သတို့သမီးတွင်ကိုဗစ်တွေ့၍မင်္ဂလာပွဲကိုPPEဝတ်စုံပြည့်ဖြင့်ကျင်းပ
အိန္ဒိယမြောက်ပိုင်း ကျေးရွာတစ်ခုတွင် မင်္ဂလာပွဲမကျင်းပမီ နာရီအနည်းငယ်အလိုတွင် သတို့သမီးသည် ကိုဗစ်ရောဂါ ဖြစ်နေကြောင်း သိရသဖြင့် အစဉ်အလာမင်္ဂလာပွဲကို ပီပီအီးဝတ်စုံပြည့် ဝတ်ဆင်၍ ကျင်းပစေခဲ့ကြောင်း ဒေသခံ ကျန်းမာရေးအရာရှိတစ်ဦးက ပြောဆိုခဲ့သည်။
ရာဂျာစတန်ပြည်နယ်၊ ဘာရန်ကွာရန်တင်းစင်တာတွင် မင်္ဂလာပွဲကို ဆက်လက်ကျင်းပရန် အမည်မဖော်လိုသည့် မင်္ဂလာစုံတွဲက ဆုံးဖြတ်ခဲ့သည်။ သတို့သားနှင့် သတို့သမီးတို့သည် အပြာရောင် အကာအကွယ်ဝတ်စုံများ၊ မျက်နှာအကာများနှင့် နှာခေါင်းစည်းဝတ်ဆင်လျက် ပန်းကုံးများ လဲလှယ်ခဲ့သည်။

နောက်ခံမှာတွင် ရိုးရာ မင်္ဂလာဆောင်သီချင်းများ ဖွင့်လှစ်ထားစဉ် ဟိန္ဒူဘာသာကျမ်းစာများကို ရွတ်ဆိုနေသည့် ဘုန်းတော်ကြီးသည် အဖြူရောင်အကာအကွယ်ဝတ်စုံကြောင့် အာကာသယာဉ်မှူးနှင့်တူနေသည်။
သတို့သမီးနှင့် မိသားစုဝင်များတွင် ကိုဗစ်ပေါ့စတစ်ဖြစ်နေကြောင်း တွေ့ရှိခဲ့သည့်နောက် မင်္ဂလာပွဲကို အကျယ်မချဲ့ဘဲ ကွာရန်တင်းစင်တာတွင်သာ အကာအကွယ်အပြည့်ဝတ်ဆင်လျက် ကျင်းပရန် အကြံပေးခဲ့ကြောင်း ကျန်းမာရေးအရာရှိ ရာဂျန်ဒရာ မီးနာက ပြောဆိုခဲ့သည်။ မင်္ဂလာဆောင်ပြီးနောက် သတို့သားနှင့် သတို့သမီးတို့သည် စင်တာတွင် သီးသန့်နေထိုင်ကြရမည်ဖြစ်သည်။
အိန္ဒိယတွင် မင်္ဂလာပွဲများသည် ရံဖန်ရံခါဆိုသလို ပုံကြီးချဲ့ပြီး ဆူညံစွာကျင်းပလေ့ရှိပြီး ဆွေမျိုးများနှင့် ဧည့်သည် အများအပြားလည်း ဖိတ်ကြားရသည်။ သို့သော် ယခုအခါ ကိုဗစ်ကပ်ဘေးကြောင့် ပြည်နယ်များစွာတို့တွင် မင်္ဂလာပွဲများကို ကျင်းပရာတွင် ဧည့်သည်အရေအတွက်များ ကန့်သတ်ထားသည်။
အိန္ဒိယသည် ကမ္ဘာပေါ်တွင် အမေရိကန်နောက်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး လူနာ ၉ ဒသမ ၆ သန်းကျော် တွေ့ရှိထားသည်။ ကူးစက်မှုများသည် စက်တင်ဘာတွင် အမြင့်ဆုံးဖြစ်ခဲ့သည့်နောက် လွန်ခဲ့သည့်လက ဈေးများ၊ လမ်းများ လူစည်ကားရှုပ်ထွေးသည့် ပွဲတော်ရာသီဖြစ်စေကာမူ ကျဆင်းလာခဲ့ပြီဖြစ်သည်။
Credit – ထူးချစ်
Ref; CNN