လက်နက်မှောင်ခိုသွင်းမှုနဲ့ အမေရိကန်သေနတ်ကုမ္ပဏီတွေကို မက္ကဆီကိုက တရားစွဲ

News

တာဝန်ခံမှုမရှိသလို ကန့်သတ်ထိန်းသိမ်းမှုလည်းကင်းမဲ့နေတဲ့ စီးပွားရေး လုပ်ကိုင်နည်းတွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို အားပေးနေတယ်လို့ အမေရိကန်က နာမည် အကြီးဆုံး လက်နက်ကုမ္ပဏီကြီးတချို့ကို မက္ကဆီကိုအစိုးရက တရားစွဲဆို လိုက် ပါတယ်။

လူသေဆုံးမှု အများအပြားနဲ့ ဆက်စပ်နေတဲ့ လက်နက် တရားမဝင်ကုန်ကူးမှုတွေကို အားပေးကူညီနေတယ်ဆိုတာကို ဒီကုမ္ပဏီတွေ သူတို့ကိုယ်တိုင် သိကြပါတယ်လို့ တရားစွဲသူတွေက ဆိုပါတယ်။

မက္ကဆီကိုဘက်က ဆုံးရှုံးရမှုတွေအတွက် လျော်ကြေး အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ တောင်းထားတယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်၊ ဒါပေမယ့် ဒီလိုလျော်ကြေး ပမာဏက တရားရုံးကသာ ဆုံးဖြတ်မှာပါ။

အမေရိကန်လက်နက်ကုမ္ပဏီတွေဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှတ်ချက် စကားမှ ထုတ်မပြောသေးပါဘူး။

တရားစွဲခံရတဲ့ လက်နက် ကုမ္ပဏီတွေထဲမှာ စမစ် အင် ဝက်ဆင် (Smith & Wesson)၊ ဘားရက် သေနတ်များ (Barrett Firearms) စတဲ့ ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။ ဘီဘီစီက ဒီကုမ္ပဏီတွေရဲ့ တုန့်ပြန်ချက်ကို သိရအောင်ဆက်သွယ်ထားပါတယ်။

ဒီတရားစွဲဆိုမှုကို ဗုဒ္ဓဟူးနေ့က အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက် ပြည်နယ်မှာ လုပ်ခဲ့ကြတာပါ။

တရားစွဲတင်ချက်ထဲမှာ “မက္ကဆီကိုထဲက မူးယစ် ဆေးဝါးဂိုဏ်းတွေ၊ တခြား ရာဇဝတ်သားတွေအတွက် တရားမဝင်နည်းနဲ့ သူတို့ရဲ့ လက်နက်တွေ ခိုးသွင်းနေတာကို ဒီကုမ္ပဏီတွေက အဆင်ပြေချောမွေ့အောင် စိတ်ပါလက်ပါ ဆောင်ရွက်နေတာတွေကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ဖြစ်နေတာကို အဆုံးသတ်ဖို့” မက္ကဆီကို အစိုးရအနေနဲ့ လုပ်ဆောင်တာလို့ ရေးသားထားတာ ပါဝင်ပါတယ်။

လက်နက်ထုတ်လုပ်သူတွေဟာ “လက်နက်တွေ တရားမဝင်နည်းနဲ့ ခိုးသွင်းနေကြတယ်ဆိုတာကို သိသလို၊ ဒီလက်နက်တွေသုံးပြီး မက္ကဆီကိုက အရပ်သား လူထုနဲ့ အာဏာပိုင်တွေကို တိုက်ခိုက်နေကြတယ် ဆိုတာကိုလည်း သိကြတယ်” လို့ ဒီတရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြောင်း သတင်းတွေထဲမှာ တွေ့ရပါတယ်။

ဒီကုမ္ပဏီတွေဟာ “လုံခြုံရေးယန္တရားတွေ၊ စောင့်ကြည့်တဲ့နည်းတွေကို ကျော်လွှားပြီး ပိုပြီး လူသေနိုင်တဲ့ လက်နက်တွေအပါအဝင် လက်နက်ရောင်းအားမြှင့်တင်တဲ့ စျေးကွက်ဗျူဟာတွေကို အသုံးပြုကြတယ်”လို့ မက္ကဆီကိုက ဆိုပါတယ်။

မက္ကဆီကို အစိုးရက သူတို့နိုင်ငံထဲကို တရားမဝင်နည်းနဲ့ ရောက်လာတဲ့ လက်နက် အရေအတွက် စုစုပေါင်းရဲ့ ၇၀ % ဟာ အမေရိကန်နိုင်ငံကလို့ ခန့်မှန်းတွက်ချက်ထားတဲ့အကြောင်း အေပီသတင်းဌာနက ရေးပါတယ်။

၂၀၁၉ ခုနှစ် တနှစ်ထဲအတွင်း မက္ကဆီကိုမှာ ဖြစ်ခဲ့တဲ့ လူသတ်မှုတွေထဲက အမှုပေါင်း ၁၇, ၀၀၀ ကျော်ဟာ ခိုးသွင်း လာတဲ့ လက်နက်တွေနဲ့ ဆက်စပ်မှုရှိပါတယ်။

ခိုးသွင်းလာတဲ့ လက်နက်တွေကြောင့် ဆုံးရှုံးမှုတွေဟာ မက္ကဆီကိုရဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ရဲ့ ၁.၇ % လောက်နဲ့ ညီမျှတယ်လို့ အစိုးရ အရာရှိ တယောက်က သတင်းထောက်တွေကို ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီး မာဆဲယ်လို အက်ဘရတ်က “တရားရုံးမှာ ကျွန်တော်တို့နိုင်မယ်၊ လက်နက်တွေ မက္ကဆီကိုထဲကို တရားမဝင် ခိုးသွင်းနေတာကို အကြီးအကျယ် လျှော့ချသွားနိုင်မယ်”လို့ ပြောပါတယ်။

ဒီတရားစွဲဆိုမှုဟာ အမေရိကန်အစိုးရကို ဦးတည်တာမဟုတ်ကြောင်းလည်း မက္ကဆီကို အစိုးရအရာရှိတွေက အထူးဂရုပြုပြီးပြောပါတယ်။

မစ္စတာ အက်ဘရတ်က လက်နက် တရားမဝင်ကုန်သွယ်နေမှုတွေကို တိုက်ဖျက်ဖို့အတွက် သမ္မတ ဂျိုးဘိုင်ဒန် အစိုးရအနေနဲ့ မက္ကဆီကိုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိမယ်ဆိုတာ သူယုံကြည်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီတရားစွဲဆိုမှုမှာ မက္ကဆီကိုဘက်က နိုင်ဖို့သိပ်မလွယ်ဘူးလို့ ကျွမ်းကျင်သူတွေက သံသယရှိပါတယ်။

မက္ကဆီကို ကောလိပ်က အငြိမ်းစားပါမောက္ခ လိုရန်ဇို မေယာက တရားမဝင် ကုန်သွယ်မှုတွေအတွက် “အမေရိကန်လက်နက်ကုမ္ပဏီတွေက တာဝန်ခံစေဖို့ရာမှာ မဖြစ်နိုင်လောက်အောင်ကို” အမေရိကန်ဥပဒေတွေက ရေးဆွဲထားတာလို့ အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

BBC