အမေရိကန် နှင့် စင်္ကာပူ စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်

News

စင်္ကာပူကို ဒီကနေ့မနက်အစောပိုင်းက ရောက်ရှိလာတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd J Austin ဟာ စင်္ကာပူကာကွယ်ရေးဝန်ကြီး Ng Eng Hen နဲ့ (၂) နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေဆွေးနွေးခဲ့သလို ဝန်ကြီးချုပ် Lee Hsien Loong နဲ့ပါ သီးခြားတွေ့ဆုံခဲ့ပါတယ်။

အမေရိကန်တိုက်လေယာဉ်တွေနဲ့ ရေတပ်သင်္ဘောတွေဆီဖြည့်ရပ်နားဖို့နဲ့ စစ်အခြေစိုက်စခန်းတွေ အသုံးပြုရေးကို စင်္ကာပူဘက်က သဘောတူခဲ့သလို စင်္ကာပူလေတပ်နဲ့ရေတပ်ကို စစ်ရေးလေ့ကျင့်မှုတွေပေးဖို့ အမေရိကန်က သဘောတူခဲ့တယ်ဆိုပါတယ်။

လွတ်လပ်တဲ့ အင်ဒိုပစိဖိတ်ရေကြောင်းသွားလာမှုနဲ့ ဒေသတွင်းတည်ငြိမ် ငြိမ်းချမ်းရေးအတွက် အမေရိကန်တပ်တွေ မရှိမဖြစ် လိုအပ်တယ်လို့ စင်္ကာပူကာကွယ်ရေးဝန်ကြီးကပြောသလို မဟာဗျူဟာကျတဲ့ ထောက်ပံ့ရေးလမ်းကြောင်းနဲ့ အခြေစိုက်စခန်းအသုံးပြုခွင့်ပေးလို့ ကျေးဇူးတင်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဟာ မနက်ဖန်မှာ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေကို ဆက်လက်ထွက်ခွါမှာဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ ဒေသတွင်း အမေရိကန်ရဲ့ ကတိကဝတ်ပြုမှုတွေ ခိုင်မာခြင်း၊ ဒေသတွင်း မိမိတို့အကျိုးစီးပွားတွေအပေါ် နိုင်ငံတကာ ဥပဒေနဲ့အညီ စည်းမျဉ်း စည်းကမ်းများအပေါ် အခြေခံတဲ့ လိုက်နာမှုရှိရေး၊ အာဆီယံ ဗဟိုချက်ပြုမှု မြှင့်တင်ရေးတို့ကို ပေါ်လွင်ထင်ရှားစေမှာဖြစ်ကြောင်း သံရုံးရဲ့ ဖေ့စ်ဘုတ်ပို့စ်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင် လက်ထက် အမေရိကန်ပြည်ထောင်စုဟာ ကုန်သွယ်ရေးမိတ်ဖက်အဖြစ် နဲ့ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကြီးမားနေတဲ့ ဒေသမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍလိုအပ်ချက်ကို အားဖြည့်ဖို့ ကြိုးစားနေပါတယ်။

ဒါ့အပြင် အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး Wendy R. Scherman နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ ဒီကနေ့ တရုတ်နိုင်ငံ Tianjin မြို့မှာ ဒီကနေ့တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

ဆွေးနွေးပွဲအသေးစိတ်ကို မထုတ်ပြန်သေးပေမဲ့ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာဖို့၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီတန်ဘိုးတွေကို လေးစားအသိအမှတ်ပြုဖို့နဲ့ ကောင်းမွန်သန့်ရှင်းတဲ့စိတ်ဓါတ်နဲ့ ပြိုင်ဆိုင်ဖို့တွေကို ရှင်းပြခဲ့တယ်လို့ အမေရိကန်ဒုဝန်ကြီးက သူ့ တွစ်တာမှာ ရေးသားထားတာတွေ့ပါတယ်။

အာဆီယံနိုင်ငံတွေကို ခရီးလှည့်နေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ခရီးစဉ်ကို သတိနဲ့စောင့်ကြည့်နေကြောင်း တရုတ်အစိုးရအာဘော်သတင်းတွေကဖေါ်ပြနေပါတယ်။

အာဆီယံနိုင်ငံတွေအနေနဲ့ ဒေသတွင်းတည်ငြိမ်ရေးကို ဖျက်ဆီးလိုတဲ့ ပြင်ပက အနှောက်အယှက်တွေကို သတိထားကြဖို့လည်း တရုတ်အစိုးရအာဘော်သတင်းတွေက ရေးသားဖေါ်ပြနေတာတွေ့ရပါတယ်။

Burma News

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply