်နေ။ ဒါကာမက်ထရိုရထားလမ်း၊ မြစ်ဖြတ်ရေအောက်ယာဉ်သွား ဥမင်၊ နျူကလီယာဓါတ်အားပေးစက်ရုံ စသည်တို့ဖြင့် ၂၀၃၅-ခုနှစ်တွင် ၂၅-ခုမြောက် ကမ္ဘာ့စီးပွားရေးအင်အား ကြီးနိုင်ငံဖြစ်လာမည်

၂၀၂၀ ခုနှစ် ကမ္ဘာကြီးသည် မကြုံစဖူး ကိုရိုနာဗိုင်းပ်စ်ကပ်ရောဂါအကြပ်အတည်းကြောင့် ဂျွမ်းထိုးမှောက်ခုံဖြစ်ခဲ့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌လည်း ဆုတ်ယုတ်မှုများ ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း မဟာခရီးရှည်လမ်းကြောင်းတွင် နှေးကွေးသော်လည်း နောက်ချန်နေခြင်း မရှိကြောင်း ဒါကာအခြေစိုက် bdneww24 ဒစ်ဂျစ်တယ် မီဒီယာက ယမန်နေ့ ဖော်ပြသည်။

ဗိုင်းရပ်စ်ပိုးဆက်လက်ပျံ့နှ့ံခြင်း မရှိစေရန် Lockdown တားးဆီးကန့်သတ်ခြင်းခြင်းများ ပြုလုပ်ခဲ့ရသည့်အတွက် ရှိတ်ဟာစီနာအစိုးရ၏ ပက်ဒမာတံတားစီမံကိန်း၊ ဒါကာမက်ထရိုရထားလမ်းနှင့် ကာနာပူလီရေအောက်ဥမင်တို့ကဲ့သို့ အဓိကကျသော အခြေခံစီးပွားရေး အဆောက်အအုံများတည်ဆောက်ရေး မီဂါပရောဂျက် များမှာ အရှိန်လျော့ကျခဲ့ရသည်။ နိုင်ငံခြားသားအလုပ်သမားများနှင့် အင်ဂျင်နီယာများမှာလည်း အိမ်ပြန်သွားခဲ့ကြရသည်။

သို့သော်လည်း နှစ်ကုန်ပိုင်းအရောက် ယခုအချိန်တွင် ဧရာမစီမံကိန်းအများစုမှာ အရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက်လျှက်ရှိနေသည်။ သန်းပေါင်းများစွာသော ဘင်္ဂလားဒေ့ရ်ှနိုင်ငံသားများအတွက် အိပ်မက်စီမံကိန်းတစ်ခုဖြစ်သည့် ပက်ဒမာတံတား၏ အသွင်သဏ္ဍာန်ကို ဒီဇင်ဘာလတွင် အပြည့်အဝမြင်တွေ့နိုင်ပြီဖြစ်သည်။

လွန်ခဲ့သည့် မတ်လတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားကြောင်း ပထမဆုံးအကြိမ် စတင်တွေ့ရှိခဲ့ရသော ဘင်္ဂလားဒေ့ရှ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ဆို့အရေးယူမှုများ ပြဋ္ဌာန်းခဲ့ရသည်။ စီမံကိန်းများမှာလည်း သတ်မှတ်ရက်အတိုင်း ပြီးမြောက်ရန်မှာ မသေမချာဖြစ်ခဲ့ရသည်။ ပိတ်ဆို့မှုများဖယ်ရှားသည်နှင့်တစ်ပြိုင်နက် အောက်တိုဘာလမှစတင်ကာ စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများကို တစ်ဟုန်ထိုး ပြန်လည်စတင်ခဲ့ရသည်။

ပက်ဒမာတံတား ဂင်္ဂါမြစ်၏ လက်တက်တစ်ခုဖြစ်သော ပက်ဒမာမြစ်အား ဖြတ်သန်း၍ ဒါကာမြို့တော်နှင့် တောင်ပိုင်းခရိုင် ၂၁-ခုတို့ကို ဆက်သွယ်ပေးမည့် မြစ်ကူးတံတားဖြစ်သည်။ အထပ် ၂-ထပ်ပါဝင်သော သံမဏိတံတားဖြစ်၍ အပေါ်ထပ်မှာ မော်တော်ယာဉ် ၄-စီးမောင်းနှင်နိုင်မည့် မော်တော်ကားလမ်းဖြစ်ပြီး အောက်ထပ်တွင် မီးရထားလမ်း ပါရှိသည်။ အကျယ် ပေ-၅၀၀ နှင့် ၃.၈ မိုင်ရှည်လျှားသော တံတားသည် ဘင်္ဂလားဒေ့ရှ့်၏ တံတားတည်ဆောက်မှုသမိုင်းတွင် စိန်ခေါ်မှုအများဆုံးအဖြစ် နာမည်တွင်ခဲ့သည်။ ပြီးစီးချိန်နှောင့်နှေးခဲ့ရသော တံတားသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ GDP ၏ ၁.၂ ရာနှုန်းကို ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်လင့်ထားသည်။ တရုတ် China Major Bridge Engineering Company က တာဝန်ယူ တည်ဆောက်လျှက်ရှိသည်။

