ဟယ်ရီယာတိုက်လေယာဉ်တို့ရဲ့ဖောက်ကလန်ခရီးစဉ်

Knowledge Militarily

၁၉၈၂ ဖောက်ကလန်စစ်ပွဲမှာ အင်္ဂလိပ်တွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေထဲက တစ်ခုကတော့ သူတို့စစ်ရေယာဉ်တွေကို အာဂျင်တီးနားရဲ့ လေကြောင်းတိုက်ခိုက်မှုကနေ ဘယ်လို ကာကွယ်မလည်း ဆိုတဲ့ Fleet Air Defense ပဲ။ ဖျက်သ‌င်္ဘောတွေ ဖရီးဂိတ်တွေမှာ တပ်ထားတဲ့ လေယာဉ်ပစ် ဒုံးကျည်တွေထဲမှာလည်း အားကိုးရမှာဆိုလို့ Type 42 သုံးစီးက Sea Dart နဲ့ Type 22 ဖရီးဂိတ် နှစ်စီးက Sea wolf တွေပဲ ရှိတယ်။ ကျန်တဲ့ သ‌င်္ဘော‌တွေပေါ်က Sea slug တွေ Sea cat တွေက သုံးစားမရ။Ark Royal ကို အနားပေးလိုက်ကတည်းက Phantom II တိုက်လေယာဉ်တွေ၊ Buccaneer ဗုံးကြဲလေယာဉ်တွေ အသုံးပြုနိုင်တဲ့ လေယာဉ်တင်သင်္ဘောလည်း မရှိတော့။ ပိုအရေးကြီးတာက Gannett AEW တွေရဲ့ လေကြောင်းချီ ကြိုတင်သတိပေးစွမ်းရည်ပါ မရတော့တာ။ဒီတော့ ရေယာဉ်စုတစ်ခုလုံးရဲ့ လေကြောင်းရန် ကာကွယ်ရေး တာဝန်က လေယာဉ်တင်သင်္ဘော Hermes နဲ့ Invincible ပေါ်က Sea Harrier အုပ် နှစ်အုပ်အပေါ်မှာပဲ လုံးလုံးကြရောက်လာပါတယ်။

ပြေးလမ်းတိုနဲ့ ဒေါင်လိုက် တက်ဆင်းနိုင်တဲ့ ဒီ V/STOL တိုက်လေယာဉ်က အသံထက်မမြန်တဲ့ subsonic တိုက်လေယာဉ်ပါ။ Sea Harrier က အမြင့်ပေ ၁၅၀၀၀ အထက်မှာဆိုရင် စွမ်းဆောင်ရည် သိသိသာသာ ကျဆင်းသွားတတ်ပါတယ်။ လက်နက်အနေနဲ့လည်း AIM-9 Sidewider ဒုံးကျည် နှစ်လုံးနဲ့ ADEN ၃၀ မမ စက်အမြှောက် နှစ်လက်ပဲ ပါပါတယ်။ သူ့မှာ တပ်ဆင်ထားတဲ့ Blue fox ရေဒါကလည်း မြေပြင် ဒါမှမဟုတ် ပင်လယ်လှိုင်းကြီးနေရင် ကိုယ်ပျံနေတဲ့ အမြင့်ပေအောက်က ပစ်မှတ်ကို look down မလုပ်နိုင်ပါဘူး။စစ်မဖြစ်ခင်က Hermes ပေါ်က ၈၀၀ အုပ် 800 Naval Air Squadron နဲ့ Invincible ပေါ်က ၈၀၁ အုပ်တွေမှာ Sea Harrier FRS 1 ၅ စီးစီပဲ ရှိတယ်။ Portsmouth ကနေ ဖောက်ကလန်ကို မထွက်ခင်မှာမှ လွှဲပြောင်းသင်တန်းအုပ်ဖြစ်တဲ့ ၈၉၉ အုပ်က လေယာဉ်တွေ လေယာဉ်မှူးတွေ အားဖြည့်ပြီးတော့ ၈၀၀ အုပ်နဲ့ ၈၀၁ အုပ်က ဆီးဟယ်ရီယာ ၁၂ စီးနဲ့ ၈ စီး အသီးသီးအင်အား ရှိသွားတယ်။ဧပြီလလယ် ၁၈၊ ၁၉ မှာတော့ နောက်ထပ် အုပ်အသစ် ၈၀၉ က Sea Harrier FRS1 ၈ စီး လေယာဉ်တင်သင်္ဘောတွေပေါ် လာပေါင်းပါတယ်။ရေတပ်ရဲ့ စုစုပေါင်း ရှိသမျှ ဆီးဟယ်ရီယာ ၃၁ စီးထဲက အမောင်းသင်ဖို့ ၃ စီးပဲ အင်္ဂလန်မှာ ချန်ခဲ့ပြီး လာပေါင်းတာပါ။ ၈၀၉ အုပ်နဲ့အတူ ပါလာတာက လေတပ် RAF အမှတ် ၁ အုပ်က Harrier GR3 ၁၀ စီးပါ။ FRS1 နဲ့ မတူတာက GR3 တွေက လေယာဉ်တင်သင်္ဘောပေါ်ကနေ စစ်ဆင်ရေးလုပ်ဖို့ကော လေကြောင်းတိုက်ပွဲ ဆင်နွဲဖို့ကော ရည်ရွယ်ထားတာ မဟုတ်တာပါပဲ။

