“အမြင်မတော် ဆင်တော်နဲ့ ခလောက်” ဆိုသည့် စကားပုံလို ဖြစ်နေတဲ့ လျှပ်စစ်ကားများ

“အမြင်မတော် ဆင်တော်နဲ့ ခလောက်” ဆိုသည့် စကားပုံလို ဖြစ်နေတဲ့ လျှပ်စစ်ကားများ

သြော်.. တိုက်ဆိုင်လိုက်တာနော်.. လိုင်းပေါ်မှာ.. အမှတ်တမဲ့တွေ့လိုက်တဲ့ လျှပ်စစ်မော်တော်ကားပုံလေးတွေ တွေ့မိတော့ ဟိုးးး တစ်ချိန်တုန်းက ကျနော် ကချင်ပြည်နယ်ဘက် ကုန်ကားနဲ့သွားလာနေတဲ့အချိန်.. ရွှေဘို မြစ်ကြီးနားလမ်းမကြီးပေါ်က ရေချောင်း သဲချောင်းတွေအများအပြားဖြတ်သွားရင်း.. ချောင်းတစ်ချောင်းရဲ့ဘေးကရွာမှာ ထမင်းစားနားရင်း စနောက်ခဲ့တာလေးသွားပြီး သတိရမိတယ်..

အဲ့တုန်းက ရေချောင်းတွေဆိုတာ မိုးရာသီမှာ ရေများပြီး.. နွေရာသီဆို ရေသိပ်မများဘဲ…ကားတွေလဲ ရေစပ်စပ်ချောင်းထဲက ဖြတ်သွားနေကြရတာပါ.. နားနေကြထမင်းဆိုင်ကလဲ ချောင်းဘေးမှာဆိုတော့.. ကားနား လူနား ထမင်းစားရင်း ချောင်းထဲရေချိုး ပေါ့ဗျာ..

တစ်ခါတော့ ချောင်းထဲလမ်းလျှောက်ရင်း ချောင်းတစ်နေရာမှာ.. ရေကာတာ အသေးလေးလုပ်ပြီး ရေစီးကြောင်းဖောက် ရေအားနဲ့လည်နိုင်တဲ့ ရေယက်ပြားတွေတပ်ထားတဲ့ ဒလက်ဘီးကြီးဆင်လို့ ပတ်တားကြိုးတွေဆိုင်း ဒိုင်နမိုကြီးထိုင်ပြီး တစ်ပိုင်တစ်နိုင်ရေအားလျှပ်စစ်ထုတ်သုံး နေတဲ့နေရာရောက်သွားတယ်ဗျ..

အဲ့မှာယောက်ကျားကြီးသုံးလေးယောက် ဘာတွေပြင်နေတယ်မသိပါဘူး.. အလုပ်တွေရှုပ်နေကြတာ.. ကားနားနေကျဆိုင်က ဆိုင်ပိုင်ရှင်ဦးလေးကြီးလဲအဲ့မှာ.. လုပ်အား ပေးနေတာတွေ့ရတယ်လေ.. ကျနော်လဲစပ်စုရင်း ဒါကြီးက လျှပ်စစ်ထွက်အားကောင်းလား သုံးရတာအဆင်ပြေလားဆိုတော့.. ဦးလေးကြီး တစ်ယောက်က.. ဟိုရက်ပိုင်းတွေက အဆင်ပြေပါတယ်ကွာ ခုရက်ပိုင်းတွေ ရေကနည်းသည်ထက် နည်းလာပြီး ပိတ်တန်းလဲ ခဏဆဏပြင်နေရ.. မီးအားတွေလဲကျလို့.. အဆင်မပြေလှတော့ပါဘူး မောင်ရေတဲ့..

အစအနောက်သန်တဲ့ကျနော်လဲ.. ခပ်တည်တည်ပဲ.. ဦးကြီးရယ်.. ဘာခက်တာမှတ်လို့.. ဒီဒလက်ဘီးကြီဲးကို ပတ်တားကြိုးတစ်ချောင်း အသစ်ဆွဲ.. ဒီနေရာမှာ အကောင်အစိတ် တရုတ်တစ်လုံးထိုး အင်ဂျင်တစ်လုံးဝယ်ထိုင်ပြီး.. ဒလက်ဘီးကို လည်ကူပေးလိုက်ပေါ့လို့ အကြံပေးလိုက်တယ်လေ.. ဦးလေးကြီးလဲ ရုတ်တရက်ဆိုတော့.. အေးမဆိုးဘူးဟဆိုပြီး သူ့လူတွေနားလျှောက်သွားတုန်း.. ကျနော်လဲ ခပ်သွက်သွက်ဘဲ ဆိုင်ဆီပြန်ခဲ့တာပေါ့..

ခဏနေဆိုင်မှာ ထမင်းစားနေတုန်း ဦးလေးကြီးပြန်ရောက်လာတော့ ကျနော့ကိုကြည့်ပြီး.. အတော်နောက်တဲ့ ကားဆရာဗျာတဲ့.. ကျုပ်တို့ကပြီးမှ စဥ်းစားမိတာ.. ဆီမကုန်ချင်လို့ ရေအားကိုသုံးပါတယ်ဆို.. ရေအားသုံး လည်ရမဲ့ဒလက်ကို ဆီသုံးတဲ့စက်နဲ့ ကူလည်ပေးရမယ်လို့ကွယ်.. အဲ့လိုလုပ်မဲ့အစား မီးစက်ကြီးဝယ်.. ရွာထဲတင် မိုးလုံလေလုံအထိုင်ချပြီး မောင်းတော့မှာပေါ့ဆိုပြီး.. ဟက်ဟက်ပက်ပက် ရယ်နေတော့တာပေါ့..

ခုလဲပုံထဲကကားကို ကြည့်လိုက်ပါဦး.. ဆီမသုံးရအောင်လို့ လျှပ်စစ်ကားဝယ်သုံးပါတယ်ဆို.. နောက်မှာ မီးစက်ကြီးနဲ့ ဆီပုံးတင်ထားသေးတယ်ဆိုတော့.. အတည်လား နောက်တာလားတော့မသိပါဘူး.. ကျနော်နောက်သလို စိတ်ကူးမျိုးတော့ အကောင်အထည်ဖော်ထားလေရဲ့ဗျာ.. အသုံးတည့်လို့.. လိုအပ်လို့ထည့်ထားတင်ထားတာမှန်ပေမဲ့ အမြင်မတော် ဆင်တော်နဲ့ခလောက် ဆိုတဲ့ စကားပုံကလဲရှိတယ်မဟုတ်လား မြို့ကြီးသားတို့ရေ..

(“အမြင်မတော် ဆင်တော်နဲ့ခလောက်” – ဘုရင်စီးသည့် ဆင်တော်အား ခိုင်းကျွဲ နွားကျွဲ ဆွဲသည့် ခလောက် ဆွဲပေး၍ အမြင်မတော် ဖြစ်ရသကဲ့သို့ အရာဌာနနှင့် လိုက်လျောညီစွာ မသုံးဆောင်သဖြင့် အမြင်မတော် ဖြစ်ရသည်။)

ဒါကတော့ တာဇံတစ်ယောက်ရဲ့ ပလိန်းအမြင်သက်သက်သာဖြစ်ပါကြောင်း (Yan Nyein)

Crd