လပေါ်မှာ ရေတွေရှိလာရတဲ့ အကြောင်းများ – The Geek Text

Post Views:
8
လပေါ်မှာ ရေတွေရှိလာရတဲ့ အကြောင်းများ
လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း လပေါ်မှာ ရေရှိတယ်ဆိုတာကို အာကာသယာဉ်များစွာဖြင့် သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒီရေတွေဟာ လပေါ်မှာ ဘယ်လိုရောက်လာသလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။
လပေါ်မှာရှိနေတဲ့ ရေတွေအကုန်လုံးဟာ သူ့ဆီကနေပဲ ထွက်ပေါ်လာတာ မဟုတ်ပါဘူး။ ရေတစ်ချို့ဟာ ကမ္ဘာ့လေထုထဲကနေမှ လပေါ်ကို ရောက်ရှိသွားခြင်း ဖြစ်နိုင်တယ်လို့ အလက်စကာတက္ကသိုလ်မှ သုတေသီများက ပြောကြားလိုက်ပါတယ်။
NASA ဟာ လပေါ်မှာ လူတွေကာလ ကြာရှည်နေထိုင်နိုင်စေဖို့အတွက် အာတီမစ်လို့အမည်ရတဲ့ စီမံကိန်းတစ်ခုကို လုပ်ဆောင်နေပါတယ်။ ဒီစီမံကိန်းကို လုပ်ဆောင်နေတဲ့ NASA အတွက်တော့ လပေါ်မှာ ရေရှိတယ်ဆိုတဲ့ သတင်းဟာတကယ့်ကို သတင်းကောင်းပဲ ဖြစ်ပါတယ်။
အကြောင်းရင်းကတော့ လပေါ်မှာနေမယ့်လူတွေဟာ လဆီကနေရတဲ့ ရေကိုသာ အဓိက အားကိုးအားထား ပြုရမှာကြောင့် ဖြစ်ပါတယ်။
NASA ဟာ အာတီမစ်စီမံကိန်းအတွက် လရဲ့တောင်ဝင်ရိုးစွန်းမှာ အခြေစိုက်စခန်းတစ်ခု တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ အဲဒီမှာတွေ့ရတဲ့ ရေအိုင်ယွန်လေးတွေက အလွန်ရှည်လျားတဲ့ ကာလများစွာ ကတည်းက ကမ္ဘာမြေပေါ်ကနေ မြစ်ဖျားခံပြီး ရောက်သွားတာ ဖြစ်ပါတယ်။
အဲဒီရေတွေက အာကာသယာဉ်မှူးတွေရဲ့ အသက်ကယ်ထောက်ပံ့ရေး စနစ်မှာ အသုံးပြုနိုင်ပါတယ်လို့ အလက်စကာတက္ကသိုလ် ဘူမိရူပဌာနမှ သုတေသနပညာရှင် ပါမောက္ခ ကလီတက်စခါက ပြောထားပါတယ်။
လရဲ့ဝင်ရိုးစွန်းဒေသ မြေအောက်အလွှာတွေမှာ ရေပမာဏ ကုဗကီလိုမီတာ ၃၅၀၀ အထိရှိနိုင်မယ်လို့ သုတေသီများက ခန့်မှန်းထားပါတယ်။ အဲဒီရေတွေက လပေါ်မှာအလိုအလျောက်ဖြစ်နေတဲ့ ရေတွေသာမကဘဲ ကမ္ဘာ့လေထုကနေ လွတ်မြောက်ပြီး ရောက်ရှိသွားတဲ့ အိုင်ယွန်လေးတွေကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် လပေါ်ကိုရောက်ရှိသွားတဲ့ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်အိုင်ယွန်လေးတွေဟာ ကမ္ဘာ့သံလိုက်လမ်းကြောင်း အလွှာကနေတစ်ဆင့် ရောက်ရှိသွားတာ ဖြစ်တယ်လို့ ကလီတက်စခါနဲ့ အဖွဲ့က ခန့်မှန်းထားပါတယ်။
သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုကို NASA အပြင် ဥရောပအာကာသအေဂျင်စီ၊ ဂျပန်အာကာသနယ်ပယ် လေ့လာရေး အေဂျင်စီနဲ့ အိန္ဒိယ အာကာသသုတေသန အဖွဲ့အစည်းတို့ကလည်း အတည်ပြုထားပါတယ်။
ဒါပေမဲ့ လပေါ်မှာ ရေတွေရှိနေရတာဟာ ဒီအကြောင်းအရာတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ နောက်ထပ် အကြောင်းအရာတွေ အများကြီး ရှိပါသေးတယ်။
အဲဒီထဲကမှ ပညာရှင်အများစု ယုံကြည်ထားတဲ့ အကြောင်းအရာတချို့က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ ဒသမ ၅ ဘီလီယံလောက်က ဥက္ကာခဲတွေ၊ ကြယ်တံခွန်တွေက လနဲ့ဝင်တိုက်မိမှုကြောင့် ဖြစ်ပေါ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ထပ် အကြောင်းအရာတစ်ခုကတော့ နေလေစီးကြောင်းက လပေါ်ကျရောက်မှုကြောင့်လည်း ဖြစ်တယ်လို့ ပြောစမှတ်ရှိပါတယ်။ နေလေစီးကြောင်းက အောက်ဆီဂျင်နဲ့ ဟိုက်ဒရိုဂျင်အိုင်ယွန်တွေကို သယ်ဆောင်လာတယ်။ အဲဒီအိုင်ယွန်တွေက ပေါင်းစည်းသွားပြီးတော့ ရေမော်လီကျူးများအဖြစ် ပြောင်းလဲသွားစေပါတယ်။
လပေါ်မှာ ရေရှိမှုဟာ ဘယ်လိုကြောင့်ပဲ ဖြစ်ပါစေ။ ဒါဟာ အာကာသလေ့လာ စူးစမ်းသူများအတွက်တော့ သတင်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
Crd
Crd