ဖောက်ကလန်ဆီ အလာလမ်းမှာမှ ဆားငွေ့ဒဏ်ခံနိုင်ဖို့ သုတ်ဆေးတွေ သုတ်တာ၊ လေယာဉ်တင်သင်္ဘောပေါ် ဆင်းဖို့ Inertial Navigation System တွေတပ်တာ၊ Sidewider တပ်ဖို့လုပ်တာတွေ လုပ်ရတယ်။Harrier တွေ အားသာတာကတော့ ပေ ၁၅၀၀၀ အောက်မှာ maneuver အရမ်းကောင်းတယ်။ ရေတပ် FRS1 လေယာဉ်မှူးတွေက အသံထက်မြန်တဲ့ တိုက်လေယာဉ်တွေနဲ့ ရင်ဆိုင်တဲ့ လေ့ကျင့်ခန်းတွေကို အမေရိကန် F5 တွေနဲ့ ရင်ဆိုင်လေ့ကျင့်ဖူးသလို A4 Skyhawk တွေ Super Etendard တွေနဲ့လည်း လေ့ကျင့်ဖူးတယ်။ ဖောက်ကလန်ကို ချီတက်တဲ့ လမ်းကြောင်းမှာကို ပြင်သစ်ကလည်း တကယ်ရင်ဆိုင်ရမယ့် Mirage III တွေနဲ့ လေ့ကျင့်ပေးတယ်။AIM-9L ကတော့ အင်္ဂလိပ် ဟယ်ရီယာတွေဖို့ အားအသာဆုံး အချက်ပဲ။ အာဂျင်တီးနားတွေ သုံးနေတဲ့ AIM-9B တွေ Shafrir-2 တွေ၊ R-530 တွေလို ပစ်မှတ်ရဲ့ နောက်ဘက် အင်ဂျင်အိတ်ဇောကြီးဘက်ကနေပဲ ပစ်လို့ရတဲ့ rear aspect only missile တွေနဲ့ မတူတာက 9-Lima က ပစ်မှတ်ရဲ့ ဘယ်ဘက်ကနေမဆို ပစ်လို့ရတဲ့ all aspect missile ဖြစ်နေတာပဲ။

