အမေရိကန် CIA က လေ့ကျင့်ပျိုးထောင် ပေးလိုက်သည့် တချိန်က မြန်မာ ထောက်လှမ်းရေး အရာရှိများ

အမေရိကန် CIA က လေ့ကျင့်ပျိုးထောင် ပေးလိုက်သည့် တချိန်က မြန်မာ ထောက်လှမ်းရေး အရာရှိများ

ကန္ဒီစာချုပ်အရ တပ်မတော် ပြန်လည် ဖွဲ့စည်းသောအခါ ဗြိတိသျှ စစ်ဘက်မှ တာ၀န်ယူ လေ့ကျင့် ဖွဲ့စည်းပေးသဖြင့် ဗြိတိသျှ တပ်မတော်၏ ပုံစံနှင့် စနစ်ကို မြန်မာက ရခဲ့ပြီး ဖြစ်သည်။ သို့သော် ကမ္ဘာတွင် ရှေ့တန်း ရောက်နေသော အမေရိကန် တပ်မတော်ကို လေ့လာလိုသည်ဟု အကြောင်းပြပြီး အမေရိကန် စစ်ဘက်နှင့် စီစဉ်ကာ အမေရိကန် တပ်မတော် လေ့လာရေး စစ်ဘက် မစ်ရှင်ကို ဗိုလ်မှူးချုပ် မောင်မောင် ခေါင်းဆောင်၍ အမေရိကန်သို့ သွားရောက်ခဲ့ပါသည်။

ဗိုလ်မှူးချုပ် မောင်မောင် အား အမေရိကန် စစ်ဘက်မှ VIP သတ်မှတ်ပြီး ဂုဏ်ပြု တပ်ဖွဲ့နှင့် အလေးပြုသည်အထိ ခမ်းခမ်းနားနား ကြိုဆိုကာ အမေရိကန် စစ်ဘက် ဆိုင်ရာများကို အနှံ့ လိုက်ပြပါသည်။ အမေရိကန် အနောက်ဘက်ကမ်းမှ အရှေ့ဘက်စွန်းအထိ ကားနှင့် လိုက်ပို့ပေးပါသေးသည်။

ဗိုလ်မှူးချုပ်မောင်မောင် ပြန်လာ ပြီးနောက် အမေရိကန်တွင် သင်တန်း တက်ရောက်လိုသော ကျောင်းများ၊ တပ်များကို အမေရိကန် စစ်ဘက်သို့ တောင်းဆိုရာ ခွင့်ပြုချက် ရသဖြင့် မြန်မာ့ တပ်မတော်မှ အရာရှိ တော်တော်များများ သင်တန်း တက်စေသည်။ မဟာမိတ်နိုင်ငံ မဟုတ်လျှင် မရနိုင်သော အထက်တန်း အရာရှိများအတွက် Command and General Staff အဆင့်မြင့် တက္ကသိုလ်၊ နာမည်ကြီး West Point စစ် တက္ကသိုလ်နှင့် ကွန်မင်ဒို လေ့ကျင့်ရေးကျောင်းများ တွင် တက်ခွင့်ရခဲ့သည်။

နောက်တစ်ဆင့်တက်၍ ဦးစီးချုပ်၏ သဘောတူ ခွင့်ပြုချက်ရသဖြင့် သက်ရှိ ထင်ရှား လူသိများနေသော MIS ကို ယခုအတိုင်း ရှေ့တန်းထား၍ လူများ မသိနိုင်သော လျှို့ဝှက် ထောက်လှမ်းရေး ဖွဲ့ရန် ကြိုးပမ်းသည်။

