အင်ဒိုနီးရှား ကိုဗစ်တိုက်ပွဲအတွင်းက အထီးကျန်စွာ သေဆုံးရသူများ

News

အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ် ကူးစက်မှုတွေ အဆိုးဆုံး ဖြစ်ပွားနေပါတယ်။ နေအိမ်တွေအတွင်းက အောက်ဆီဂျင် ပြတ်သွားလို့ သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို မီးသတ်သမားတွေ သယ်ထုတ်နေတာတွေကို တွေ့နေရသလို တဘက်မှာလည်း ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ ကပ်ဆိုးကြီးကို ရင်ဆိုင်နေကြတာလည်း တွေ့နေရပါတယ်။

လတ်တလောမှာ ကူးစက်ခံရသူ ၂.၇ သန်းရှိပြီး အခုသီတင်းပတ် အတွင်းမှာတင် နေ့စဥ် ကူးစက်မှု စံချိန်တင်ပြီး တနေ့ကို ကူးစက်မှုပေါင်း ၅၀,၀၀၀ ကျော်ရှိပါတယ်။ အင်ဒိုနီးရှားဟာ အာရှရဲ့ ကိုဗစ် ဗဟိုချက်သစ် ဖြစ်လာပါတယ်။

ကူးစက်မှုနှုန်း မြင့်မားတဲ့ Delta ဗီဇကွဲ ဗိုင်းရပ်စ် မျိုးသစ် နိုင်ငံတဝန်းမှာ ကူးစက်လာနေပြီ ဖြစ်လို့ အင်ဒိုနီးရှားမှာ အခြေအနေတွေ တစစနဲ့ ပိုဆိုးလာနေပါတယ်။အင်ဒိုနီးရှားက ကိုဗစ် ကူးစက်မှုတွေဟာ မေလ အစောပိုင်းက အီးဒ် အားလပ်ရက်တွေ အတွင်း ပြည်တွင်း ခရီးသွားလာခွင့် ပိတ်ပင်ထားတာကို လူ တသန်းခွဲလောက်က မလိုက်နာခဲ့ကြတာကြောင့် အဲဒီကာလ အပြီးမှာ တော်တော် ဆိုးလာခဲ့တာ ဖြစ်ပါတယ်။

ပြည်ပက လာရောက်ကြသူတွေအတွက် ကွာရန်တင်း ဝင်ခိုင်းတဲ့ ကိစ္စတွေကိုလည်း လျှော့ပေါ့ ပေးခဲ့ကြတာတွေ ရှိပါတယ်။ အင်ဒိုနီးရှားဟာ ပြည်ပက လေကြောင်း ခရီးစဥ်တွေကို ပိတ်ပင်ထားတာမျိုး မရှိခဲ့သလို မကြာသေးခင်ကမှ ပြည်ပက ဆိုက်ရောက်လာသူတွေကို ကွာရန်တင်း ၅ ရက် ဝင်ခိုင်းရာကနေ ၈ ရက်အထိ တိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ကျန်းမာရေး ကျွမ်းကျင်သူတွေကတော့ နယ်စပ်ဝင်ပေါက်တွေ ဖွင့်ပေးထားတဲ့ နိုင်ငံမှာ ဗိုင်းရပ်စ်ကို ထိန်းနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ပြောနေကြသလို တာဝန်ရှိသူတွေကလည်း ပြည်ပက လာသူတွေကိုလည်း စိစစ်ပြီးမှသာ နိုင်ငံထဲ ဝင်ခွင့် ပေးတာ ဖြစ်ကြောင်း ပြောကြပါတယ်။ အင်ဒိုနီးရှားရဲ့ တရားဝင် ထုတ်ပြန်ချက်အရ သေဆုံးသူ ဦးရေ ၇၀,၀၀၀ ကျော်သွားပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းကဆို တနေ့ကို လူပေါင်း ၁,၀၀၀ လောက် သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် အမှန်တကယ် သေဆုံးသူ ဦးရေက အဲဒီ ထုတ်ပြန်ထားတာထက် အများကြီး ပိုမယ်လို့ လူတော်တော်များများက ယူဆကြပါတယ်။

အင်ဒိုနီးရှားက လွတ်လပ်တဲ့ အချက်အလက် ရှာဖွေ ထုတ်ပြန်ရေး အဖွဲ့ Lapor Covid-19 ကတော့ ဇွန်လ နောက်ပိုင်းက စပြီး ဆေးရုံတွေမှာ လက်မခံနိုင်တော့လို့ နေအိမ်တွေမှာ သီးသန့် ခွဲနေကြရင်း သေဆုံးသူ ဦးရေဟာ ၄၅၀ ထက်မနည်း ရှိတယ်လို့ ပြောပါတယ်။

Source: BBC

Leave a Reply