ကက်ရှ်မီးယားတွင်အရပ်သား၃-ဦး အသတ်ခံရာ၌လက်နက်ထောက်ပ့ံမှုဖြင့်အိန္ဒိယစစ်ဖက်အရာရှိစွပ်စွဲခြင်းခံရ

Militarily News

ကက်ရှ်မီးယားတွင် အရပ်သား ၃-ဦး အသတ်ခံရာ၌ လက်နက်ထောက်ပ့ံ မှုဖြင့် အိန္ဒိယစစ်ဖက်အရာရှိ စွပ်စွဲခြင်းခံရ။ အငြင်းပွားဖွယ်ဖြစ်ရပ်အတွက်ဒေသ အတွင်း တပ်ဖွဲ့ဝင် ၅-သိန်းကျော်ဖြန့်ချထားသော အိန္ဒိယတပ်မတော်အနေဖြင့် သီးခြားစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရ

လွန်ခဲ့သည့် ဇူလိုင်လတွင် ကက်ရှ်မီးယား၌ သေဆုံးသူ အလုပ်သမား ၃-ဦးမှာ ပစ်ခတ်မှုဖြစ်ပွားစဉ် သေနတ်ထိမှန်သည့် စစ်သွေးကြွများ ဖြစ်လေဟန်ကြံစည်မှုတွင် လက်နက်ထောက်ပ့ံမှုဖြင့် အိန္ဒိယစစ်ဖက်အရာရှိတစ်ဦးနှင့် အပေါင်းပါ ၂-ဦးတို့အား ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် စွပ်စွဲလိုက်သည်ဟု AFP က ယနေ့ရေးသားသည်။

အဆိုပါဖြစ်စဉ်ကြောင့် ပါကစ္စတန်နှင့် ပိုင်ဆိုင်မှုအငြင်းပွားလျှက်ရှိသော ဟိမဝန္တာတောင်တန်းဒေသကက်ရှ်မီးယား၏ အိန္ဒိယနိုင်ငံက စီမံအုပ်ချုပ်လျှက်ရှိသောနယ်မြေတွင် စိတ်ပျက်ဒေါသထွက်စရာများ ဖန်တီးရာရောက်ရှိစေခဲ့သည်။

အိန္ဒိယတပ်မတော်၏ သတင်းထုတ်ချက်၌မူ အဆိုပါ လူ ၃-ဦးမှာ ကက်ရှ်မီးယားတောင်ပိုင်း အမ်ရှီပိုရာရွာတွင် တိုက်ပွဲဖြစ်ပွားရာစဉ် သေဆုံးသူများဖြစ်ပြီး ၄င်းတို့နှင့်အတူ သေနတ် ၃-လက်ကို တွေ့ရှိခဲ့ရကြောင်း၊ ရုပ်အလောင်းများအား နယ်စပ်ဒေသ လူသူဝေးရာနေရာတွင် အလျင်အမြန် မြှုပ်နှံခဲ့ရသည်ဟု ဖော်ပြထားသည်။

ဝေးလံခေါင်သီသော တောင်တန်းဒေသ ရပ်ဂျ်ဂျူရီကျေးရွာနေ သေဆုံးသူတို့၏ မိသားစုများ၏ ဖော်ထုတ်ပြောပြချက်များကို တစ်လခန့်အကြာတွင် လူမှုကွန်ယက်တို့၌ ပျ့ံလွင့်လာခဲ့သည်။ ၄င်းတို့ ၃-ဦးမှာ ကက်ရှ်မီးယားပန်းသီးဥယျာဉ်ခြံ များတွင် အလုပ်ရှာဖွေလုပ်ကိုင်နေကြသူများဖြစ်ကြောင်း မိသားစုများက စွပ်စွဲပြောဆိုသည်။

ရဲများကမူ သတ်ဖြတ်မှုအပြီး၌ တိုက်ပွဲဖြစ်လေဟန် ဖန်တီးခြင်းသာဖြစ်ပြီး R.O.E. ခေါ် ပုံမှန်ထိတွေ့မှုဆိုင်ရာစည်းမျဉ်း များကို ချိုးဖောက်ကျူးလွန်ကြောင်း စွပ်စွဲခဲ့သည်။ အငြင်းပွားဖွယ်ရာ ဖြစ်ရပ်အတွက် ကက်ရ်ှမီးယားတွင် တပ်ဖွဲ့ဝင် ၅၀၀,၀၀၀ ကျော်ဖြန့်ချထားသော အိန္ဒိယတပ်မတော်အနေဖြင့် ရှားရှားပါးပါး သီးခြားစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရသည်။