အမေရိကန်နှင့် တိုင်ပင်၍ ဂျပန်နိုင်ငံ အိုကီနာဝါ ကျွန်းတွင် အမေရိကန် အစိုးရက အထူး ဖွင့်လှစ်ထားသော စီအိုင်အေ လျှို့ဝှက်သင်တန်းကျောင်းသို့ တက်ရောက်ရန် ဒုတိယ ဗိုလ်မှူးကြီး တင်ဦး (မျက်မှန်ကြီး)၊ ဗိုလ်မှူး သိန်းရွှေ (ချာလီ)၊ ဗိုလ်မှူး တင်မောင်ထွန်း၊ ဗိုလ်မှူးတင်ထွန်း (မီးရထား) တို့ ပါ၀င်သော ပထမ အသုတ်ကို စေလွှတ်ခဲ့သည်။

၎င်းတို့ ပြန်လာသောအခါ ဒုတိယ ဗိုလ်မှူးကြီး မြင့်ဆွေ (ရှမ်းကြီး) အား ဦးဆောင်စေ၍ စစ်ဘက် သုတေသန အဖွဲ့ ဖွဲ့ပေးပြီး သူ့လက်အောက်တွင် အိုကီနာပြန် အများအပြား ပို့ထားသည်။ ၁၉၅၉ – ၁၉၆၀ ပြည့်နှစ်လောက် က ဖြစ်ပါသည်။

ဒုတိယအပါတ် စီအိုင်အေ အထူးသင်တန်းကိုမူ ရန်ကုန်တွင်ဖွင့်၍ ဗိုလ်မှူး တင်အောင်ကိုး အပါအဝင် အရာရှိ တစ်ကျိပ်ခန့် တက်ရောက်ခဲ့သည်။ အမေရိကန် ဆရာများ ကိုယ်တိုင် လာရောက်ပြီး ဘာသာရပ်အလိုက် ပို့ချရာ စီအိုင်အေ အမေရိကန် ဆရာ ဆယ်ဦးက အလှည့်ကျ သင်ကြား ပေးခဲ့သည်။ အမြဲတမ်းအားဖြင့် အမေရိကန် နှစ်ဦး၊ သုံးဦးခန့် စခန်းတွင် ရှိနေတတ်ပါသည်။

တစ်နေ့တွင် အိုကီနာဝါပြန် ဗိုလ်မှူး တင်မောင်ထွန်းသည် သူ့အထက် လူကြီးက စေလွှတ်လိုက်သဖြင့် ၀န်ကြီးချုပ်ရုံး နယ်ခြား အုပ်ချုပ်ရေးဌာနသို့ ရောက်ရှိလာကာ တရုတ် – မြန်မာ နယ်ခြားရှိ နယ်ခြားဒေသ တာ၀န်ခံ ရုံးများတွင် အသစ်ဖွဲ့ ထားသော သုတေသနမှ တာ၀န်ရှိ အရာရှိများအား လက်တွေ့ ကွင်းဆင်း သင်တန်းပေးရန် ဆရာများနှင့်အတူ နယ်ခြား ၀န်ထမ်း သဘောမျိုး တွဲဖက်လိုကြောင်း တင်ပြခဲ့သည်။

ကာကွယ်ရေး ဦးစီးချုပ်သည် စီအိုင်အေ သတင်းကို စောစောပိုင်းကပင် သိရှိသွားသဖြင့် သုတေသနဌာနကို ဖျက်သိမ်း ပစ်ခဲ့သည်။ စီအိုင်အေ အရာရှိများကို ပြန်ပို့ကာ တာဝန်ရှိသော ဗိုလ်မှူးချုပ် မောင်မောင်အား တပ်မှ ထွက်စေခဲ့သည်။ စီအိုင်အေ သင်တန်းတက်ခဲ့သော အရာရှိ အများစုအား ပြောင်းရွှေ့ပစ်ကာ ပြင်းပြင်းထန်ထန် အရေးယူခဲ့သည်။

ကိုဇန် (Ref – မျက်မှန်ကြီး သို့မဟုတ် ဗိုလ်မှူးချုပ်တင်ဦး၏ ကိုယ်ရေးရာဇ၀င်, အမေရိကန်-မြန်မာ ဆက်ဆံရေး၊ ရန်ပိုင်။)

1

Crd



Post Views:
11

Crd