ဝါရှင်တန်ဒီစီ လုံခြုံရေးတိုးမြှင့်ထား
အမေရိကန်ပြည်ထောင်စုရဲ့ မြို့တော်ဝါရှင်တန်ဒီစီမှာတော့ လာမယ့် ဗုဒ္ဓဟူးနေ့ အမေရိကန်လွှတ်တော်မှာ ရွေးကောက်ခံသမ္မတ Joe Biden ရဲ့ ရွေးကောက်ပွဲအနိုင်ရမှုကို မဲခွဲဆုံးဖြတ်ကြမယ့်အရေး လက်ရှိသမ္မတ Donald Trump ကို ထောက်ခံသူတွေ ဆန္ဒပြဖို့ စုဝေးရောက်ရှိလာမှာဖြစ်တဲ့အတွက် မြို့တော်ဝါရှင်တန်ဒီစီတခုလုံးကို National Guard ပြည်နယ်လုံခြုံရေးတပ်တွေနဲ့ လုံခြုံရေးတိုးမြှင့်ချထားပါတယ်။ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ အကြီးအကျယ် ကန့်ကွက်ထားတဲ့ သမ္မတထရမ့်ကို ထောက်ခံသူတွေဟာ ဝါရှင်တန်ဒီစီမြို့တော်မှာ ဒီကနေ့ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့ ၂ ရက် ချီတက်ဆန္ဒပြကြဖို့စီစဉ်ထားတာပါ။

အမေရိကန်ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတဦးကတော့ ဝါရှင်တန်ဒီစီရဲ့ ပြည်နယ်လုံခြုံရေးတပ်တွေဟာ ဒီသီတင်းပတ်ထဲ ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ လုံခြုံရေးပိုင်းဆိုင်ရာကူညီဖို့ပဲဖြစ်ပြီး လက်နက်ကိုင်ဆောင်တာ၊ လုံခြုံရေးသံချပ်ကာတွေ ဝတ်ဆင်တာမျိုးလုပ်မှာ မဟုတ်ဘဲ ယာဉ်အသွားအလာတွေ မပိတ်ဆို့အောင်နဲ့ တခြားလိုအပ်တာကိုပဲ ကူညီဆောင်ရွက်ပေးကြမှာပါလို့ ဆိုပါတယ်။
ဝါရှင်တန်ဒီစီရဲ့ ယာယီရဲအရာရှိချုပ် Robert Contee ကတော့ ဝါရှင်တန်ဒီစီကို ချီတက်လာကြမယ့် သူတွေဟာ လက်နက်တွေကိုင်ဆောင်လာနိုင်တယ်လို့ တနင်္လာနေ့က ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ရာချီတဲ့ ထရမ့်ထောက်ခံသူတွေဖြစ်တဲ့ အနက်ရောင်နဲ့ အဝါရောင်အမှတ်တံဆိပ်တွေ ဝတ်ဆင်ထားတဲ့ Proud Boysအဖွဲ့က အိမ်ဖြူတော်အနီးတဝိုက်မှာရှိတဲ့ Black Lives Matter Plaza အနီး ဘားစားသောက်ဆိုင်နားမှာ မြို့ခံလှုပ်ရှားသူတွေနဲ့ ထိပ်တိုက်ရင်ဆိုင် အကြမ်းဖက်မှုတွေဖြစ်ခဲံပါတယ်။

မနေ့တနင်္လာနေ့တုန်းက ဆန္ဒပြဖို့ ဒီစီကိုရောက်လာတဲ့ အသက် ၃၆နှစ်အရွယ် Proud Boys အဖွဲ့ခေါင်းဆောင် Henry “Enrique” Tarrio ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက သမိုင်းဝင်လူမည်းဘုရားရှိခိုးကျောင်းမှာ ချိတ်ဆွဲထားတဲ့-Black Lives Matter banner ဆိုင်းဘုတ်ကို မီးရှို့ဖျက်ဆီးမှုနဲ့ ဝါရှင်တန်ဒီစီရဲအရာရှိတွေက ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးချိန် သူ့ဆီမှာ ကျည်ဆံအများအပြားထည့်လို့ရတဲ့ ကျည်ကပ်နှစ်ခုပါ တွေ့ရှိတာကြောင့် လက်နက်ခဲယမ်းကိုင်ဆောင်မှုနဲ့ပါ တရားစွဲဆို အမှုဖွင့်အရေးယူသွားဖို့ ရှိနေတယ်လို့ ရဲလုံခြုံရေးပြောခွင့်ရကပြောပါတယ်။
သမ္မတထရမ့်ကတော့ ဒီသီတင်းပတ်ထဲ ဖြစ်ပွားမယ့် ဆန္ဒပြလှုပ်ရှားမှုတွေမှာ သူကိုယ်တိုင် ပါဝင်ဆင်နွှဲနိုင်တယ်လို့ အရိပ်အမြွက်ပြောတဲ့အနေနဲ့- “ဒီသမိုင်းဝင်နေ့မှာ သူ ရှိနေမှာ” လို့ သူ့ရဲ့ တွစ်တာလူမှုကွန်ရက်ကနေ ထပ်ပြောဆိုထားပါတယ်။
VOA Burmese News မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။