လူ့အသက်ကို တန်ဖိုးထားတဲ့ နိုင်ငံက လူသားစိတ်ဓါတ်ရှိတဲ့ ထိုင်းရဲအုပ်ကြီးရဲ့ အပြုအမူ

လူ့အသက်ကို တန်ဖိုးထားတဲ့ နိုင်ငံက လူသားစိတ်ဓါတ်ရှိတဲ့ ထိုင်းရဲအုပ်ကြီးရဲ့ အပြုအမူ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တံတားပေါ်က ခုန်ချဖို့လုပ်နေတဲ့ မြန်မာတစ်ဦးကို ထိုင်းရဲတွေက ကယ်ဆယ်လိုက်ကြောင်း ထိုင်းအခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။

အသက် ၃၀ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ၁ ဦးသည် နိုဝင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ထနွန်ဖစ်ဥထိုင်လမ်းမကြီး ဖလမ်ကောင်း တံတားပေါ်ကနေ ခုန်ချရန်ကြိုးပမ်းနေစဉ်ထိုင်းရဲတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းဖြေသိပ်ပြောဆိုပြီး ပြန်လည် ကယ်ဆယ်နိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းတာဝန်ရှိသူများ ရောက်သွားချိန်တွင် အသက် ၃၀ နှစ်အရွယ်ရှိ မြန်မာအလုပ်သမားတစ်ဦးသည် ခုံးကျော်တံတားရှိ လမ်းဘေးဘောင်ပေါ် လမ်းမီးသံတိုင်ကို ကိုင်ထားလျက် အနေအထားရှိနေကာ လွှတ်ချလိုက်သည်နှင့် ပြုတ်ကျသွားနိုင်ကြောင်း ရေးသားထားသည်။

မြန်မာအလုပ်သမားမှာ ထိုင်းဘာသာဖြင့် အားတီအမည်ရှိသူဟု ဖော်ပြထားပြီး ထိုင်းနိုင်ငံသို့ အလုပ်လာရောက် လုပ်ကိုင်ရာတွင် အလိမ်ခံလိုက်ရသဖြင့် အလုပ်လက်မဲ့ဖြစ်နေခြင်းဖြစ်ကြောင်းလည်း ဖော်ပြသည်။

လက်ရှိတွင် နေစရာမရှိဖြစ်နေကာ မြန်မာနိုင်ငံသို့ ပြန်လိုသော်လည်း ငွေကြေးနှင့် ပတ်စ်ပိုစ့် မရှိသဖြင့် ခက်ခဲနေခဲ့ရာမှ ယခုကဲ့သို့ ကြံစည်မိခြင်းဖြစ်သည်ဟု မြန်မာအလုပ်သမားက ထိုင်းရဲတပ်ဖွဲ့သို့ ပြောဆိုထားသည်ဟု ဆိုသည်။

မြန်မာအလုပ်သမားတွင် စိတ်ဆင်းရဲ၊ စိတ်ဖိစီးမှုများကို မျက်နှာတွင် မြင်တွေ့နေခဲ့ရသဖြင့် မက်ကဆန်ရဲစခန်းမှ ရဲအုပ်ကြီး နာရွန်ဒေ့ ကိုယ်တိုင် “ငါတို့က ညီအစ်ကိုတွေပါ။ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်မလုပ်ပါနဲ့။ ငါ့ကိုယုံပါ” စသော နှစ်သိမ့်စကားများနှင့် ဖြောင်းဖျပြောဆိုခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ရဲအုပ်ကြီးက ယူနီးဖောင် အပေါ်အင်္ကျီကိုချွတ်ကာ အချိန်တော်တော်ကြာအောင် စည်းရုံးသိမ်းသွင်းခဲ့ပြီးနောက် မြန်မာအလုပ်သမားသည် တံတားဘောင် မီးတိုင်ပေါ်မှ ဆင်းလာခဲ့ကာ ရဲအုပ်ကြီးကို ထိုင်ကန်တော့ခဲ့ကြောင်း ရေးသားထားခဲ့သည်။

ရဲအုပ်ကြီးက မြန်မာအလုပ်သမားသည် ထိုင်းနိုင်ငံသို့ လာရောက်လုပ်ကိုင်စဉ်တွင် လိမ်လည်ခံရသဖြင့် စွန်ပစ်ထားခံရသကဲ့သို့ ဖြစ်နေကြောင်း ပြောဆိုခဲ့သည်ဟု ရေးသားထားသည်။ ၎င်းကို ရဲစခန်းသို့ ခေါ်သွားကာ ထပ်မံနှစ်သိမ့်မှုပေးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ရန်အတွက် ထိုင်း လဝက တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားသည် မြန်မာနိုင်ငံသို့ ပြန်မပို့ခင်တွင် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် အထောက်အထား မရှိသည့်အတွက် အရေးယူခံရနိုင်သေးသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောဆိုထားသည်။

 

Crd