လူသိနည်းသော ရတနာ တစ်ပါး (သို့) ရှားပါး ခရုအုန်း အမြုတေ အကြောင်း သိကောင်းစရာ

လူသိနည်းသော ရတနာ တစ်ပါး (သို့မဟုတ်) ရှားပါး ခရုအုန်း အမြုတေ..
မြန်မာနိုင်ငံ တောင်ဘက် တနင်္သာရီ ပင်လယ် ကမ်းရိုးတန်းမှ မြို့များဖြစ်သည့် ကော့သောင်းမြို့ ဘုတ်ပြင်းမြို့နှင့် မြိတ်မြို့တို့သည် သဘာဝ ရတနာတစ်ပါး ဖြစ်သည့် အဖိုးတန် ကမ်ဘာကျော် ပုလဲရတနာထွက်ရှိသောကြောင့် လူသိများသည်။
ပုလဲရတနာကို ပင်လယ် သတ္တဝါ ခရုခုံးကောင် မျိုးနွယ်တစ်မျိုး ဖြစ်သည့် မုတ်ကောင်မှ သဘာဝအတိုင်း သို့မဟုတ် မုတ်ကောင်များကို လူသားတို့က မွေးမြူကာ ပုလဲ ထုတ်လုပ် ဖန်တီးကြသည်။ အဆိုပါ ပုလဲရတနာသည် မုတ်ကောင် အတွင်းမှ ဖြစ်တည်လာသည့် ရတနာတန်းဝင် လူသားတို့ တန်ဖိုးထားရာ အမြုတေ တစ်ပါးပင် ဖြစ်သည်။
စာရေးသူတို့ တနင်္သာရီတိုင်း ဒေသကြီးအတွင်း ပုလဲနှင့် အသွင်သဏ္ဌာန် တူ၍ အဖိုးထိုက်တန်သည့်ပင်လယ် ငါးဖမ်းလှေများတွင် ဖမ်းယူ ရရှိသည့် ခရုအုန်း (ခေါ်) အုန်းခရု တစ်မျိုးအတွင်းမှ ရရှိတတ်သည့် တန်ဖိုးကြီးမားသည့် ခရုအုန်း အမြုတေ ရတနာတစ်ပါး အကြောင်းကိုကား သိသူ နည်းပေသည်။
ကမ္ဘာအရပ်ရပ်၌ ခရုမျိုးစိတ်ပေါင်း ၆၅ဝဝဝ ကျော်ခန့်ရှိရာ (၁) ဂစ္စထရိပဒါ၊ (၂) လီဗရန် ကီးယား၊ (၃) ဆယ်ဖလော်ပဒါ၊ (၄) အမ်ဖီနျူရာ၊ (၅) စကက်ဖိုပဒါဟူ၍ ခရုအမျိုးအစား ငါးမျိုးရှိရာ ခရုအုန်း သို့မဟုတ် အုန်းခရုသည် ဂစ္စထရိပဒါ အမျိုးအစားတွင် ပါဝင်သည်။
ဂစ်စထရိပဒါဟူသော ဝေါဟာရမှာ ဝမ်းဗိုက်ဖြင့် သွားလာသော သတ္တဝါမျိုးဟု အဓိပ္ပာယ်ရပေရာ ပက်ကျိနှင့် ရေချိုရေငန်အပြင် ကုန်းပေါ်၌ တွေ့ရတတ်သည့် ခရု အမျိုးမျိုး ပါဝင်သည်။ အဆိုပါ ခရု အမျိုးအစားများသည် မိမိဝမ်းဗိုက် အရေပြားကို မြေပေါ်၌ တွန့်၍ တွန့်၍ တစ်နေရာမှ တစ်နေရာသို့ တွားသွားတတ်ကြသည်။
ခရုအုန်း သို့မဟုတ် အုန်းခရုသည် ပင်လယ်ကြမ်းပြင်တွင် ကျက်စား နေထိုင်သည့် ခရုတစ်မျိုး ဖြစ်သည်။ အဆိုပါခရုသည် အခွံခွာထားသည့် အုန်းသီး သဏ္ဌာန်ရှိ၍ ခရုအုန်း သို့မဟုတ် အုန်းခရုဟု ဒေသခံများခေါ်ကြသည်။ အရောင်အဆင်းမှာ ဝါကြန့်ကြန့် အခွံမာပြီး အခွံပေါ်တွင် အစက်ပြောက်များ အနည်းငယ်ရှိသည်။ လုံးပတ်အချင်း ၈ လက်မမှ ၁၉ လက်မအထိ အသက်အရွယ်လိုက်၍ အရွယ်အစား အမျိုးမျိုးရှိသည်။
အခွံအတွင်း အသားမှာ အစင်းများ ပါရှိပြီး အသားကို စားသုံးရန် အဓိကထားကြသည်။ ငါးဖမ်းပိုက်လှေများတွင် အခါ အားလျော်စွာ ဖမ်းဆီးရမိသည့် အခြားငါးများနှင့်အတူ ပင်လယ်ကြမ်းပြင်မှတစ်ဆင့် ပိုက်အတွင်း ဖမ်းဆီးရမိတတ်ကြသည်။ အသားကို ရေနွေးဖြင့် ပြုတ်၍ ပါးပါးလှီးကာ သုပ်စားလေ့ရှိသည်။
