လစ်ဗျားအတိုက်အခံတပ်ဖွဲ့များကိုတူရကီသတိပေး

Militarily News

လစ်ဗျား အတိုက်အခံတပ်ဖွဲ့များကို တူရကီ သတိပေး

လစ်ဗျားနိုင်ငံအရှေ့ပိုင်းမှာ တပ်စွဲထားတဲ့ ဗိုလ်ချုပ်ကြီး ခါလီဖှာဟဲ့ဖ်တာနဲ့ သူ့ကို ထောက်ခံသူတွေဟာ တူရကီစစ်တပ်ကို တိုက်ခိုက်ဖို့ ကြိုးစားရင် တရားဝင် ပစ်မှတ်တွေဖြစ်သွားလိမ့်မယ်လို့ တူရကီ ကာကွယ်ရေးဝန်ကြီး ဟူလူစီအာကာက ဒီဇင်ဘာ ၂၆ ရက်မှာ သတိပေးလိုက်ပါတယ်။

ဟဲ့ဖ်တာဟာ လစ်ဗျားနိုင်ငံအတွင်း တူရကီစစ်တပ်တွေကို ပစ်မှတ်ထားဖို့ စတင် ဆော်သြနေပြီး တူရကီစစ်တပ်တွေကို တိုက်ခိုက်ဖို့လည်း ဆော်သြနေတယ်လို့ ထရီပိုလီမြို့တော်ရှိ တူရကီစစ်တပ်ဆီ သွားရောက်လည်ပတ်ချိန်မှာ ဝန်ကြီးက ပြောပါတယ်။

အစိုးရ၊ လွှတ်တော်နဲ့ စစ်တပ်ပါ နှစ်ခြမ်းကွဲပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့ လစ်ဗျားနိုင်ငံမှာ မြို့တော်ထရီပိုလီ အခြေစိုက် နိုင်ငံတကာအသိအမှတ်ပြု (GNA) အစိုးရကို အဓိက ထောက်ခံတဲ့ နိုင်ငံခြား တိုင်းပြည်ဟာ တူရကီပါ။

လစ်ဗျားအရှေ့ပိုင်းမှာ တပ်စွဲထားတဲ့ ဗိုလ်ချုပ်ကြီး ခါလီဖှာဟဲ့ဖ်တာ ခေါင်းဆောင်တဲ့ LNA အစိုးရကိုတော့ ရုရှား အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ အီဂျစ်တို့က ကျောထောက်နောက်ခံ ပေးထားပါတယ်။

အောက်တိုဘာလက GNA နဲ့ LNA အစိုးရတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ကုလသမဂ္ဂကလည်း အဖြေတရပ်အနေနဲ့ လာမယ့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး နိုင်ငံရေး ဆွေးနွေးဖို့ တွန်းအားပေးခဲ့ပါတယ်။

ရုရှားအစိုးရကလည်း လစ်ဗျားမှာ ငြိမ်းချမ်းရေး အခြေကျစေရေး နိုင်ငံတကာက အားထုတ်ကြဖို့ ဆော်သြခဲ့ပါတယ်။
တူရကီဟာ GNA အစိုးရအတွက် စစ်ဘက်အရာရှိတွေနဲ့ ပစ္စည်းကိရိယာတွေ ပေးပို့ခဲ့ပြီး GNA နဲ့ LNA အစိုးရတို့ကြား ပဋိပက္ခကို အဖြေရှာရေး ရုရှားအစိုးရနဲ့လည်း ဆွေးနွေးနေပါတယ်။

Credit – DVB

Leave a Reply