အခြေချနေထိုင်သွားမယ့် လူတိုင်းကို ဒေါ်လာ ၇ သောင်းကျော်ပေးမယ့် ဆွစ်ဇာလန်က ကျေးရွာလေး

News Social News

အခြေချနေထိုင်သွားမယ့် လူတိုင်းကို ဒေါ်လာ ၇ သောင်းကျော်ပေးမယ့် ဆွစ်ဇာလန်က ကျေးရွာလေး

ယနေ့ အချိန်မှာ တစ်နေရာကနေ တစ်နေရာကို ပြောင်းရွှေ့တဲ့အခါ ကုန်ကျစရိတ်များစွာ ကျသင့်မှာဖြစ် ပေမယ့် ဆွစ်ဇာလန်က ကျေးရွာလေးကတော့ ပြောင်းရွေ့လာတဲ့ မိသားစုတိုင်းကို ဒေါ် လာ ၇ သောင်းကျော် ပေးမယ်ဆိုတဲ့ တရားဝင် ကြေငြာချက် ထုတ်ပြန်ထားခဲ့ပါတယ်။

အဲ့ဒီ ကျေးရွာလေးကတော့ ဆွစ်ဇာလန်နိုင်ငံ၊ Leuk ပြည်နယ်က Albinen ဆိုတဲ့ တောင်တန်း ကျေးရွာလေး ဖြစ်ပါတယ်။

ပြောင်းရွေ့လာတဲ့သူတွေကို ဒီလို များပြားတဲ့ ပိုက်ဆံတွေ ပေးနေရတဲ့ အကြောင်းရင်းကတော့ သူတို့ရွာဟာ လူဦးရေ နည်းပါးမှုနဲ့ ကြုံတွေ့နေရပြီး လူတွေမနေတော့ရင် ပျောက်ကွယ်သွားမှာ စိုးရိမ်နေရလို့ပါ။

၁၉၀၀ ဝန်းကျင်လောက်မှာပဲ လူဦးရေ ၄၀၀ နီးပါး ရှိခဲ့တဲ့ Albinen ရွာလေးဟာ အခုဆိုရင်တော့ လူဦးရေ ၂၄၀ သာ ကျန်ရှိပါတော့တယ်။

အဆိုးဆုံးကတော့ ပြီးခဲ့တဲ့နှစ်က မိသားစု ၃ စု ပြောင်းရွှေ့သွားပြီး အဲ့ဒီအထဲမှာ ကလေးငယ် ၈ ယောက်လည်း ပါသွားခဲ့တာကြောင့် ကျေးရွာလေးရဲ့ စာသင်ကျောင်းကိုပါ ပိတ်ပစ်လိုက်ရပါတော့တယ်။

လက်ရှိမှာတော့ ကျေးရွာက ကလေး ၇ ယောက်ဟာ ကားနဲ့ နာရီဝက်ခန့်အကြာ သွားရတဲ့ အနီးက မြို့ကျောင်းမှာ စာသင်နေကြရပါတယ်။

တကယ်လို့သာ ဒီရွာမှာ မိသားစုတွေ ပြန်များလာရင် ကျောင်းပြန်ဖွင့်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း အခုလို ပိုက်ဆံပေးနေတဲ့ အကြောင်းရင်းထဲမှာ ပါဝင်လို့နေပါတယ်။

ဒါကြောင့် ဒီရွာလေးက ပြောင်းရွေ့လာတဲ့ မိသားစုတွေကို ဆုလာဘ်အဖြစ်နဲ့ ဆွစ်ဇာလန်ငွေ ၇၀,၀၀၀ (ဒေါ်လာ ၇၁,၀၀၀ ခန့်) ကို ပေးသွားမှာဖြစ်ပြီး ဒီလိုရရှိနိုင်ဖို့အတွက်ဆိုရင် အဲဒီ့မိသားစုမှာ မိသားစုဝင် ၄ ယောက် ပါရမှာ ဖြစ်ပါတယ်။

