(အမေရိကန်တို့အာရှအရှေ့ဘက်ကိုစစ်ပွဲရွေ့ချင်နေတာလား) အမေရိကန်နဲ့ အင်ဒိုနီးရှားတို့က အကြီးဆုံး ပူးတွဲလေ့ကျင့်မှု ပြုလုပ်နေ

Militarily News

အင်ဒိုနီးရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့မှ စစ်သည်အင်အား ထောင်ချီပါဝင်တဲ့ သီတင်းနှစ်ပတ်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်နေကြောင်း သိရပြီး ယခုစစ်ရေးလေ့ကျင့်မှုဟာ နှစ်နိုင်ငံအကြား လုပ်ဆောင်ဖူးသမျှမှာ အကြီးဆုံးဖြစ်တယ်လို့ ဖော်ပြပါတယ်။

ကျွန်းနိုင်ငံရဲ့ ကာကွယ်ရေးအပေါ် အထူးပြုတဲ့ စစ်ရေးလေ့ကျင့်မှုတွေဖြစ်ပြီး ဆူမာတြား၊ ကာလီမန်တန်နဲ့ ဆူလာဝေစီဆိုတဲ့ နေရာသုံးခုမှာ သြဂုတ် ၁ ရက်ကနေ ၁၄ ရက်အထိ လုပ်ဆောင်နေတာဖြစ်ကြောင်း အင်ဒိုနီးရှား စစ်တပ်က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုအတွင်း အင်ဒို တပ်ဖွဲ့ဝင် ၂၁၀၀ ကျော်၊ အမေရိကန် တပ်ဖွဲ့ဝင် ၁၅၀၀ တို့ပါဝင်ပြီး ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့တဲ့ Garuda Shield နှစ်စဉ် စစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေမြင့်မားနေတဲ့ အင်ဒိုနီးရှားနိုင်ငံကို ဇူလိုင်လနှောင်းပိုင်းမှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး ရောက်ရှိချိန်မှာ ကိုဗစ်-၁၉ စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုဟာ နိုင်ငံများအကြား ဆက်ဆံရေးတိုးမြှင့်ဖို့၊ စစ်တပ်နှစ်ခုရဲ့ ကျွမ်းကျင်မှုစွမ်းရည် မြှင့်တင်ဖို့ရည်ရွယ်တယ်လို့ အင်ဒိုနီးရှား စစ်ဦးစီးချုပ် အန်ဒီကာ ပက်ကာဆာက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ဟာ တောင်ကိုရီးယားနဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ ရှိနေပါတယ်။

တောင်ကိုရီးယားဟာ အမေရိကန်နဲ့အတူ ပူးတွဲစစ်ရေးလေ့ကျင့်မယ်ဆိုရင် ဆက်ဆံရေး ပြန်တည်ဆောက်ဖို့ ကိုရီးယားနှစ်နိုင်ငံကြား ဆုံးဖြတ်ချက်ကို ထိခိုက်စေလိမ့်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ညီမ ကင်ယိုဂျုံက သြဂုတ် ၁ ရက်မှာ ပြောပါတယ်။

ကိုရီးယားနှစ်နိုင်ငံကြား အရေးပေါ်ဆက်သွယ်ရေး ဖုန်းလိုင်း ပြန်အသက်သွင်းဖို့ လတ်တလော ဆုံးဖြတ်ချက်ဟာ ဆက်ဆံရေး ပြန်ချိတ်ဆက်တာထက် တခုခုပိုတယ်လို့ မရှု မြင်သင့်ဘူး။ ထိပ်သီးဆွေးနွေးပွဲတွေ မကြာခင် ဖြစ်လာတော့မယ်လို့ ယူဆရင် အတွေးအခေါ် မရှိတာ သက်သက်သာ ဖြစ်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။

ဆက်ဆံရေး ပြန်စဖို့ အားထုတ်တဲ့အနေနဲ့ တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား ထိပ်သီး ညီလာခံကျင်းပဖို့ ဆွေးနွေးနေချိန်မှာ သူက ခုလို မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။

Ref: CNA

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။