တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်တွင် ပြီးခဲ့သည့်လက စံချိန်တင် မိုးရွာသွန်းမှုများနှင့် ရေလွှမ်းမိုးမှုများကြောင့် လူပေါင်းရာချီသေဆုံးခဲ့ပြီး သီတင်းပတ်အနည်းငယ်အကြာတွင် အိမ်နီးချင်း ဟူပေပြည်နယ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လူပေါင်း ၂၁ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု အာဏာပိုင်များက သြဂုတ်လ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မကြာသေးမီလများအတွင်းက မကြုံစဖူး မိုးသည်းထန်စွာရွာသွန်းမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ယင်းကဲ့သို့ဆိုးရွားသည့် ရာသီဥတုသည် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပိုမိုဆိုးရွားလာခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဟူပေပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်ခဲ့ပြီး မြေပြိုမှုများဖြစ်ပွားခဲ့ကာ ရာနှင့်ချီသည့် လူနေအိမ်များပျက်စီးခဲ့ပြီး လူပေါင်း ၆,၀၀၀ နီးပါး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်ဟု ဟူပေပြည်နယ်၏ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဗျူရိုက ပြောကြားခဲ့ပြီး ရေလှောင်ကန်များမှာလည်း အန္တရာယ်ရှိသည့် အဆင့်များသို့ ရောက်ရှိနေသည်ဟု ဆိုသည်။

“လူ ၂၁ ဦးသေဆုံးပြီး လေးဦးပျောက်ဆုံးနေပါတယ်။ ပြည်နယ်အတွင်းက မြို့နယ်တွေမှာ သြဂုတ်လ ၁၁ ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ပါတယ်” ဟု နိုင်ငံပိုင်စင်ဟွာ သတင်းအေဂျင်စီက သြဂုတ်လ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။
ဗီဒီယိုမှတ်တမ်းများအရ သြဂုတ်လ ၁၂ ရက်တွင် မိုးရေချိန် ၄၈၀ မီလီမီတာ (၁၉ လက်မခန့်) ရှိခဲ့သည့် ယီချန်မြို့တွင် ရေများသည် တင်ပါးခန့်မြင့်တက်နေပြီး မိသားစုများသည် မရှိမဖြစ် လိုအပ်သည့်ပစ္စည်းများကို ပလပ်စတစ်အိတ်များ အတွင်းထည့်ကာ ဘေးလွတ်ရာသို့ပြောင်းရွှေ့နေကြသည်ကို မြင်တွေ့ရသည်။
ကယ်ဆယ်ရေးသမားများကလည်း ဒေသခံများကို ဘူဒိုဇာများဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသယ်ဆောင်ခဲ့ကြသည်။

“မနေ့ကဆိုရင် ရေတွေဟာ နှစ်မီတာကနေ သုံးမီတာလောက်အထိ မြင့်တက်လာပါတယ်။ ကျွန်တော့်ရဲ့ ဘေးအိမ်ဆိုရင်လုံးဝကို ပျက်စီးသွားပါတယ်” ဟု ရွှီကျိုးမြို့ရှိ ရေလွှမ်းမိုးမှုကို အဆိုးရွားဆုံးခံစားခဲ့ရသည့် နေရာများထဲမှ တစ်နေရာတွင်နေထိုင်သူတစ်ဦးက ဒေသခံမီဒီယာကို ပြောကြားခဲ့သည်။
“ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ ၊ ၃၀ လောက်အတွင်းမှာ ဒီလိုမိုးသည်းထန်စွာရွာသွန်းမှုမျိုးကို မမြင်ခဲ့ဖူးပါဘူး” ဟု ၎င်းကဆိုသည်။
ရာနှင့်ချီသည့် မီးသတ်သမားများ၊ ထောင်နှင့်ချီသည့် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများကို သဘာဝဘေး အဆိုးရွားဆုံးခံစားနေရသည့် နေရာများသို့ စေလွှတ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ဟု တရုတ်၏ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းကလည်း နိုင်ငံအနောက်တောင်ပိုင်း စီချွန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုများနှင့် မြေပြိုမှုများကြောင့် လူ ၁၀၀,၀၀၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်တွင် တစ်နှစ်တာ မိုးရွာသွန်းမှုပမာဏနှင့် တူညီနေသည့် သုံးရက်ဆက်တိုက် စံချိန်တင်မိုးရွာသွန်းမှုများကြောင့် လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ကာ ဒေါ်လာဘီလျံချီ ဆုံးရှုံးနစ်နာခဲ့ရသည်။
crd:news-eleven