လူကြီးတစ်ယောက် အတွက် ဆွစ်ငွေ ၂၅,၀၀၀ နဲ့ ကလေးတစ်ယောက် အတွက် ဆွစ်ငွေ ၁၀,၀၀၀ ကို ပေးမှာ ဖြစ်တာကြောင့် လူကြီးနှစ်ဦး ကလေးနှစ်ဦး ပါဝင်တဲ့ မိသားစုတွေက ဆွစ်ငွေ ၇၀,၀၀၀ အတိရမှာ ဖြစ်ပြီး အဲဒီ့ထက်မိသားစုများရင်တော့ ငွေ ပိုရနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ စည်းကမ်းချက် တချို့တော့ သတ်မှတ်ထားပါတယ်။ ပိုက်ဆံယူမယ့် သူတွေအနေနဲ့ လူကြီးတွေဟာ အသက် ၄၅ နှစ်အောက် ဖြစ်ရမှာဖြစ်ပြီး ရွာလေးမှာလည်း အနည်းဆုံး ၁၀ နှစ်နဲ့ အထက် နေထိုင်ပေးရမှာ ဖြစ်ပါတယ်။

၁၀ နှစ် မပြည့်မီ ပြောင်းရွေ့ခဲ့ရင်တော့ ဒီငွေတွေကို ပြန်လျော်ပေးရမှာ ဖြစ်ပြီး ၁၀ နှစ် ပြည့်သွားရင်တော့ စိတ်ကြိုက်နေရာကို ထွက်ခွာခွင့် ပေးထားပါတယ်။

ရွာကနေ အလွယ်တကူ ထွက်ပြေးလို့ မရအောင်လည်း ပြောင်းရွှေ့လာသူတွေဟာ အနည်းဆုံး ဆွစ်ငွေ ၂ သိန်းတန် အိမ်တွေကို ဆောက်လုပ်ပြီး နေထိုင်ရမှာဖြစ်ပါတယ်။ ဒါမှသာ ခဏတဖြုတ် သွားသလိုနဲ့ အပြီး ပြောင်းပြေးမသွားနိုင်မှာ ဖြစ်ပါတယ်။

Albinen ရွာလေးဟာ တောင်စောင်းပေါ်မှာ တည်ရှိတဲ့ အေးချမ်းလှပတဲ့ ကျေးရွာကလေး ဖြစ်သလို စိမ်းစိုနေတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လေကောင်းလေသန့်ကို ရရှိနိုင်တာကြောင့် အေးအေးချမ်းချမ်း နေချင်သူတွေအတွက်တော့ အဆင်ပြေစေမှာပါ။

ရွာလေးရဲ့ အဓိက လုပ်ငန်းကတော့စိုက်ပျိုးရေးဖြစ်ပြီး အနီးအနားက မြို့တွေကို နာရီဝက်အတွင်း သွားလာနိုင်တာကြောင့် အရမ်းခေါင်တဲ့ နေရာတစ်ခု မဟုတ်သလို ဒီရွာရဲ့ ၃.၇ မိုင် အကွာမှာ ဆွစ်ဇာလန်ရဲ့ နာမည်ကြီး အပန်းဖြေစခန်းတစ်ခုဖြစ်တဲ့ Leukerbad အပန်းဖြေစခန်း တည်ရှိနေပါသေးတယ်။

ဒီရွာမှာ လူထောင်နဲ့ချီပြီး နေနိုင်တဲ့ အိမ်တွေ တည်ရှိနေပြပေမယ့် အများစုကတော့ အားလပ်ရက်မှာ အပန်းဖြေတဲ့ အိမ်မျိုးတွေဖြစ်ပြီး အတည်ကျ နေထိုင်ခဲ့တဲ့သူတွေရဲ့ အိမ်ခြေတွေကတော့ နည်းပါးပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး Beat Jost ကတော့” ဒီလို ရင်းနှီး မြုပ်နှံခြင်း အားဖြင့် လူတွေ ဝင်လာပြီး အိမ်တွေ ဆောက်လာကြမယ်ဆို ဆိုင်တွေ ပေါ် လာလိမ့်မယ်။ ကျောင်းလည်း ပြန်ဖွင့်နိုင်မှာဖြစ်ပြီး လူဦးရေ နည်းပါးမှုကို ကာကွယ်သွားနိုင်လိမ့်မယ်” လို့ ဆိုပါတယ်။

Knight News Team

Crd