ပက်ဒမာတံတားမီးရထားလမ်းစီမံကိန်း ပက်ဒမာတံတားနှင့်ဆက်သွယ်လျှက် ဒါကာမှ ဂျက်ဆိုးအထိ မီးရထားများခုတ်မောင်းရန် ပေ ၅၆၀-ကျော် အကျယ်ရှိမည့် ရထားလမ်းစီမံကိန်းဖြစ်သည်။ ဒီဇင်ဘာလတွင် ၃၁ ရာနှုန်းပြီးစီးနေပြီး လာမည့်နှစ် ဇွန်လတွင် စီမံကိန်းတစ်ခုလုံးပြီးစီးရန် မျှော်လင့်ထားသည်။

ရွတ်ပူးနျူကလီယာစွမ်းအင်သုံးဓါတ်အားပေးစက်ရုံ ဘင်္ဂလားဒေ့ရှ်၏ ကုန်ကျစရိတ်အကြီးမားဆုံး စီမံကိန်းဖြစ်သည်။ ယခုနှစ်ကုန်တွင် ၃၀ ရာနှုန်းပြီးစီးနေပြီး ကူးစက်ရောဂါဖြစ်ပွားနေသည့်ကြားမှ ဓါတ်ပေါင်းဖို ဖိအားပေးစက်နှင့် ရေနွေးငွေ့ဂျင်နရေတာများ ရောက်ရှိလာခြင်းကြောင့် စီမံကိန်းတည်ဆောက်မှု ၄-ဆလျှင်မြန်သွားခဲ့သည်။ ဓါတ်ပေါင်းဖို ယူနစ် ၂-ခုပါဝင်ပြီး ပထမဓါတ်ပေါင်းဖိုမှ လျှပ်စစ်ဓါတ်အား ၁၀,၀၀၀ မီဂါဝပ်ကို ၂၀၂၃-ခုနှစ်တွင် အမျိုးသားမဟာဓါတ်အားလိုင်းနှင့် ချိတ်ဆက်ပေးခြင်းဖြင့် စွမ်းအင်လိုအပ်မှုစစ်ပွဲ၌ ဘင်္ဂလားဒေ့ရှ်အား လက်ဦးမှု့ရရှိစေမည်ဖြစ်သည်။ စက်ရုံအစိတ်အပိုင်းများကို ရုရှားနိုင်ငံ အက်တမ်မက်ရှ်စက်ရုံမှ ထုတ်လုပ်ခြင်း ဖြစ်ပြီး AEM – နည်းပညာကုမ္ပဏီ ( ရိုစ်စတမ် စက်-တည်ဆောက်ရေးဌာနနှင့် JSC) ၏ လုပ်ငန်း တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ဘန်ဂါဘန်ဒုရေအောက်ယာဉ်သွားဥမင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်သာမက တောင်အာရှနိုင်ငံများတွင် ပထမဆုံးရေအောက် ဥမင်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အမျိုးသားဖခင်ကြီး ရှိတ်မူဂျီဘူရာမန်အား ဂုဏ်ပြုအမည်ပေးထားသည်။ အမ်နိုဝါရာမြို့နှင့် မြောက်ဖက်ရှိ စစ်တကောင်းမြို့တို့အား #ကာနာပူလီမြစ် ကိုဖြတ်သန်း၍ ရေအောက်ဥမင်ဖြင့် ချိတ်ဆက်ကာ နှစ်မြို့ပေါင်း_တစ်မြို့တော် အဖြစ် ဖန်တီးမည်ဖြစ်သည်။ ၃၃ ပေ ကျယ်၍ ၅.၈-မိုင်ခန့်ရှည်လျှားသည့် ဥမင်ကို တရုတ်ဆက်သွယ်-ဆောက်လုပ်ရေး ကုမ္ပဏီ (CCCC) က တည်ဆောက်လျှက်ရှိရာ ဒီဇင်ဘာလတွင် ၆၁ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်သည်။ ၂၀၂၂-ခုနှစ်တွင် ဖွင့်လှစ်ရန် မျှော်မှန်းထားသည်။

