ဆိုလိုင်မာနီကိုလုပ်ကြံမှုအတွက်ထရမ့်လည်းအေးအေးချမ်းချမ်းနေရမှာမဟုတ်ဘူးလို့အီရန်သတိပေး

Militarily News

ဆိုလိုင်မာနီကို လုပ်ကြံမှုအတွက် ထရမ့်လည်း အေးအေးချမ်းချမ်း နေရမှာ မဟုတ်ဘူးလို့ အီရန် သတိပေး

အီရန်ရဲ့ ထိပ်တန်း ဗိုလ်ချုပ်တစ်ဦးကို လုပ်ကြံခဲ့မှုအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အပါအဝင် တာဝန်ရှိသူတွေ အားလုံး ဘယ်တော့မှ လုံခြုံဘေးကင်းပြီး နေထိုင်နိုင်တော့မှာ မဟုတ်ဘူးလို့ အီရန် တရားရေးဌာန အကြီးအကဲက သတိပေး ပြောကြားသွားခဲ့ပါတယ်။ ဗိုလ်ချူပ် ကာဆမ် ဆိုလိုင်မာနီ လုပ်ကြံခံရတဲ့ နှစ်ပတ်လည် ကာလမှာ အီဘရာဟင် ရိုင်ဆီက အခုလိုမျိုး သဘောထား တင်းတင်းမာမာနဲ့ မှတ်ချက် ပေးလာခဲ့တာပါ။

အီရန် တော်လှန်ရေး အစောင့်တပ်ရဲ့ ဗိုလ်ချုပ် ဆိုလိုင်မာနီဟာ ပြီးခဲ့တဲ့နှစ်၊ ဇန်နဝါရီလ ၃ ရက်က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်မှာ လုပ်ကြံ ခံခဲ့ရပါတယ်။ ဆိုလိုင်မာနီ လိုက်ပါလာတဲ့ ယာဉ်တန်းကို အမေရိကန် စစ်တပ်ရဲ့ ဒရုန်းတစ်စီးက ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ အဲဒီ ဖြစ်စဉ်မှာ ဆိုလိုင်မာနီအပြင် အီရတ်က ဒေသခံ လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင် တစ်ဦးပါ သေဆုံးသွားပါတယ်။ ထရမ့်က ဆိုလိုင်မာနီကို လုပ်ကြံဖို့ သူကိုယ်တိုင် တိုက်ရိုက် အမိန့်ပေး ညွှန်ကြားခဲ့ကြောင်း ကြေညာပါတယ်။

နောက်ဆက်တွဲ တင်းမာမှုတွေကြောင့် အီရန်နဲ့ အမေရိကန်တို့ စစ်ဖြစ်မယ့် အလားအလာတွေတောင် ပေါ်ပေါက်လာခဲ့ပါသေးတယ်။ ဆိုလိုင်မာနီအတွက် ရည်စူးတဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ ရိုင်ဆီက အမေရိကန် သမ္မတ ဖြစ်နေရင်တောင် တရားမျှတမှုရဲ့ စက်ကွင်းကနေ လွတ်မြောက်မသွားစေရဘူးလို့ ကြုံးဝါးခဲ့ပါတယ်။ ဆိုလိုင်မာနီကို လုပ်ကြံမှုမှာ တာဝန်ရှိသူ အားလုံးဟာ သူတို့ဘဝတလျှောက် ကမ္ဘာပေါ်မှာ ဘေးကင်းကင်း၊ လုံလုံခြုံခြုံ နေထိုင်သွားလို့ ရတော့မှာ မဟုတ်ကြောင်း သိထားရလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။ အပြစ်ရှိသူတွေဟာ ပြင်းပြင်းထန်ထန် လက်စားချေတာမျိုးကို သေချာပေါက် ကြုံမှာဖြစ်ကြောင်း၊ လုပ်ကြံမှုအပြီး အီရန်ဖက်က တုံ့ပြန်တာတွေဟာ အကိုင်းအဖျား အဆင့်သာ ရှိသေးကြောင်း တဟီရန် တက္ကသိုလ်ထဲက အခမ်းအနားမှာ ရိုင်ဆီက ပြောကြားသွားပါတယ်။

အီရန်ဟာ ဆိုလိုင်မာနီ လုပ်ကြံခံရပြီး မရှေးမနှောင်းမှာပဲ အီရတ် ပိုင်နက်ထဲက အမေရိကန် စစ်စခန်းတွေကို ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဖြစ်စဉ်မှာ အမေရိကန် စစ်သည်တွေ အသေအပျောက် မရှိခဲ့ပါဘူး။

ဇန်နဝါရီ ၂ ရက်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားကို အီရန် အစိုးရရဲ့ ထိပ်တန်း အရာရှိတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေအပြင် ဆီးရီးယား၊ အီရတ်၊ လက်ဘနွန်၊ ယီမင်နိုင်ငံတွေက အီရန်ရဲ့ မဟာမိတ် လက်နက်ကိုင် တပ်ဖွဲ့တွေဆီက သံတမန်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဇန်နဝါရီ ၃ ရက်ကျရင်တော့ ဆိုလိုင်မာနီရဲ့ ရုပ်အလောင်းကို မြှုပ်နှံခဲ့ရာ မွေးရပ်မြို့ ကာမန်မှာ သီးခြား အခမ်းအနားတစ်ခု ထပ်မံပြုလုပ်ဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

7DayNews

Leave a Reply