ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း မပေါ်ခင်‌ခေတ် ကြံတော သင်းချိုင်းနှင့် နာရေးကား သမိုင်း

ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း မပေါ်ခင်‌ခေတ် ကြံတော သင်းချိုင်းနှင့် နာရေးကား သမိုင်း

ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း မပေါ်ခင်ခေတ် ရန်ကုန်မြို့က ကြံတော သင်းချိုင်းနှင့် နာရေးကား သမိုင်း..

အင်္ဂလိပ် ကိုလိုနီခေတ်ထဲက အသုံးပြုခဲ့တဲ့ ကြံတောသင်းချိုင်းဟာ ဧက ၅၀ ကျယ်ဝန်းပြီး မြန်မာနိုင်ငံ ကျက်သရေဆောင် ရန်ကုန်တက္ကသိုလ်နဲ့ မိုင်ဝက်ပဲဝေးတယ်။ ကြံတောသင်းချိုင်းမှာ ဗုဒ္ဓဘာသာ၊ခ ရစ်ယန်၊ ဟိန္ဒူ၊ မူဆလင်ဘာသာဝင်အသီးသီးအတွက် သင်းချိုင်းမြေနေရာများ သတ်မှတ်ပေးထားခဲ့တယ်။

ကြံတောသင်းချိုင်းမှာ ဟိန္ဒူသင်းချိုင်းမြေနေရာ ၄ ဧကရှိတယ်။ ခရစ်ယန်သင်းချိုင်းမြေက နာနတ်တောလမ်းဘက်ကျလို့ နာနတ်တော ခရစ်ယန်သင်းချိုင်းလို့ ခေါ်ခဲ့ကြတယ်။ ၁၉၉၁ မှာ ဗဟန်းအဝိုင်းနဲ့ တိရိစ္ဆန်ရုံအနားက ခရစ်ယန်သင်းချိုင်း (St.John Cantonment အင်္ဂလိပ်စစ်သင်းချိုင်း) နဲ့ ၁၉၉၄ မှာ တာမွေသင်းချိုင်းကို ကြံတောသင်းချိုင်းဆီ ရွှေ့ပြောင်းခဲ့ကြတယ်။

ကြံတောသင်းချိုင်း ၁၉၉၆ – ၉၇ မဖျက်သိမ်းခင်အထိ ရန်ကုန်မြို့မှာ အကြီးဆုံးသင်းချိုင်းဖြစ်တယ်။ ကြံတောသင်းချိုင်းမှာ မြှုပ်နှံထားတဲ့ ရုပ်ကြွင်းပိုင်ရှင်မိသားစုတွေကို ရန်ကုန်မြို့စွန် ရေဝေးသင်းချိုင်းနဲ့ ထိန်ပင်သင်းချိုင်းဆီ ရွှေ့ပြောင်းနိုင်ဖို့ မြို့တော်စည်ပင်က တလကြိုတင် နို့တစ်ပေးပြီး သင်းချိုင်းသစ်ဆီ ရွှေ့ပြောင်းခဲ့ကြတယ်။

၉ မိုင် တရုတ်သင်းချိုင်း ဖျက်သိမ်းတော့ ကျွန်တော်သူငယ်ချင်းတယောက် ၉ မိုင် တရုတ်သင်းချိုင်းမှာ မြှုပ်ထားတာ တလမပြည့်သေးတဲ့ သူ့အဖေအလောင်း ပြန်ဖေါ်ပြီး လှိုင်သာယာထိန်ပင်သုဿန်ကို ဟိုင်းလက်စ်အမိုးဖြုတ်ကားနဲ့သယ်ပြီး ပြန်မြှုပ်နှံဖူးတယ်။

ဘုရင့်နောင်တံတားမှာ ကားတန်းစီနေတုန်း ဟိုင်းလက်စ်နောက်မှာ သေချာပတ်ပြီး သယ်လာတဲ့ သူ့အဖေရုပ်အလောင်းကို ဘေးဘတ်စ်ကားပေါ်ကခရီးသည်တွေမြင်ပြီး ထိတ်လန့်တကြား ဝိုင်းအော်ကြတယ်လို့ အဲ့သူငယ်ချင်းက ပြောပြဖူးတယ်။သူနဲ့အတူပါလာတဲ့ မိန်းကလေးအုပ်စု ဘယ်သူမှ သူတို့အဖိုးအလောင်းနား မကပ်ရဲကြဖူးတဲ့။ ထိန်ပင်မှာ အလောင်းပြန်မြှုပ်တာ သစ်ပင်အကွယ်ခပ်လှမ်းလှမ်းကနေ ဝိုင်းကြည့်နေကြတယ်တဲ့။

