း တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်၏ ရာထူးအမြင့်ဆုံး သံတမန်သည် သမ္မတဂျိုးဘိုင်ဒင် လက်ထက်တွင် နှစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် နယ်ပယ်တစ်ခုကို ရှာဖွေလုပ်ဆောင်ရန် ကြိုးပမ်းနေချိန်တွင် အမေရိကန်အနေဖြင့် အကျိုးသင့်အကြောင်းသင့် ပြုမူလုပ်ဆောင်ရန်နှင့် ခြိမ်းခြောက်မှုများကို ရပ်တန့်ရန် တရုတ်က ဇူလိုင်လ ၂၆ ရက်တွင် တိုက်တွန်းခဲ့သည်။

အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန်သည် အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်အရာရှိများနှင့် တွေ့ဆုံခဲ့သည့် အစည်းအဝေးတွင် လူ့အခွင့်အရေးနှင့် အခြားအကြောင်းအရာများကို အလေးအနက်ထား ဆွေးနွေးခဲ့သည်ဟု အမေရိကန်အရာရှိများက ပြောကြားခဲ့ပြီး ယင်းသည် မတ်လက နှစ်နိုင်ငံ ထိပ်သီးသံတမန်များအကြား တွေ့ဆုံခဲ့သည့် အစည်းအဝေးပြီးနောက် ပထမဆုံးအကြိမ်မြောက် ပြုလုပ်သည့် ကဏ္ဍပေါင်းစုံ ပါဝင်သော အစည်းအဝေးတစ်ခုဖြစ်သည်။

တီအန်ကျင်းမြို့တွင် ရှာမန်နှင့် အစည်းအဝေး ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကမူ အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံသည် မတူကွဲပြားမှုများကို ယခုထက် ပိုမိုကောင်းမွန်စွာ စီမံလုပ်ဆောင်သင့်ကြောင်း၊ သို့သော်လည်း အမေရိကန်သည် တရုတ်၏ ခေတ်မီဖွံ့ဖြိုးရေးလုပ်ဆောင်ချက်များကို အောင်မြင်မှုမရှိစေရန် ဟန့်တားနှောင့်ယှက်ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။အမေရိကန်သည် လူ့အခွင့်အရေးကို အကြောင်းပြပြီး တရုတ်၏အချုပ်အခြာအာဏာကို မချိုးဖောက်ရန် ဝမ်ယိကသတိပေးခဲ့ပြီး တရုတ်နိုင်ငံ၏ နည်းပညာကဏ္ဍအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများနှင့် တားမြစ်ကန့်သတ်ချက်များကို ရုပ်သိမ်းရန် တိုက်တွန်းခဲ့သည်။

တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ရှန်ဖန်းကလည်း အမေရိကန်အနေဖြင့် တရုတ်နိုင်ငံအား စိတ်ကူးယဉ်ရန်သူတစ်ဦးအဖြစ် ရှုမြင်နေခြင်းမှ ရပ်တန့်ရန် ရှာမန်အား ပြောကြားခဲ့သည်။ယင်းမှတ်ချက်စကားများသည် မတ်လအတွင်းက အမေရိကန်နိုင်ငံ အလက်စကားပြည်နယ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခုတွင် တရုတ်ထိပ်သီးအရာရှိ ယန်ကျဲ့ချီ၏ ပြင်းထန်သည့် ဝေဖန်ချက်များကို ပြန်ပြောင်းသတိရစေခဲ့သည်။

အမေရိကန်ဒုတိယဝန်ကြီး ရှာမန်က ဝမ်ယိနှင့် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် နှစ်နိုင်ငံကြား ကောင်းမွန်သည့် ပြိုင်ဆိုင်မှု၊ လူ့အခွင့်အရေးကာကွယ်မှုနှင့် ဒီမိုကရေစီတန်ဖိုးများနှင့် ပတ်သက်ပြီး အမေရိကန်၏ ကတိကဝတ်များကို ပြောကြားခဲ့သည်ဟု Twitter တွင် ပြောကြားခဲ့သည်။တရုတ်အစိုးရသည် ဝီဂါမျိုးနွယ်စုများအား ဖိနှိပ်နေသည်ဟု အမေရိကန်က စွပ်စွဲထားသည့် ရှင်ကျန်းဒေသ၊ တိဘက်ဒေသနှင့် ဟောင်ကောင်၏ လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်ပြီး စိုးရိမ်မှုများကို ရှာမန်က ပြောကြားခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့သည်။

“ကျွန်မတို့ လူသိရှင်ကြားပြောခဲ့တဲ့ အကြောင်းအရာတွေကို တရုတ်အရာရှိတွေနဲ့ တိုက်ရိုက်တွေ့တဲ့အခါမှာ သီးသန့်ပြောနိုင်ခဲ့တာဟာ အရမ်းအရေးကြီးပါတယ်” ဟု အိမ်ဖြူတော်သတင်းပြန်ကြားရေးအရာရှိ ယန်ဆာကီက ဇူလိုင် ၂၆ ရက်က ပြောကြားခဲ့သည်။အမေရိကန်အနေဖြင့် ဝူဟန်မြို့တွင် ပထမဆုံးထောက်လှမ်းတွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်၏ ဇာစ်မြစ်ကို နောက်ထပ်တစ်ကြိမ် စုံစမ်းစစ်ဆေးရန် ဖိအားပေးနေမှုကို ရပ်တန့်ရန် တရုတ်နိုင်ငံက တောင်းဆိုခဲ့သည်။

ရှာမန်၏ တရုတ်နိုင်ငံ ခရီးစဉ်သည် အောက်တိုဘာလတွင် အီတလီနိုင်ငံ ရောမမြို့တွင် ပြုလုပ်မည့် ဂျီ ၂၀ အစည်းအဝေးပွဲတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့၏ သီးသန့်တွေ့ဆုံဖွယ်ရှိသည့် အစည်းအဝေးအတွက် ပဏာမခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ကျွမ်းကျင်သူများက ရှုမြင်ခဲ့ကြသည်။
News-Eleven
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။