နှစ်သစ်ကို ကြိုဆိုဖို့ လူအင်အားအပြည့်နဲ့ ဆင်နွှဲခဲ့ကြတဲ့ ဝူဟန် ပြည်သူများ
မနေ့က နယူးရီးယားညမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ရဲ့ လမ်းမတွေထက်မှာ လူထောင်ပေါင်းများစွာဟာ နှစ်သစ်ကိုကြိုဆိုဖို့အတွက် ပျော်ပွဲရွှင်ပွဲတွေဆင်နွှဲနေတာကို တွေ့ခဲ့ရပါတယ်။ မနှစ်က ဒီလိုအချိန်မှာ ဝူဟန်မြို့ဟာ ကိုဗစ်ကြောင့် ကံဆိုးမိုးမှောင်ကျနေချိန်ဖြစ်ပြီး နယူးရီးယားအပါအဝင် တရုတ်နှစ်သစ်ကူး ပွဲတော်ကိုတောင်မှ ဆင်နွှဲခွင့် မရရှိခဲ့ပါဘူး။

ဒီနှစ်တော့ လူအုပ်ကြီးဟာ ဟန်ကောအဆောက်အဦရှေ့မှာစုဝေးကာ ပူပေါင်းတွေလွှတ်ကြ၊ ချီးယားလုပ်ကြ၊ Happy New Year လို့အော်ကြနဲ့ နယူးရီးယားညကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြပါတယ်။ အချို့သူတွေဆိုရင် နှာခေါင်းစည်းတောင် တပ်မထားကြတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့လို့ အနီးအနားမှာတော့ ရဲသားတွေအများအပြား ဝန်းရံထားကြပြီး တင်းကြပ်စွာ စောင့်ဆိုင်းနေတာကိုလည်း တွေ့ရပါတယ်။

ဝူဟန်မှာ ကိုဗစ်ကင်းစင်နေခဲ့တာလည်း လနဲ့ချီကြာနေပြီဖြစ်သလို ကာကွယ်ဆေးလည်း တော်တော်များများ ထိုးနှံပြီးဖြစ်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့်လို့ ပေကျင်းအပါအဝင် အချို့နေရာတွေမှာတော့ အနည်းအကျဉ်းဖြစ်နေတာတွေ ရှိနေပါသေးတယ်လို့ သိရပါတယ်။

Source- Reuters
Credit – Yangon Life Myanmar