ကြံတောသင်းချိုင်း မဖျက်ခင် သင်းချိုင်းနဲ့ မျက်နှာခြင်းဆိုင် ဟံသာဝတီလမ်းမပေါ်မှာ အခေါင်းအမျိုးမျိုးအရောင်းဆိုင်ရှိတယ်။ အသုဘနာရေးနဲ့သက်ဆိုင်တဲ့ ပစ္စည်းအရောင်းဆိုင်များ ရှိတယ်။ နာရေးယပ်တောင် အမျိုးမျိုးအော်ဒါလက်ခံတဲ့ဆိုင်များ ရှိခဲ့တယ်။

နာရေးကားအမျိုးမျိုးရှိပြီး “ဦးပန်ချာ” နဲ့ “ဦးဧမောင်” နာရေးကား အငှားလုပ်ငန်းက ရန်ကုန်တမြို့လုံး မသိသူ မရှိဘူး။ အင်္ဂလန် အမေရိကန်လုပ် ဇိမ်ခံကားကြီးပေါ်မှာ အလောင်းထည့်မှန်ခန်းကို ကျွန်းသစ်အကောင်းစားနဲ့တည်ဆောက်ထားပြီး မြန်မာ့ရိုးရာ ပန်းပွတ် ပန်းခက် ပန်းနွယ် အမျိုးမျိုးနဲ့ နာရေးအသုဘကားကို မွန်းမံပြင်ဆင်ထားကြတယ်။

နာရေးကား အကောင်းစား အများစုက အဲ့ဒီခေတ် သံရုံးလေလံကားများ ဖြစ်တယ်။ နာရေးကား အငှားပိုင်ရှင် “ဦးပန်ချာ” သားနဲ့ သူငယ်ချင်းများဟာ ညပိုင်းမှာ နာရေးကား အလောင်းထည့်မှန်ခန်းနဲ့ သစ်သားပန်းခက်ပန်းနွယ်များကိုဖြုတ်ချပြီး ဇိမ်ခံကား အကောင်းစားကြီးနဲ့ ညကလပ်များ သွားလည်လေ့ရှိတယ်လို့ ရန်ကုန်မြို့မှာ ကောလဟလ အတော်ပြန့်ခဲ့သေးတယ်။

၂၀၀၁ ခုနှစ် ဇန်နဝါရီလမှာ အခမဲ့နာရေးကူညီမှုအသင်းကြီးကို စာရေးဆရာ ဒါရိုက်တာဦးသုခ ဦးဆောင်ပြီး ဒေါ်သန်းမြင့်အောင် ရုပ်ရှင်မင်းသားကျော်သူ တို့လို လူသိထင်ရှား ပရဟိသမားများနဲ့ တည်ထောင်ဖွဲ့စည်းခဲ့တယ်။ လူမျိုးဘာသာမရွေး နာရေးကိစ္စကို အဖိုးအခတစုံတရာ ကုန်ကျစရာမလိုပဲ အသင်းကြီးမှ ကူညီဆောင်ရွက်ပေးနေတယ်။ အသင်းတည်ထောင်ပြီးချိန်မှ နာရေးနှစ်သိန်းကျော် ကူညီပေးခဲ့ပြီးဖြစ်တယ်။

၂၀၂၁ မတ်လမှစပြီး လူမှုဝန်ထမ်းဦးစီးဋ္ဌာနမှ အခမဲ့နာရေးကူညီမှုအသင်းကြီး၏ နာရေးကူညီမှုများကို ဆက်လက်တာဝန်ယူထားပါတယ်။

ကမ္ဘာမှာ အသုဘအခမ်းအနားကို လွန်ခဲ့တဲ့ နှစ်ပေါင်းငါးသောင်းခန့်က ပြုလုပ်ခဲ့ကြတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းတသောင်းခန့်က သင်းချိုင်းကို အစ္စရေးနိုင်ငံ Qafzeh ဒေသမှာ ရှာဖွေတွေ့ရှိခဲ့တယ်။ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ ကမ္ဘာ့ရှေးအကျဆုံး သင်းချိုင်းမြေကို နယ်သာလန်နိုင်ငံမှာ ရှာတွေ့ခဲ့တယ်။ သေဆုံးသူ အသက်ရှိစဉ် သုံးစွဲခဲ့တဲ့ ပစ္စည်းကရိယာများကို တိရိစ္ဆန်အရိုးနဲ့အတူ မြေမြှုပ်သင်္ဂြိုလ်ခဲ့တာပါ။

လွင်ဦး (ရန်ကင်း)


Post Views: 4

Crd