မကြာသေးမီနေ့များအတွင်း တရုတ်နိုင်ငံ၏ ပုံမှန်မဟုတ်ဘဲ ရန်လိုသည့် ဆိုက်ဘာ တိုက်ခိုက်မှု လှုပ်ရှားချက်ကြောင့် အမေရိကန် ဒေသန္တရ အစိုးရများအပါအဝင် အမေရိကန်ရှိ အဖွဲ့အစည်းပေါင်း ၃၀,၀၀၀ ထက်မနည်း ဟက်ခံခဲ့ရသည်ဟု ကွန်ပျူတာလုံခြုံရေးကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။
ယင်းဆိုက်ဘာတိုက်ခိုက်မှုသည် မကြာသေးမီက လေ့လာတွေ့ရှိခဲ့သည့် Microsoft Exchange ဆော့ဖ်ဝဲ၏ အားနည်းချက်များကို ကိုယ်ကျိုးရှာ အသုံးချသွားခဲ့ခြင်းဖြစ်ပြီး အီးမေးလ်များခိုးယူခြင်း၊ ကွန်ပျူတာဆာဗာများကို အဝေးမှ ထိန်းချုပ်နိုင်သည့် အဖျက်ဆော့ဖ်ဝဲများထည့်သွင်းခြင်း အစရှိသည်တို့ကို လုပ်ဆောင်ခဲ့သည်ဟု ကွန်ပျူတာပညာရှင် ဘရိုင်ယန် ခရက်ဘ်စ်က ၎င်း၏ ဆိုက်ဘာ လုံခြုံရေး သတင်းဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြခဲ့သည်။ယင်းဆိုက်ဘာတိုက်ခိုက်မှုသည် လက်ရှိတည်ရှိဆဲခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဂျန်နီဖာ ဆာကီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရတဲ့ ဆာဗာတွေကို ကိုင်တွယ်ထားသူအားလုံးဟာ ကိုယ့်ဆာဗာတွေကို ပြန်လည်စိစစ်ပြုပြင်ဖို့ လိုပါတယ်။ ဆိုက်ဘာတိုက်ခိုက်ခံရသူ အရေအတွက် အများကြီးရှိနေတာကို ကျွန်မတို့ စိုးရိမ်မိပါတယ်” ဟု ဆာကီက ပြောကြားခဲ့သည်။Microsoft သည် ၎င်းဆော့ဖ်ဝဲ၏ အပြစ်အနာအဆာများအတွက် ပြုပြင်မှုများကို မတ်လ ၂ ရက်က ထုတ်ပေးခဲ့ပြီးနောက် လုံခြုံရေးပြုပြင်ကာကွယ်မှုများ အသစ်မလုပ်ဆောင်ရသေးသည့် ဆာဗာများကို ဆိုက်ဘာ တိုက်ခိုက်မှုများ ပိုမိုအရှိန်မြင့်လာသည်ဟု ခရက်ဘ်စ်က ယင်းအခြေအနေနှင့်နီးစပ်သည့် အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်များကို ကိုးကားပြောဆိုခဲ့သည်။
“ အမေရိကန်နိုင်ငံတစ်ဝန်း အသေးစား စီးပွားရေးလုပ်ငန်းတွေ၊ မြို့တွေနဲ့ ဒေသန္တရ အစိုးရအဖွဲ့တွေအပါအဝင် အဖွဲ့အစည်းပေါင်း ၃၀,၀၀၀ လောက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက တရုတ်ဆိုက်ဘာ တိုက်ခိုက်ရေးအဖွဲ့တစ်ဖွဲ့ရဲ့ အဟက်ခံခဲ့ရပါတယ်။ အဲဒီဟက်ကာအဖွဲ့ဟာ သူတို့ပစ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေရဲ့ အီးမေးလ်တွေကို ခိုးယူဖို့ အာရုံစိုက် လုပ်ဆောင်ခဲ့ကြပါတယ်” ဟု ခရက်ဘ်စ်က ပြောကြားခဲ့သည်။
ထို့ပြင် ဟက်ကာများသည် ၎င်းတို့ကွန်ရက်များအတွင်းသို့ ရောက်ရှိလာသည့် ကမ္ဘာတစ်ဝန်းမှ ကွန်ပျူတာစနစ်ပေါင်း ထောင်ချီကို ထိန်းချုပ်နိုင်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။တရုတ်နိုင်ငံတွင် အစိုးရကထောက်ပံ့ပေးထားသည့် ဟက်ကာအဖွဲ့တစ်ဖွဲ့သည် ၎င်း၏ Exchange အီးမေးဝန်ဆောင်မှု ဆော့ဖ်ဝဲ၏ ချွတ်ယွင်းချက်များကို အခွင့်အရေးယူပြီး အသုံးပြုသူများ၏ အချက်အလက်များကို ခိုးယူခဲ့ကြောင်း Microsoft က ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။Hafnium အမည်ရှိ ယင်းဟက်ကာအဖွဲ့သည် ဆိုက်ဘာတိုက်ခိုက်မှုများကို အလွန်ကျွမ်းကျင်ပိုင်နိုင်မှု ရှိကြောင်းလည်း Microsoft က ပြောကြားခဲ့သည်။
ယခင်ကလည်း Hafnium အဖွဲ့သည် ကူးစက်ရောဂါလေ့လာရေး သုတေသနအဖွဲ့များ၊ ဥပဒေအကျိုးဆောင်ကုမ္ပဏီများ၊ တက္ကသိုလ်များ၊ ကာကွယ်ရေး ကန်ထရိုက်တာများ၊ အကြံပေးအဖွဲ့များနှင့် NGO များ အပါအဝင် အမေရိကန်အခြေစိုက် ကုမ္ပဏီများကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။News-Eleven