အိမ်မွေးခွေးပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ ထူးဆန်းတဲ့ တံတားတစ်ခု

News Social News

အိမ်မွေးခွေးပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ ထူးဆန်းတဲ့ တံတားတစ်ခု

စကော့တလန်နိုင်ငံ၊ Glasgow ရဲ့ အနောက်မြောက်ဘက်ရှိ Dumbarton မှ နေထိုင်သူများဟာ ဒီ ပေ ၅၀ ရှည်လျားသော တံတားကို “ခွေးသတ်တံတား” လို့ ခေါ်ဆိုကြပါတယ်။

အကြောင်းရင်းကတော့ ဒီတံတားကိုရောက်ရင် ခွေးတွေက အောက်ကို ခုန်ခုန်ချပြီး သေဆုံးကြလေ့ရှိလို့ပါပဲ။

ဒီတံတားဟာ အယူသီးမှုများ ပြည့်နှက်နေတဲ့ နယ်မြေတစ်ခု၊ ဒဏ္ဍာရီလာ နတတ်ဆိုးပုံပြင်များ လွှမ်းခြုံနေတဲ့ နယ်မြေတစ်ခုရဲ့ အလယ်ဗဟိုမှာ တည်ရှိနေပါတယ်။ ဒါဆိုရင် ဒီတံတားကိုရောက်ရင် ခွေးတွေက ဘာလို့ ခုန်ချကြရတာလဲ။

ဒေသခံတွေရဲ့ ထွက်ဆိုချက်အရ တံတားပေါ်မှ ခုန်ချခဲ့တဲ့ ခွေး အရေအတွက်ပေါင်း ၃၀၀ ကျော် ရှိမယ်လို့ ခန့်မှန်ထားကြပြီး ထပ်တိုး အစီရင်ခံချက်များအရ ၆၀၀ ခန့် ရှိနေတယ်လို့ ဆိုကြပါတယ်။ အဲ့ဒီအထဲကမှ အနည်းဆုံး ခွေး ၅၀ လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းရင်းကို ရှာဖွေကြရာဝယ် တိကျတဲ့ အဖြေမျိုးကို ယနေ့ချိန်ထိ ရှာဖွေနိုင်ခဲ့ခြင်း မရှိသေးပေမဲ့ အချို့က တော့ မြေပြင်အနေအထားနဲ့ ခွေးများကို ရူးသွပ်သွားစေနိုင်တဲ့ ချောက်အတွင်းမှ နို့တိုက်သတ္တဝါမျာရဲ့ ရနံ့များကြောင့် အခုလို ခုန်ချနေကြတာဖြစ်တယ်လို့ ဆိုကြပါတယ်။

Glasgow မှာရှိတဲ့ ဘာသာရေးနဲ့ ဒဿနိကဗေဒ ဆရာ Paul Owens ဟာ တံတားနဲ့နီးတဲ့ မြို့လေးမှာ ကြီးပြင်းခဲ့ပြီး မကြာသေးခင်ကမှ လျှို့ဝှက်ဆန်းကြယ်တဲ့ စာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့ပါတယ်။

ခုန်ချနေသောခွေးများအတွက် ရှင်းလင်းချက်တစ်ခုကို ခိုင်ခိုင်မာမာ ထုတ်ပြန်ခဲ့သူလည်းဖြစ်တယ်။ သူရဲ့ ဒီလိုမျိုးဖြစ်ရပ်တွေဟာ သဘာဝလွန်ဖြစ်ရပ်တွေ အခိုင်အမာ ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ အတွေးအခေါ်ဟာ အယူးသီးကြတဲ့ ဒေသခံတွေအတွက် အလျင်အမြန်ပဲ လက်ခံရလွယ်ကူတဲ့ ယူဆချက်ဖြစ်သွားခဲ့တာပါ။

၂၀၁၀ ခုနှစ်မှာတော့ တိရိစ္ဆာန်ပညာရှင် David Sands ဟာ အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးခဲ့ပြီး တိရစ္ဆာန်များဟာ မိမိကိုယ်ကို တမင်သတ်သေခြင်းမဟုတ်ကြောင်း အခိုင်အမာ ငြင်းဆိုခဲ့ပါတယ်။

တံတားရှိ ၎င်းရဲ့စမ်းသပ်မှုမှာ ခွေးများ အထူးသဖြင့် နှာခေါင်းရှည်ခွေးမျိုးတွေဟာ တံတားအောက်မှာရှိတဲ့ နို့တိုက်သတ္တဝါများရဲ့ ရနံ့များဆီသို့ ဆွဲဆောင်ခံရတယ်လို့ တွေ့ရှိခဲ့ပါတယ်။

ခွေးတွေရဲ့ အမြင်အာရုံဟာ အကန့်အသတ်ရှိတာမလို့ လမ်းမြေပြင်ကနေ နက်နဲတဲ့ ချောက်ကိုဖြတ်တဲ့ တံတားတစ်ခုဆီ ရောက်ရှိသွားတာနဲ့ သူတို့ရဲ့ ရှုထောင့်အရ ခွေးတွေကို ခုန်ချဖို့ ဆွဲဆောင်နိုင်တယ်လို့ ဒေါက်တာ Sands က သူ့ရဲ့ သီအိုရီကို ပြောသွားခဲ့ပါတော့တယ်။

ဒါပေမဲ့လည်း တံတားဟာ “ထူးဆန်းနေတယ်” လို့ သူကိုယ်တိုင်ပင် အသိအမှတ်ပြုခဲ့သလို ဒေသခံအချို့ကလည်း သူ့ရဲ့သီအိုရီကို ဖြစ်နိုင်ချေရှိတယ်လို့ ထင်မြင်ခဲ့ကြသော်ငြားလည်း ဤနေရာတွင် ဘာကြောင့် ဒီလောက် ခွေးအရေအတွက် အများအပြားက ခုန်ချသွားရတာလဲ ဆိုတာကတော့ နားမလည်နိုင်သော အနေအထားတွင် ရှိနေပါသေးတယ်။

နို့တိုက်သတ္တဝါများ ကျင်လည်ကျက်စားရာ ဗြိတိန်ရှိ အခြားတံတားများမှာတော့ ဘာကြောင့် အခုလိုဖြစ်စဉ်မျိုး မဖြစ်ပေါ်ရတာလဲလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။

နာမည်ဆိုးဖြင့် ကျော်ကြားနေပေမဲ့လည်း Overtoun တံတားဟာ ယနေ့ထက်ထိတိုင် လူကြိုက်များတဲ့ ခွေးလမ်းလျှောက်ဧရိယာအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်သလို ခွေးတွေရဲ့ ခုန်ချမှုတွေဟာလည်း ဖြစ်ပေါ်လို့နေဆဲပါပဲ။

“မယုံဘူး၊ ကြုံဖူးမှသိ” ဆိုသလိုပဲ လူတော်တော်များများကတော့ ဒီဇာတ်လမ်းကို သူတို့ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မကြုံတွေ့ရမချင်း မယုံကြည်ကြပါဘူး။

ကြုံတွေ့လိုက်တဲ့ အခါတွေမှာလည်း သူတို့ရဲ့ အချစ်ရဆုံး ခွေးလေးတွေကို မျက်စိရှေ့မှာပဲ ဆုံးရှုံးလိုက်ရတာကြောင့် အရုပ်ကြိုးပြတ် ခံစားရင်း ကျန်ရစ်ခဲ့ကြရပါတော့တယ်။

Knight News Team

Crd