တနင်္ဂနွေနှောင်းပိုင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ရုပ်အလောင်းများအား ပြန်လည်တူးဖော်စစ်ဆေးခဲ့ကြောင်း၊ အလောင်းများကို စစ်တပ်ကဲ့သို့ လက်နက်ကိုင် အကြမ်းဖက်သမားအမာခံများအဖြစ် တပ်ဆင်ဖန်တီးထားခဲ့ခြင်းဖြစ်ကြောင်း၊ အရာရှိနှင့် အခြား ၂-ဦးတို့သည် တရားမဝင် လက်နက်နှင့် ပစ္စည်းများသိုမှီး၍ ထောက်ပ့ံခဲ့ကြောင်း ဖော်ပြပါရှိသည်။

အိန္ဒိယတပ်မတော်ကမူ စက်တင်ဘာလတွင် ပြန်လည်တူးဖော်ခဲ့သော ရုပ်အလောင်းများအား DNA စစ်ဆေးပြီးနောက် ၄င်းတို့၏ မိသားစုဝင်များထံ ပို့ဆောင်ပေးခဲ့ကြောင်း၊ သက်သေအထောက်အထားများကို မှတ်တမ်းတင်ပြီးပါက လိုအပ်သလို ဆက်လက်ဆောင်ရွက် အရေးယူမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်သတ္တပတ်၌ မှတ်ချက်ပေးခဲ့သည်။

ဗိုလ်ကြီး ဘာဟူးပင်ဒရာဆင်းကို လူသတ်မှု၊ ပူးပေါင်းကြံစည်မှုနှင့် အခြားပြစ်မှုများဖြင့် တရားစွဲဆိုထားကြောင်း၊ ယခုအခါ ဗိုလ်ကြီးဆင်းအား စစ်ဖက်က ချုပ်နှောင်ထားပြီး ကျူးလွန်ရာတွင် အဓိက အတူပါရှိသူ အရပ်သား ၂-ဦးကို အရပ်ဖက်အကျဉ်းထောင်တွင် ချုပ်နှောင်ထားကြောင်း၊ ဒေသခံတရားရုံးကမူ စွပ်စွဲခံရသူ စစ်ဖက်အရာရှိအား အရပ်ဘက်တရားရုံး သို့မဟုတ် စစ်ခုံရုံးဖြင့် စစ်ဆေးရန် သင့်လျော်မည့်နည်းလမ်းအား အကြောင်းပြန်ကြားရန် အိန္ဒိယတပ်မတော်အား မေးမြန်းထားကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်။

၁၉၉၀- ခုနှစ် အိန္ဒိယအုပ်ချုပ်မှုကိုဆန့်ကျင်သော သောင်းကျန်းမှုများဖြစ်ပွားချိန်မှ စတင်၍ “လက်နက်ကိုင်တပ်များ အထူးအာဏာဆိုင်ရာ အက်ဥပဒေ”ကို ကက်ရှ်မီးယားတွင် အရေးပေါ် ပြဌာန်းခဲ့သည်။ အဆိုပါ အက်ဥပဒေအရ နယူးဒေလီအစိုးရက သဘောမတူလျှင် ဒေသတွင်း၌ ဖြန့်ချထားသည့် အစိုးရတပ်များနှင့်ပတ်သက်၍ အရပ်ဘက်တရားရုံးတွင် စစ်ဆေးခြင်းမပြုနိုင်ချေ။

စုံစမ်းဖော်ထုတ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အရေးယူရန် ရဲတပ်ဖွဲ့က အကြိမ်ပေါင်းများစွာ တောင်းဆိုမှုများ ရှိခဲ့သော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ် ၃-ခုအတွင်း ထိုကဲ့သို့ တောင်းဆိုချက်များအား ခွင့်ပြုခြင်း မရှိခဲ့ဖူးချေ။

(( အိန္ဒိယသည် နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားရာမှ အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ၁၉၆၂-ခုနှစ်တွင် အတိအလင်း စစ်ခင်းခဲ့ရသည်။ အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ၁၉၄၇ ခုနှစ်မှာ ဗြိတိန် အင်ပါယာ လက်အောက်ခံဘဝမှ လွတ်လပ်ရေးရယူချိန်ကတည်းက ပြိုင်ဘက်နိုင်ငံများအသွင် ဖြစ်တည်လာခဲ့ပြီး ၄-ကြိမ်စစ်ခင်းခဲ့ရပြီးဖြစ်သည်။

လွတ်လပ်ရေးရယူသည့် ကက်ရှ်မီးယားသည် ၁၉၄၇၊ အောက်တိုဘာလတွင် အိန္ဒိယနှင့် ပါကစ္စတန်တို့အနက် တစ်ဖက်ဖက်ကို သစ္စာခံရန်ဖြစ်ပေါ်လာခဲ့သည်။ ကက်ရှ်မီးယား၏ လူဦးရေ အများဆုံး ခရိုင်ကြီး နှစ်ခုမှာ မွတ်စလင်အများစု နေထိုင်သည့်အတွက် ပါကစ္စတန်နှင့် ပေါင်းစည်းရန် ဆန္ဒရှိကြသော်လည်း ဟိန္ဒူအများစုပါဝင်သော အုပ်ချုပ်သူအစုအဖွဲ့ကမူ အိန္ဒိယနှင့် ပူးပေါင်းလိုသည်။