Harrier တွေနဲ့ ရင်ဆိုင်ရမယ့် အာဂျင်တီးနားဘက်မှာတော့ အသံထက် ၂ ဆမြန်တဲ့ Mirage III တိုက်လေယာဉ် ၁၁ စီးနဲ့ Dagger ၁၈ စီးအပြင် Canberra ဗုံးကြဲလေယာဉ် ၈ စီး၊ Super Etendard ဗုံးကြဲတိုက်လေယာဉ် ၄ စီး၊ A-4 Skyhawk ဗုံးကြဲတိုက်လေယာဉ် ၄၁ စီးနဲ့ Pucara မြေပြင်တိုက်ခိုက်ရေးလေယာဉ် ၂၄ စီး စုစုပေါင်း တိုက်ပွဲဝင်လေယာဉ် ၁၀၆ စီးအထိ ဖောက်ကလန် စစ်ဆင်ရေးမှာ အသုံးပြုခဲ့တာကို တွေ့ရပါတယ်။Harrier တွေနဲ့ Mirage III တွေရဲ့ ပထမဆုံးနဲ့ နောက်ဆုံးတိုက်ပွဲကတော့ မေလ ၁ ရက်နေ့မှာ စပါတယ်။ အာဂျင်တီးနားတွေကလည်း သူတို့အားသန်တဲ့ အမြင့်ကနေ မဆင်း၊ အင်္ဂလိပ်တွေကလည်း သူတို့အားသန်တဲ့ အနိမ့်ကနေ တက်မလိုက်နဲ့ ဖြစ်နေရာကနေ Mirage ၂ စီးက ပေ ၁၁၀၀၀ အထိဆင်းပြီး Harrier ၂ စီးကို ရင်ဆိုင်ရာမှာတော့ အရှေ့ကနေ ယောင်ပြပြီး head on လာနေတဲ့ ဗိုလ်ကြီး Barton ရဲ့ ဟယ်ရီယာကို R530 တစ်စီးစီပစ်ပေမယ့် မထိပါဘူး။

အာဂျင်တီးနားတွေ မမြင်အောင် နောက်က ပန်းသွားတယ့် ဗိုလ်ကြီး Thomas ကပစ်လိုက်တဲ့ Sidewider ကတော့ အာဂျင်တီးနား ဗိုလ် Perona ရဲ့ လေယာဉ်ကို ထိမှန်ပေါက်ကွဲ ပျက်ကျသွားပါတယ်။ Barton ရဲ့ Sidewider ကလည်း ဗိုလ်ကြီး Cuerva ရဲ့ Mirage ကို မှန်ပေမယ့် ပျက်မကျပဲနဲ့ ဆီတိုင်ကီကနေ ဆီယိုတာပဲရှိလို့ ဖောက်ကလန်ပေါ်က Stanley ကွင်းမှာ သွားဆင်းပါတယ်။ ကံဆိုးစွာနဲ့ပဲ အာဂျင်တီးနား လေယာဉ်ပစ်အမြှောက်က လွဲပြီး ပစ်ချလို့ လေယာဉ်ပျက်ကျကြီး Cuerva လည်း ကျဆုံးခဲ့ပါတယ်။အဲ့နေမှာပဲ အာဂျင်တီးနား Dagger တစ်စီးနဲ့ Canberra တစ်စီးကိုလည်း Harrier တွေက Sidewider နဲ့ ပစ်ချခဲ့ပြီးတော့ အာဂျင်တီးနား လေသူရဲ စုစုပေါင်း သုံးယောက်ကျဆုံးခဲ့ပါတယ်။ ပထမနေ့ လေကြောင်းတိုက်ပွဲတွေ အပြီးမှာ နှစ်ဘက်လုံးက သုံးနေတဲ့ နည်းဗျူဟာတွေကို ပြန်လည်သုံးသပ်ခဲ့တာလည်း တွေ့ရတယ်။ အာဂျင်တီးနားတွေက သူတို့ Mirage တွေ Dagger တွေအနေနဲ့ အနိမ့်ပျံရင် Harrier နဲ့ 9-Lima အတွဲအစပ်ကို လုံးဝမယှဉ်နိုင်ကြောင်းတွေ့သွားတယ်။

ဒါပေမယ့် ဟယ်ရီယာအနေနဲ့ Tail Chase လိုက်ရင် သူ့ထက်မြန်တဲ့ လေယာဉ်တွေမို့ မလိုက်နိင်တာကိုလည်း သိသွားတယ်။ ဒါကြောင့် Dagger တွေကို surface strike role မှာ ပြောင်းသုံးပြီးတော့ အင်္ဂလိပ်ရေတပ်ကိုပဲ ဦးတည်တိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဟယ်ရီယာရန်ကတော့ speed ကိုပဲ အားကိုးပြီး ရင်ဆိုင်ရမှာပါ။ တစ်ချိန်တည်းမှာပဲ အင်္ဂလိပ် Vulcan ဗုံးကြဲလေယာဉ်တွေရဲ့ Black Buck 1 စစ်ဆင်ရေးကြောင့် Mirage တွေကိုလည်း မြို့တော် Bueno Aires ကို ကာကွယ်ဖို့ တာဝန်ပေးလိုက်ကလို့ အင်္ဂလိပ် Harrier တွေအနေနဲ့ ရန်သူ့ Escort fighter ရန် စိုးရိမ်ဖို့ တော်တော်နည်းသွားပါတယ်။မေလ ၁ ရက်ကနေ အာဂျင်တီးနားတွေ လက်နက်ချတဲ့ ဇွန်လ ၁၄ ရက်နေ့အထိ စစ်ဆင်ရေး ၄၄ ရက်အတွင်းမှာ ရေတပ် Sea Harrier FRS1 တွေက ခေါက်ရေ ၁၄၃၅ ခေါက်၊ လေတပ် Harrier GR3 တွေက ခေါက်ရေ ၁၂၆ ခေါက်ထိ တိုက်ပွဲဝင်ပျံသန်းခဲ့ကြပါတယ်။ အချို့ တိုက်ပွဲ ပြင်းထန်တဲ့ နေ့တွေမှာဆိုရင် လေယာဉ်တစ်စီးကို ခေါက်ရေ ၄ ခေါက်လောက်အထိ တက်ကြရပါတယ်။ရေတပ် ဆီးဟယ်ရီယာတွေက ရေယာဉ်စုရဲ့ လေကြောင်းရန်ကာကွယ်ရေး Fleet Air Defense ကို အဓိကထား တာဝန်ယူပါတယ်။

