အမေရိကန်မရိမ်းတပ်ဖွဲ့ဝင်တွေရဲ့ အထူးစစ်ဆင်ရေးအတွက် ပျံသန်းနေတဲ့ မော်တော်ဆိုင်ကယ်-သို့မဟုတ် Speeder
ဇူလှိုင် ၂၁၊ နည်းပညာ

တစ်နာရီကို ၅၀၀ ကီလိုမီတာနီးပါးလောက်တောင် မောင်းနှင်နိုင်မယ့် ပျံသန်းနေတဲ့ မော်တော်ဆိုင်ကယ် မျိုးကို အမေရိကန်မရိမ်းတပ်ဖွဲ့တွေ အသုံးပြုနိုင်တော့မယ် လို့ သတင်းတွေထွက်နေပါတယ်။ မကြာခင် ကာလလို့တောင်ဆိုပါတယ်။
ဟုတ်ပါတယ်။ ကယ်လီဖိုးနီးယားအခြေစိုက် Jetpack Aviation က Speeder လို့အမည်ရတဲ့ ပျံသန်းနေတဲ့ မော်တော်ဆိုင်ကယ်ကို နမူနာပုံစံထုတ်လုပ်စမ်း သပ်ပျံသန်းခဲ့ပြီး အောင်မြင်မှုလည်း ရရှိခဲ့တာ ကြောင့်ပါ။
ဒါ့ကြောင့်လည်း ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် David Mayman က ဒီလိုယာဉ်မျိုးကို အမေရိကန် မရိမ်းတပ်ဖွဲ့က ဝယ်လာနိုင်တာပေါ့ဗျာလို့တောင် အရိတ်အမြွတ်ဆိုလိုက်ပါတယ်။
ဂျက် တာဘိုင်စွမ်းအင်သုံးအဆိုပါယာဉ်ကို ဝယ်ယူလိုသူတွေတောင် အမှာရှိနေပြီလို့သိရပါတယ်။ ပျံသန်းထိန်းချုပ်မှုစနစ်အတွက် ဆော့ဖ်ဝဲလ်တစ် ခုလုံး တည်ဆောက်ဖို့အတွက် ရေးသားရာမှာ အချိန် ကာလအားဖြင့် ၁၈ လ တိတိတောင် ကြာခဲ့ပါတယ်။

အစက ယခုယာဉ်ကို ဆေးအဖွဲ့တွေ၊ မီးသတ်နဲ့ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့တွေအတွက်အသုံးပြုဖို့ စီစဉ်ထားတာပါ။ ယာဉ်ကို ကယ်လ်လီဖိုးနီးယား တောင်ပိုင်းမှာ မေလခန့်ကတည်းက ၅ လတာ အချိန်ကြာစမ်းသပ်ခဲ့ကြပြီး ပျံတက်၊ ရပ်တန့်ပျံဝဲ၊ အပေါ်ပျံသန်း၊ ကွေ့ဝှိုက် အစရှိသလို အသီးသီး စမ်းသပ်ခဲ့ကြတယ်လို့လည်းဆိုပါတယ်။Speeder ဟာ အမြင့်ပေ ၁၅၀၀၀ ခန့်ကို ပျံတက်နိုင်ပြီး တွန်းအား ၁၂၀၀ ပေါင် အထိ ထုတ်လုပ်နိုင်ပါတယ်။
လက်ရှိအချိန်မှာတော့ တစ်စီးဈေးနှုန်းက အမေရိကန်ဒေါ်လာ ၃၈၀၀၀၀ ခန့်ကျသင့်မှာဖြစ်ပြီး ပိုမိုပြီးတော့လည်း များလာနိုင်တယ်လို့ စီအီးအိုက ဆိုပါတယ်။Speeder ရဲ့ နေရာယူမှုက အလျဉ်းသင့်မှုရှိတာကြောင့် နောက်တွဲယာဉ်ထဲမှာတောင် ထည့်သွင်း သယ်ယူနိုင်သလို စီးမယ်ဆိုရင်လည်း အားသွင်းနေစရာမလိုဘဲ တက်ခွမောင်းနှင်လိုက်ရုံပါပဲ။ ယခုအချိန်မှာလည်း နောက်ထပ် နမူနာမျိုးကွဲတစ်စီး P1.5 ကို ထပ်မံတည်ဆောက်နေတယ်လို့ ဆိုပါတယ်။
ကာဘွန်-ဖိုင်ဘာကိုယ်ထည်နဲ့ သေးငယ်ပြီး အတော်ကြီးကို သက်တောင့်သက်သာရှိစေမယ့် အမျိုးအစားပါ။အတွေ့အကြုံရင့်ကျက်လာပြီးနောက်ပိုင်း ဆက်လက်တည်ဆောက်မယ့် P2 မှာဆိုရင်တော့ ဖြုတ်နိုင်တပ်နိုင်မယ့် တောင်ပံ့တွေပါ ပါလာပါလိမ့်မယ်။ အင်ဂျင်အနေနဲ့ ၄ လုံးထိ စဉ်းစားထားပေမယ့် လည်း နောက်ဆုံးမှာတော့ ၈ လုံးအထိ ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ တကယ့်အကြမ်းကြီးပါ။

လက်ရှိအချိန်မှာ ယာဉ်ကို ဒီဇယ်၊ လေယာဉ်ဆီတို့နဲ့ မောင်းနှင်နိုင်ပေမယ့် နောက်ပိုင်း zero-net carbon fuel ကို အသုံးပြုဖို့အတွက် စဉ်းစားထားတယ်လို့ဆိုပါတယ်။ကုမ္ပဏီရဲ့ရည်မှန်းချက်က မြန်မြန်မောင်းနိုင်ရမယ်၊ ဝန်များများသယ်နိုင် ရမယ်လို့ဆိုထားပြီး ခရီးသည် ၂ ယောက်ကိုတောင် သယ်ဆောင်နိုင်ဖို့ တွေးထားပါတယ်။
Electronically self-stabilized with servo-controlled nozzles တွေကြောင့် ၃၆၀ ဒီဂရီကို ကောင်းကောင်း ထိန်းချုပ်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ပြုတ်မကျဖို့အတွက်လည်း ကောင်းစွာ အာမခံထားသလို ကောင်းကောင်းစမ်းသပ်ပြီးလည်းဖြစ်ပါတယ်။
ပျံဝဲနေဖို့အတွက်လည်း LiDAR နည်း ပညာကြောင့် တကယ့်ကို တည်ငြိမ်နေပါတယ်လို့ဆိုပါတယ်။မေးခွန်းက အမေရိကန်မရိမ်းတပ်ဖွဲ့မှာ သုံးမှာလားဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာပါ၊ ဂျက်စွမ်းအင်သုံး ကယ်ဆယ်ရေးစနစ်တွေကိုတော့ ဗြိတိန်ရေတပ်က သုံးနေပါပြီ။
#ကမ္ဘာ့သတင်းစုံ
#worldnews
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။