လမ်းမှာ မောင်းနှင်နေစဉ်မှာ လျှပ်စစ်ကားကို ကြိုးမဲ့ အားသွင်းပေးနိုင်တဲ့ နည်းပညာကို ဖန်တီးနိုင်ပြီ

News

လမ်းမတွေပေါ်မှာ မောင်းနှင်နေစဉ်မှာပဲ လျှပ်စစ်ကားကို ကြိုးမဲ့ အားသွင်းပေးနိုင်တဲ့ နည်းပညာကို ကမ္ဘာအဝန်းမှာ ဖန်တီးနေကြပါတယ်။ ဒီနည်းပညာက လျှပ်စစ်ကားတွေကို အားသွင်းစက်တွေ တည်ရှိတဲ့ နေရာကို သွားပြီး အားသွင်းစရာ မလိုတော့တဲ့အတွက် အရမ်းကို အဆင်ပြေပါတယ်။

Dynamic Wireless Power Transfer (DWPT) လို့ခေါ်တဲ့ အဲဒီ နည်းပညာကို ဖန်တီးနေတဲ့ ကား ကုမ္ပဏီ ၁ ခုက Stellantis ဖြစ်ပြီး DWPT ဟာ လမ်းမတွေအောက်မှာ ကွိုင်တွေ ထည့်သွင်းထားတဲ့ စနစ် ဖြစ်ပါတယ်။ ကွိုင်တွေက လမ်းမပေါ်မှာ မောင်းနှင်နေတဲ့ ကားတွေဆီ Electro-magnetic Field ကို ထုတ်လွှင့်ပေးပါတယ်။ အဲဒီနောက်မှာ ကားက Electro-magnetic Field ကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။

Arena del Futuro

Stellantis က Arena of the Future လို့ခေါ်တဲ့ စမ်းသပ်ကားကွင်း ၁ ခုကို တည်ဆောက်ခဲ့ပြီး Fiat 500 လျှပ်စစ်ကားနဲ့ စမ်းသပ်ခဲ့ပါတယ်။ ဒီနည်းပညာရဲ့ အလုပ်လုပ်ပုံကို အောက်ပါ ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

Stellantis က စမ်းသပ်ချက်အရ Fiat 500 လို လျှပ်စစ်ကားတွေဟာ ဘက်ထရီရဲ့ စွမ်းအင်ကို အသုံးပြုစရာ မလိုဘဲ ကားလမ်းပေါ်မှာ မောင်းနှင်နိုင်တယ်လို့ ပြောပါတယ်။ ကားလမ်းကနေ ကားဆီကို ထုတ်လွှင့်ပေးတဲ့ လျှပ်စစ် စွမ်းအင်ကလည်း အားသွင်းစက်တွေကို ယှဉ်နိုင်တယ်လို့ သိရပါတယ်။

Stellantis က DWPT နည်းပညာဟာ လျှပ်စစ်ကားတွေကို လူတွေ ပိုမို သုံးစွဲလာစေမှာ ဖြစ်ပြီး ကာဘွန်ထုတ်လုပ်မှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုကို လျှော့ချပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

Ref : tnw

Crd