တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် နှစ်စဉ်ပြုလုပ်နေကျဖြစ်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ်လ ၁၆ ရက်တွင် စတင်ပြုလုပ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပြီး ယင်းပူးတွဲစစ်ရေး လေ့ကျင့်မှုများသည် သံတမန်ရေးနှင့် လုံခြုံရေး အကျပ်အတည်းများဖြစ်နိုင်သည်ဟု မြောက်ကိုရီးယား၏ သတိပေးမှုများရှိနေသည့်ကြားက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် နွေဦးရာသီနှင့် နွေရာသီများတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ပုံမှန်ပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယားကမူ ယင်းစစ်ရေးလေ့ကျင့်မှုများသည် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ဖြစ်ကြောင်း ပြောကြားကာ ဒေါသတကြီး တုံ့ပြန်ခဲ့သည်။
ယခုအကြိမ် စစ်ရေးလေ့ကျင့်မှုများကို ကိုးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ခံစစ်ကို အဓိကထားပြီး လေ့ကျင့်မည်ဖြစ်ကာ စစ်သားအင်အား အနည်းငယ်သာ ပါဝင်မည်ဖြစ်ပြီး ကွန်ပြူတာဖြင့် အမိန့်ပေးညွှန်ကြားသည့် လေ့ကျင့်မှုများဖြစ်ကာ ကွင်းပြင်တွင် လေ့ကျင့်မှုများမပါဝင်ကြောင်း ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ပြောကြားခဲ့သည်။

“COVID-19 ကပ်ရောဂါအခြေအနေကို ထည့်သွင်းစဉ်းစားပြီးတဲ့နောက်မှာ မဟာမိတ်နှစ်နိုင်ငံဟာ ပူးတွဲကာကွယ်ရေး လေ့ကျင့်မှုတွေကိုပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ်မှာ ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးကို မြှင့်တင်ဖို့နဲ့ နျူကလီးယားဖျက်သိမ်းရေးအတွက် သံတမန်ရေးရာ အားထုတ်ကြိုးပမ်းမှုတွေကို ထောက်ခံတဲ့ နည်းလမ်းတွေကို ပြုလုပ်ခဲ့ပါတယ်” ဟု JCS က အစီရင်ခံစာတွင် ပြောကြားခဲ့သည်။
ယင်းစစ်ရေးလေ့ကျင့်မှုများအတွက် အမေရိကန်နှင့် တောင်ကိုရီးယားသည် ပြီးခဲ့သည့် သီတင်းပတ်က အကြိုပြင်ဆင်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် ဆက်သွယ်ထားသည့် အရေးပေါ်ဖုန်းလိုင်းမှ ဖုန်းခေါ်ဆိုမှုများကို ဖြေကြားခြင်းမရှိပေ။ ယင်းဆက်သွယ်ရေး ဖုန်းလိုင်းများကို ပြီးခဲ့သည့်နှစ်က နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာမှုများကြောင့် မြောက်ကိုရီးယားဘက်က ဖြတ်တောက်ခဲ့ခြင်းဖြစ်ကာ ယခုနှစ် ဇူလိုင်လ ၂၈ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ညီမဖြစ်သူ ကင်ယိုဂျုံက တောင်ကိုရီးယားသည် အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ဆက်လက်လုပ်ဆောင်မှုသည် သစ္စာမဲ့သည့် အပြုအမူဖြစ်သည်ဟု စွပ်စွဲခဲ့သည်။
အခြား မြောက်ကိုရီးယားထိပ်သီးအရာရှိတစ်ဦးကလည်း အမေရိကန်နှင့် တောင်ကိုရီးယားသည် ဆက်ဆံရေးများကို မြှင့်တင်ရမည့်အစား တင်းမာမှုများမြင့်တက်စေသည့် လုပ်ရပ်များကိုသာ ရွေးချယ်နေသည့်အတွက် ဆိုးရွားသည့် လုံခြုံရေး အကျပ်အတည်းကို ရင်ဆိုင်ရမည်ဟု သြဂုတ်လ ၁၁ ရက်က ပြောကြားခဲ့သည်။
၁၉၅၀ ပြည့်နှစ်မှ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် ကိုရီးယားစစ်ပွဲသည် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခြင်းမရှိခဲ့ဘဲ စစ်ဆိုင်းငံ့ရေး သဘောတူညီချက်သာရှိခဲ့သဖြင့် တောင်နှင့် မြောက် ကိုရီးယားနှစ်နိုင်ငံမှာ သဘောတရားအရ စစ်ပွဲဖြစ်ပွားနေသည့် အနေအထားတွင် ရှိနေကာ အမေရိကန်သည် တောင်ကိုရီးယားတွင် စစ်သား ၂၈,၅၀၀ ဖြန့်ကျက်ချထားခဲ့သည်။
crd:news-eleven