
“အမေရိန်ကန်လေပိုင်နက်မှာ တရုတ်ထောက်လှမ်းရေး လေပူဖောင်း (Spy Balloon) တွေ့ရှိဟုဆို”
၃/၂/၂၀၂၃
အမေရိကန်နိုင်ငံ မွန်တာနာပြည်နယ်ကောင်းကင်မှာ ပျံသန်းနေတဲ့ တရုတ်ထောက်လှမ်းရေး လေပူဖောင်းကို တွေ့ရှိထားကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဖေဖေါ်ဝါရီ ၂ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက အမေရိကန်ပိုင်နက်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ပစ်ချသင့် မသင့် ပင်တဂွန်စစ်ဌာနချုပ်မှာ ဆွေးနွေးခဲ့ကြတယ်ဆိုပါတယ်။ ဖိလစ်ပိုင်ကိုရောက်နေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့ ပင်တဂွန်စစ်ဌာနချုပ်က အဆင့်မြင့်အရာရှိတွေ ဆွေးနွေးတိုင်ပင်ပြီး ပစ်ချခဲ့ရင် မြေပြင်က လူနေအဆောက်အအုံတွေ ထိခိုက်မှာစိုးတဲ့အတွက် အချိန်ပြည့် ဆက်လက်စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။
အဆိုပါဆုံးဖြတ်ချက်ကို အိမ်ဖြူတော်ကိုလည်း အသိပေးရှင်းပြထားတယ်ဆိုပါတယ်။
အလက်စကာပြည်နယ် Aleutian ကျွန်းစုတွေကနေ ကနေဒါကိုဖြတ်ပြီး ပျံသန်းလာတာတဲ့ အဆိုပါ ထောက်လှမ်းရေး လေပူဖောင်း ဟာ အမေရိကန်ပိုင်နက်အပေါ်မှာ ရှိနေဆဲဖြစ်ပြီး လောလောဆယ် ဘယ်နေရာမှာရောက်နေတယ်ဆိုတာကိုတော့ ထုတ်ဖေါ်ပြောဆိုခြင်းမရှိပါဘူး။
ပုံမှန်လေယာဉ်ပျံသန်းရာအမြင့်ပေထက် မြင့်မားတဲ့ လေလမ်းကြောင်းကနေ ပျံသန်းနေတာမို့ လေယာဉ်ပျံသန်းမှုတွေအတွက် အန္တရာယ်မရှိသလို စစ်ဖက် အရပ်ဖက်လုံခြုံရေးအတွက်လည်း အန္တရာယ်မရှိနိုင်ဘူးလို့ ဆိုပါတယ်။
တရုတ်ထောက်လှမ်းရေးလေပူဖောင်းဟာ အမေရိကန်ရဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေထားရှိတဲ့ မွန်တာနာပြည်နယ်ကို အဓိက ပစ်မှတ်ထား ထောက်လှမ်းဖို့ဖြစ်နိုင်တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ဆိုပါတယ်။ လောလောဆယ်မှာ ပစ်မချသေးပေမဲ့ လိုအပ်လာရင်တော့ ပစ်ချမယ်ဆိုတာကို သက်ဆိုင်ရာနိုင်ငံတာဝန်ရှိသူတွေကို အသိပေးထားပြီးဖြစ်တယ်လို့လည်း ပင်တဂွန်တာဝန်ရှိသူတွေက ပြောထားပါတယ်။
တရုတ်အစိုးရ တရုတ်သံရုံးနဲ့ တရုတ်အစိုးရအာဘော်သတင်းတွေကတော့ တစ်စုံတရာထုတ်ဖေါ်ပြောဆိုတာ မတွေ့ရသေးပါဘူး။
#By BNN 02 February 2023
#BurmaNewsNetwork
Unicode
#By BNN 02 February 2023
#BurmaNewsNetwork
Crd
Crd