ခရုအုန်း အသားသုပ်၏ အနေအထားနှင့် အရသာမှာ ဝက်နားရွက်သုပ်နှင့် ဆင်တူသည်။ ဟိုတယ်များတွင် ခရုအုန်း အသုပ်တစ်ပွဲလျှင် ငွေကျပ် သောင်းကျော်ခန့် ပေးရတတ်သည်။
ခရုအုန်း သို့မဟုတ် အုန်းခရုအခွံကို ကနုကမာ နည်းပညာဖြင့် လက်ဝတ်ရတနာ သိမ်းဆည်းသည့်ဘူး၊ ဆေးလိပ်ဘူး၊ ဆေးလိပ်ပြာခံခွက်နှင့် အခြားအနုပညာမြောက် ပစ္စည်းပေါင်းများစွာ ဖန်တီးထုတ်လုပ်ကြသည်။ အတွင်းအသားထဲတွင် မုတ်ကောင်အတွင်း ပုလဲဖြစ်တည်သည့် ဖြစ်စဉ်ကဲ့သို့ သဘာဝအလျောက် ဖြစ်တည်နေသည့် ခရုအုန်း အမြုတေကို ရရှိတတ်သည်။
ဒေသခံများက ခရုအုန်း ပုလဲ ဟုခေါ်ကြသည်။ ပုလဲ ပုံသဏ္ဌာန်မှာ လုံးဝန်းသည့် သဏ္ဌာန်နှင့် ကြက်ဥ ပုံသဏ္ဌာန် အတွေ့ရများသည်။ အရွယ်အစား အမျိုးမျိုး တွေ့ရတတ်သည်။ အထူးသဖြင့် မုတ်ကောင်မှ ရသည့် သဘာဝ ပုလဲ၏ အရွယ်အစားဖြင့် ရရှိလေ့ရှိသည်။ အရောင်အဆင်းမှာ ဝါကြန့်ကြန့် ရွှေအိုရောင် အဆင်းကဲ့သို့ရှိပြီး ပုလဲ မျက်နှာပြင်ပေါ်တွင် သဘာဝ အလျောက် ဖြစ်ပေါ်နေသည့် အစင်းများ၊ အရစ်များ ပုံသဏ္ဌာန် အမျိုးမျိုး ကျစ်လျစ် သိပ်သည်းစွာ ဖြစ်တည် နေလေ့ရှိသည်။
ခရုအုန်း ပုလဲကို ခရုအုန်း အကောင်တိုင်းတွင် တွေ့ရလေ့ မရှိဘဲ တစ်ခါ တစ်ရံမှသာ ရရှိတတ်သည့် ရှားပါး စာရင်းဝင် ရတနာ တစ်ပါးဖြစ်ရာ အရောင်အသွေးနှင့် အလေးချိန်ကို လိုက်၍ ငွေကြေး တတ်နိုင်သူများ သိန်းရာချီပေး ဝယ်ယူတတ်ကြသည်။
အရှေ့အလယ်ပိုင်း ဒေသများမှ သူဌေးသူကြွယ်များ၊ ဥရောပနှင့် အမေရိကမှ ရတနာကုန်သည်များ ဈေးကြီးပေးဝယ်တတ်ကြသည်။ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ဂုဏ်သရေရှိ သူဌေးသူကြွယ်များ အဆောင်လက်စွပ်အဖြစ် ဆင်မြန်းလေ့ရှိကြောင်း သိရသည်။
အဆိုပါ ခရုအုန်း ပုလဲ ရတနာ အမြုတေသည် မြန်မာပြည်တောင်ဘက်ပိုင်း ပင်လယ်ရေနေ သတ္တဝါအတွင်းမှ သဘာဝအလျောက် ရရှိတတ်သည့် အဖိုးတန် ရှားပါးရတနာအကြောင်းအား စာဖတ်သူများ ဗဟုသုတ အဖြစ် သိရှိနိုင်ကြစေရန် လေ့လာ ရေးသား လိုက်ရပါသည်။ ကျော်စိုး (ကော့သောင်း)
အပေါ်ပုံမှာ ၂၀၁၇ ခုနှစ်က ကျွန်းစုမြို့နယ် ကံမော်ကျေးရွာအုပ်စု ကော်မယ်အနောက်ကျေးရွာတွင် နေထိုင်သူ ကိုရိုက်ခေါင်း (ခ) ကိုထက်နိုင်ဝင်းသည် ပင်လယ်ထဲပိုက်ဆွဲရာမှ ရရှိလာသော ခရုအုန်းအား ဟင်းချက်ရန် ခွဲထုတ်ရာမှာ ရွှေရောင်သန်းလျက်ရှိသော အမြုတေတစ်လုံး ရရှိခဲ့ပါသည်။ ယခုပို့စ်ပါ ပုံများမှာ အဆိုပါ အမြူတေရရှိခဲ့စဉ်က ပုံများ ဖြစ်ပါသည်။
Post Views:
3
Crd