ဒါကာမက်ထရိုရထားလမ်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထူထောင်ခြင်း ရွှေရတုအထိန်းအမှတ်အဖြစ် အရှည် ၇-မိုင်ခန့် ရှိသောလမ်းပိုင်းကို ၂၀၂၁-ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် အပူတပြင်းတည်ဆောက်လျှက်ရှိသည်။ ၂၀၂၆-ခုနှစ်တွင် ပြီးစီးရန်ရည်မှန်းထားသည့် ( MRT ) မက်ထရိုမီးရထားလမ်း၏ အရှည် ၁၀-မိုင်ခန့်ကို မြေအောက်မှ ဖြတ်သန်းတည်ဆောက်ရန် စီမံကိန်းရေးဆွဲထားသည်။ ယခုတည်ဆောက်လျှက်ရှိသည်မှာ မိုးပျံလမ်းဖြစ်ပြီး အသံလုံ၍ တုန်ခါခြင်းမရှိ- သဘာဝပတ်ဝန်းကျင်နှင့် ဆီလျော်သည့် လျှပ်စစ်ရထားများအသုံးပြုကာ ပြေးဆွဲမည်ဖြစ်သည်။ Metro Rail-6 စီမံကိန်းတွင် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ချေး ငွေဖြင့် ၇၅ ရာနှုန်းအကူအညီဖြင့် တည်ဆောက်ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာ့ယာဉ်ကြောပိတ်ဆို့မှုအဆိုရွားဆုံးနိုင်ငံများတွင် အပါအဝင်ဖြစ်၍ ပြည်တွင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ၌ များစွာထိခိုက်ခဲ့ရသည်။ ၄င်းနိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ၉၀ ရာနှုန်းကို ကျောက်မီးသွေးမှ ထုတ်ယူနေပြီး ၂၀၂၀-ခုနှစ် သြဂုတ်လအထိ ကျောက်မီးသွေးစက်ရုံ ၂၉-ရုံရှိသည်။ ဘင်္ဂလားဒက်ရှ်တွင် နိုင်ငံ့လျှပ်စစ်လိုအပ်ချက်၏ ၉၄ ရာနှုန်းကို ဖြည့်ဆည်းပေးနိုင်ပြီဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်သည် ၂၀၃၅-ခုနှစ်အရောက် နိုင်ငံတကာစီးပွားရေးအင်အားတွင် အဆင့် ၂၅ သိူ့ ရောက်ရှိလာမည်ဖြစ်ကြောင်း ဒါကာအခြေစိုက် Daily Star က ယမန်နေ့ရေးသားသည်။

စနေနေ့တွင် ထုတ်ပြန်သည့် လန်ဒန်အခြေစိုက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သုတေသနစင်တာ CEBR ၏ နှစ်ပတ်လည် အစီရင်ခံစာအရ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၃၀၁ ဘီလီယံ ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံမျာ ၂၀၃၅-ခုနှစ်အရောက်တွင် ဒေါ်လာ ၈၅၅ ဘီလီယံအရွယ်အစားထိ တဟုန်ထိုးမြင့်တက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကမ္ဘာ့ ၁၉၃-နိုင်ငံတို့၏ တိုးတက်မှုအလားအလာများကို ခန့်မှန်းဖော်ပြထားသော CEBR ၏ အစီရင်ခံစာတွင် ကူးစက်ကပ်ရောဂါဖြစ်ပွားရသော်လည်း ဘင်္ဂလားဒေ့ရှ်သည် စီးပွားရေးကျုံ့ဝင်ခြင်းမှ လွတ်မြောက်နိုင်ကြောင်း ခန့်မှန်းထားသည်ဆို၏။

၂၀၂၀ တွင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန် (ဂျီဒီပီ) တိုးတက်မှုနှုန်းသည် ၃.၈ ရာခိုင်နှုန်းသို့ ကျဆင်းသွားလိမ့်မည်ဟု မှန်းဆရပြီး ၂၀၁၉ ခုနှစ်၏ ဂျီဒီပီတိုးတက်မှုနှုန်း ၈.၂ ရာခိုင်နှုန်းနှင့် CEBR က နှိုင်းယှဉ်ဖော်ပြထားသည်။

CEBR ၏ အစီရင်ခံစာတွင် ၂၀၂၀ ပြည့်နှစ်တွင် ကိုရိုနာဗိုင်းရပ်ရောဂါနှင့် ရင်ဆိုင်ခဲ့ရသော ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ ကပ်ရောဂါအလွန် စီးပွားရေးအင်အားအဆင့်တို့ကို ခန့်မှန်းထားရာ ၂၀၂၀ တွင် အဆင့် ၄၁ ရှိနေသော ဘင်္ဂလားဒေ့ရှ်သည် ၂၀၂၁-ခုနှစ်တွင်လည်း ၄၁၊ ( ၂၀၂၅-ခုနှစ် ) ၃၄၊ ( ၂၀၃၀-ခုနှစ် ) ၂၈ နှင့် ( ၂၀၃၅-ခုနှစ် ) အဆင့် ၂၅ ဖြစ်သည်။

(( CEBR ၏ အစီရင်ခံစာတွင် ၂၀၂၀ ပြည့်နှစ်၌ အဆင့် ၆၉ ရှိနေသော မြန်မာသည် ၂၀၂၁-ခုနှစ်တွင် ၇၀၊ ( ၂၀၂၅-ခုနှစ် ) ၆၇၊ ( ၂၀၃၀-ခုနှစ် ) ၆၄ နှင့် ( ၂၀၃၅-ခုနှစ် ) ၆၂ အသီးသီးဖြစ်ကြောင်း တွေ့ရှိရသည်။ ။သတင်းဘာသာပြန်သူ ))

((( bdnews24., 28 Dec 2020, “ 2020: Bangladesh moves full speed ahead with mega projects after pandemic setback.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာ ပြန်ဆိုသည်။ )))

Credit – HtayOung

Leave a Reply