အီတလီနိုင်ငံတွင် လျှပ်စစ်ကား (charging) ချာဂျင်သွင်းခမှာ ဓါတ်ဆီထက် ပိုဈေးကြီးနေ

အီတလီနိုင်ငံတွင် လျှပ်စစ်ကား (charging) ချာဂျင်သွင်းခမှာ ဓါတ်ဆီထက် ပိုဈေးကြီးနေ

အီတလီ၌ လျှပ်စစ်ကား ချာဂျင်သွင်းခမှာ ဓာတ်ဆီထက် ပိုဈေးကြီးနေ။ လျှပ်စစ် ဓါတ်အားခ ဈေးနှုန်းများ မြင့်မားနေသည့်အတွက် EV ကားများ တွက်ခြေမကိုက် ဖြစ်ရ။ EV များကိုသုံးလျှင် ဓါတ်ဆီ ဒီဇယ်ထက် ၅၀-၇၀% ပိုမိုသက်သာနိုင်ကြောင်း တွက်ကိန်း လွဲချော်နေ..

လျှပ်စစ်ဓါတ်အားခ ဈေးနှုန်းများ မြင့်မားနေတဲ့အတွက် EV လို့ ခေါ်တဲ့ လျှပ်စစ်ကားတစ်စီးကို အီတလီနိုင်ငံမှာ ဓါတ်အားသွင်းမယ်ဆိုရင် လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကထက် ၁၆၁% ပိုမိုကုန်ကျလိမ့်မယ်လို့ စားသုံးသူရေးရာ အွန်လိုင်းဝဘ်ဆိုက် Facile.it က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖော်ပြခဲ့ပါတယ်။

စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် လျှပ်စစ်ကားတစ်စီးကို ချာဂျင်သွင်းရခြင်းဟာ အချို့ကိစ္စတွေမှာ သမားရိုးကျထက် ပိုမိုဈေးကြီးပါတယ်။ အိမ်မှာမဟုတ်ဘဲ အများသုံး အမြန်မှတ်တိုင်မှာ အားပြန်သွင်းမယ်ဆိုရင် ဈေးနှုန်းတွေက ဒီထက် ပိုမိုများပြားနေမှာဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အီတလီနိုင်ငံအတွင်း လျှပ်စစ်ကားတစ်စီးကို အားသွင်းမယ်ဆိုရင် ကုန်ကျစရိတ်ဟာ ယခင် ဓာတ်ဆီ သို့မဟုတ် ဒီဇယ်ဆီသုံး မော်တော်ယာဉ်များထက် ၅၀-၇၀% အထိ ပိုမိုသက်သာမှာဖြစ်ကြောင်း ကျွမ်းကျင်သူများက တွက်ချက်ထားပါတယ်။ ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ အဲ့ဒီကားများကို အားအပြည့်သွင်းဖို့ ဆိုတာ ဆီတိုင်ကီကို အပြည့်ဖြည့်ရတဲ့ နှုန်းထားထက် ပိုမိုကုန်ကျမှာဖြစ်ကြောင်း တွေ့ရှိနေရပါတယ်။

လက်တွေ့ လေ့လာမှုအရ ဥရောပသုံး မော်တော်ယာဉ်များအနက် အရွယ်အစား သေးငယ်တဲ့ B-segment မော်တော်ကားများမှာ ကီလိုမီတာ ၁,၀၀၀ အကွာအဝေးအတွက် ဓာတ်ဆီကား ပိုင်ရှင်အနေနဲ့ ၈၃ ယူရို (၈၃ ဒေါ်လာ)၊ ဒီဇယ်ကားတစ်စီးအတွက် ယူရို ၇၁ (ဒေါ်လာ ၇၁) ကုန်ကျမှာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

တစ်ချိန်တည်းမှာပဲ လျှပ်စစ်မော်တာကို အသုံးပြုမယ်ဆိုလျှင် တစ်နှစ်လုံးအတွက် ယူရို ၃၃ (၃၃ ဒေါ်လာ) သာ ရှိသော်လည်း တူညီတဲ့ အဲ့ဒီ အကွာအဝေးအတွင်း မောင်းနှင်ဖို့အတွက် ယူရို ၈၅ (ဒေါ်လာ ၈၅) ကုန်ကျဖို့ ရှိနေပါတယ်။

အီတလီ စွမ်းအင်၊ ကွန်ရက်များနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အာဏာပိုင်အဖွဲ့ (ARERA) ရဲ့ အဆိုအရ ၂၀၂၂-ခုနှစ် တတိယသုံးလပတ်မှာ တစ်ပေါင်းတည်း သတ်မှတ်ထားတဲ့ နိုင်ငံ့လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းဟာ ပထမသုံးလပတ်ထက် လေးဆနီးပါး မြင့်တက်လာကြောင်း သိရှိရပါတယ်။ ဒီအတွက် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အနေနဲ့ စွမ်းအင်ဈေးနှုန်းများ ပိုမိုဆက်လက်ကြီးထွားနေမှုကို ထိန်းထားနိုင်စေဖို့ နောက်ထပ်အစီအမံများကို လုပ်ဆောင်ခဲ့ပါတယ်။ အီတလီမိသားစုတစ်စုဟာ တစ်နှစ်လျှင် လျှပ်စစ်မီးအတွက် စုစုပေါင်း ပျမ်းမျှအားဖြင့် ယူရို ၁,၃၂၂ (ကန်ဒေါ်လာ ၁,၃၂၃) သုံးစွဲရမှာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက ပျမ်းမျှအသုံးစရိတ် ယူရို ၆၃၂ (ကန်ဒေါ်လာ ၆၃၃) နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

အီတလီနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားခနှုန်းထားတွေဟာ ပြီးခဲ့တဲ့လမှာ စံချိန်တင်မြင့်တက်ခဲ့ပြီး နှစ်စဉ်အခြေခံထက် ၁၃၆% ကျော်လွန်ခဲ့ကြောင်း အမျိုးသားစားသုံးသူများ ယူနီယံရဲ့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ အီတလီစွမ်းအင်ဆိုင်ရာ သုံးသပ်လေ့လာသူ နိုမစ်မာအင်နာဂျီယာကတော့ အီတလီနဲ့ အခြားဥရောပနိုင်ငံတွေရဲ့ လျှပ် စစ်ဓာတ်အားဈေးနှုန်းတွေဟာ မကြုံစဖူး နှစ်ဆနီးပါးတက်သွားတဲ့ အင်အားပြင်း ရိုက်ခတ်မှုကို မြင်တွေ့နေရကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထောက်ပြခဲ့ပါတယ်။

အင်ဂျီနာရဲ့ အဆိုအရ အီတလီတို့အနေနဲ့ အအေးဆုံးဆောင်းရာသီမှာ ခွဲတမ်းနဲ့ အသုံးပြုရဖို့အထိ ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း၊ အိမ်ထောင်စုများမှာ ထင်းနဲ့ လောင်စာလုံးများ တို့လို အပူပေးနည်းများကိုလည်း အသုံးပြုကြဖို့ အစိုးရက တိုက်တွန်းထားပေမဲ့ အဲ့ဒီပစ္စည်းတွေရဲ့ ဈေးနှုန်းများကလည်း တရိပ်ရိပ် မြင့်တက်လာနေတယ်လို့ သုံးသပ်ထားပါတယ်။

ယခုနောက်ပိုင်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် လျှပ်စစ်ကားများ အသုံးပြုရေးကို အပူတပြင်း ကြိုးစားနေကြရာ အရည်အသွေးမြင့်မားပြီး ဈေးနှုန်းသင့်တင့်သော EV မော်တော်ယာဉ်ထုတ်လုပ်သူတို့မှာ နေ့ချင်း ညချင်း သန်းချီ ငွေထုပ်ပိုက်နေကြောင်း တွေ့ရပါသည်။

ထိုသို့ လျှပ်စစ်ကား အသုံးပြုခြင်းမှာ ရေနံစက်သုံးဆီ ဈေးနှုန်း မြင့်တက်လာခြင်းကို ရှောင်လွှဲရန် ရည်ရွယ်ချက် တစ်ခုတည်း မဟုတ်ပါ။ စက်စွမ်းရည် ရယူရာ၌ ရေနံကဲ့သို့ ရုပ်ကြွင်းပစ္စည်းများကို လောင်ကြွမ်းစေခြင်းဖြင့် ကမ္ဘာကြီး ပူနွေးလာစေသည့် ဖန်လုံအိမ်ဓါတ်ငွေ့များ ထွက်ပေါ်နေရခြင်းကို အတတ်နိုင်ဆုံး တားဆီးလို၍ ဖြစ်ပါသည်။

ကျွန်တော်တို့ နေထိုင်ရာကမ္ဘာကြီး၏ လေထုမှာ တစ်နေ့ခြား ပိုမိုညစ်ညမ်းလာနေပြီး ထိုအတွက် ကမ္ဘာ့ရာသီဥတု ပြောင်းလဲသဖြင့် မုတ်သုန်လေ ဝင်ထွက် မမှန်ခြင်း၊ သဘာဝလွန် မုန်တိုင်းများ တိုက်ခတ်ခြင်း၊ ကမ္ဘာ့ တစ်နေရာတွင် ရေကြီးရေလျှံ၍ အခြားတစ်နေရာတွင် ဆိုးရွားစွာ မိုးခေါင်ခြင်းတို့ကို ဖန်တီးလျှက်ရှိနေသည်။

ထိုအတွက် လူတို့အတွက် မရှိ မဖြစ် အရေးပါသော မော်တော်ယာဉ်များ၌ လျှပ်စစ်ကားများဖြင့် အစားထိုးရန် စီစဉ်နေကြပါသည်။ သို့ရာတွင် ၎င်းလျှပ်စစ်ကားများအား ဓါတ်အားသွင်းရေးအတွက် စွမ်းအင်တစ်ခုခု လိုအပ်မည်ဖြစ်ကြောင်း၊ နေရောင်ခြည်၊ လေအားတို့မှ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်ယူနိုင်သော်လည်း နေရာကျယ်ကျယ်ဝန်းဝန်းပေးရသလောက် စွမ်းအင်ရရှိမှုနည်းပါးသည့် အခက်အခဲများ ရှိနေဆဲဖြစ်ပါသည်။

လူ့အဖွဲ့အစည်းကြီးတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုကို တွက်ချက်ရာတွင် လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်မှုကို အခြေခံနေကြဆဲဖြစ်ပါသည်။ လျှပ်စစ်ကားများကို မဖြစ်မနေ အသုံးပြုရမည်ဖြစ်သော်လည်း အဆိုပါကားများကို ချာဂျင်သွင်းရန် လျှပ်စစ်ဓါတ်အားမှာ လိုမြဲ လိုအပ်နေမည်ဖြစ်ပြီး လျှပ်စစ်တစ်ယူနစ်၏ ဈေးနှုန်းမှာလည်း အများလက်လှမ်းမီသည့် အနေအထားရောက်မှသာ လျှပ်စစ်ကားဆိုသည်မှာ အဓိပ္ပါယ်ရှိလိမ့်မည်ဖြစ်ကြောင်း ယခုသတင်းက မီးမောင်း ထိုးပြလျှက်ရှိနေပါသည်။

(Htay Oung)


Post Views: 1

Crd