အာဂျင်တီးနား ဗုံးကြဲတိုက်လေယာဉ်တွေကို ကြားဖြတ်တိုက်ခိုက်ရာမှာ စုစုပေါင်း ရန်သူလေယာဉ် ၂၁ စီးကို ပစ်ချနိင်ခဲ့ပါတယ်။ Dagger ၉ စီး၊ A-4 Skyhawk ၈ စီး၊ Pucara၊ Mirage III၊ Canberra နဲ့ C-130 ၁ စီးစီပါ။ ၈၀၀ အုပ်က ရန်သူ ၁၃ စီးနဲ့ ၈၀၁ အုပ်က ရန်သူ ၈ စီး ပစ်ချခဲ့တာပါ။ လေယာဉ်ချင်း ရင်ဆိုင်တဲ့ Air to air မှာ Harrier တစ်စီးမှ ပစ်ချမခံခဲ့ရပါဘူး။ဒါပေမယ့် ရန်သူ့ လေကြောင်းတိုက်ခိုက်မှုရန် ကြောက်လို့ ဖောက်ကလန်နဲ့ ခပ်လှမ်းလှမ်းမှာပဲ နေရာယူထားတဲ့ လေယာဉ်တင်သ‌င်္ဘောတွေပေါ်က တက်လာတဲ့ ဟယ်ရီယာတွေက ကျွန်းအနီး San Carlos ရေပြင်က စစ်ရေယာဉ်တွေအပေါ်မှာ ကြာကြာ မနေနိုင်ပါဘူး။ ဒါ့အပြင် သင်္ဘောတွေက ရေဒါတွေရဲ့ အားနည်းမှုနဲ့ အနိမ့်ပျံလေယာဉ်တွေကို ပစ်ရာမှာ အားနည်းတဲ့ SAM တွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ အင်္ဂလိပ်သ‌င်္ဘောတွေ အထိနာခဲ့ပါတယ်။လေယာဉ်တင်သင်္ဘောတွေ စစ်သည်တင်ရေယာဉ်တွေကို ကာကွယ်နိုင်ခဲ့ပေမယ့် ခေတ်မီ Type 42 ဖျက်သ‌င်္ဘော Sheffield နဲ့ Coventry၊ Type 21 ဖရီးဂိတ် Ardent နဲ့ Antelope တို့အပြင် ကွန်တိန်နာတင်သင်္ဘော Atlantic Conveyor နဲ့ ကမ်းတက်ရေယာဉ် Sir Galahad တို့ဟာ အာဂျင်တီးနား လေသူရဲတွေရဲ့ ရဲဝံ့စွံစားလှတဲ့ တိုက်ခိုက်မှုတွေကြောင့် နစ်မြုတ်ခဲ့ရပါတယ်။ အခြားသင်္ဘောတွေလည်း ထိခိုက်ပျက်စီးကြရပါတယ်။ရန်သူလေယာဉ်ကွင်းကို ဗုံးကြဲတာ၊ ရန်သူ အ‌မြှောက်စခန်းတွေကို ချေမှုန်းတာ၊ မိမိမြေပြင်တပ်တွေကို အနီးကပ် လေကြောင်းပစ်ကူပေးတာစတဲ့ ဝေဟင်မှ မြေပြင်တိုက်ခိုက်မှုတွေကို အစက ရေတပ် ဆီးဟယ်ရီယာတွေက လုပ်ပေမယ့် လေတပ် GR3 တွေ ရောက်လာချိန်မှာတော့ လေတပ်ကပဲ သီးသန့်လုပ်ပါတယ်။

မြေပြင်တိုက်ခိုက်မှုတွေမှာ Harrier စုစုပေါင်း ၅ စီး ပစ်ချခံခဲ့ရပါတယ်။ SAM ကြောင့် ၃ စီး AAA ကြောင့် ၂ စီးပါ။ ဒါ့အပြင် ညတိုက်ကင်းလှည့်ရင်း အချင်းချင်း တိုက်မိတာအပါအဝင် နောက်ထပ် မတော်တဆမှုတွေကြောင့်လည်း Harrier ၅ စီး ဆုံးရှုံးခဲ့တာမို့ စုစုပေါင်းလိုက်ရင်တော့ ဖောက်ကလန်မှာ တိုက်ပွဲဝင်ခဲ့တဲ့ Harrier လေးစီးမှာ တစ်စီးမက ဆုံးရှုံးခဲ့ရတာပါ။အသံထက်နှေးတဲ့ တိုက်လေယာဉ် အနည်းငယ် အနေနဲ့ မယုံစရာကောင်းလောက်အောင်ကို ရေယာဉ်စုလေကြောင်းရန်ကာကွယ်ရေး တာဝန်‌ကို‌ကော မြေပြင်တိုက်ခိုက်ရေးတာဝန်ကိုကော ကိုယ့်ထက် စီးရေအင်အား များပြားတဲ့ ရန်သူကို ရင်ဆိုင်ပြီးတော့ ထန်းဆောင်ခဲတာပါပဲလို့ နိဂုံးချုပ်အပ်ပါတယ်။

မူလရေးသာသူ – ရောက်တတ်ရာရာ ရေးတဲ့စာ pageမှ ကူးယူဖေါ်ပြအပ်ပါသည်။

Leave a Reply