ပါကစ္စတန် စစ်တပ်၏ ထောက်ခံမှုဖြင့် ဒေသခံ စစ်ခေါင်းဆောင်အချို့က စတင်တော်လှန်လာသည့်အခါ ကက်ရှ်မီးယားစော်ဘွားအနေဖြင့် အိန္ဒိယ၏ အကူအညီရယူဖြိုခွင်းသည်။ ပါကစ္စတန်နှင့် ဒေသခံသူပုန်များကတစ်ဖက်၊ အိန္ဒိယနှင့် စော်ဘွားသစ္စာခံများက တစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီး ၁၉၄၉ နှစ်ဆန်း ပိုင်းရောက်မှသာ ကုလသမဂ္ဂ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် စစ်ပြေငြိမ်းခဲ့ကြသည်။ ကက်ရှ်မီးယားဒေသတစ်ခုလုံး ၏ ၃-ပုံ ၂-ပုံကို အိန္ဒိယက ထိန်းချုပ်ခွင့် ရရှိသွားသည်။

၁၉၆၅-ခုနှစ်တွင် ဂျမူးနှင့် ကက်ရှ်မီးယားရှိ အိန္ဒိယအုပ်ချုပ်ရာနယ်မြေတွင် ပုန်ကန်သောင်းကျန်းမှု့များ၌ ပါကစ္စတန်အထူးတပ်ဖွဲ့ဝင်များ ပါဝင်သည်ဟုဆိုကာ ဒုတိယအကြိမ် စစ်ဖြစ်ကြပြန်သည်။

၁၉၇၁-ခုနှစ်တွင် ဖြစ်ပွားသော အိန္ဒိယ-ပါကစ္စတန်တတိယစစ်ပွဲမှာမူ ကက်ရှ်မီးယားအရေးမဟုတ်ပဲ ထိုစဉ်က အရှေ့ပါကစ္စတန် ဖြစ်နေသော ယခု ဘင်္ဂလားဒေ့ရှ်က ပါကစ္စတန်မှ သီးခြားနိုင်ငံအဖြစ် ခွဲထွက်ရန်ကြိုးစားမှုတွင် အိန္ဒိယလည်း ပါဝင်လာပြီး စစ်ခင်းကြခြင်းဖြစ်သည်။

၁၉၉၉-ခုနှစ်တွင် “ ကာဂီလ်စစ်ပွဲ” အဖြစ် လူသိများသော စတုတ္ထအကြိမ်အိန္ဒိယ-ပါကစ္စတန်စစ်ပွဲတွင် ပါကစ္စတန်တို့အထိနာပြီး မြောက်ပိုင်း ခြေလျင်တပ်ရင်း တပ်ဖွဲ့များစွာ ကျဆုံးခဲ့ရသည်။

အိန္ဒိယသည် နိုင်ငံအရှေ့ဖျားတွင် မော်ဝါဒီသူပုန်များအပြင် တိုင်းရင်သားလူမျိုးစုလက်နက်ကိုင်များနှင့်လည်း ရင်ဆိုင်နေရသည်။ ကက်ရှ်မီးယားတွင်လည်း ပါကစ္စတန်ဖက်မှ စိမ့်ဝင်လာသော ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းဝင်တို့က ဒေသတွင်းသာမက နိုင်ငံအတွင်းမြို့ကြီးများ၌လည်း ဗုံးခွဲခြင်း၊အကြမ်းဖက်သတ်ဖြတ်ခြင်းတို့ ကျူးလွန်နေကြသည်။

စစ်ပွဲများဖြစ်ပွားရာတွင် အပြစ်မဲ့အရပ်သားများ သေဆုံးရခြင်းသည် ထုံးစံတစ်ခုလိုဖြစ်နေခြင်းမှာ အတော်ပင် မနှစ်မြို့စရာဖြစ်သည်။ လူ့အသက်ဆုံးရှုံသည်ဆိုခြင်းမှာ လက်ခံနိုင်ဖွယ် မရှိသော်လည်း သေဆုံးရသူအချို့မှာ စစ်ပွဲနှင့် သက်ဆိုင်ခြင်း ရှိ-မရှိ ခွဲခြားရန် အတော်ပင် ခက်ခဲသည်။

ပြဋ္ဌာန်းထားသော တရားဥပဒေတစ်ရပ်အရ ဖွဲ့စည်းထားသော လက်နက်ကိုင်တပ်ကို Army တပ်မတော် ဟုခေါ်ပါသည်။ ထိုသို့မဟုတ်လျှင် Armed Force လက်နက်ကိုင်တပ် ဟု သတ်မှတ်သည်။ တရားမဝင် လက်နက်ကိုင်တပ်များ၏ စစ်ရာဇဝတ်မှုများကို အပြစ်ပေးရန် မဖြစ်နိုင်သော်လည်း တရားစွဲဆိုခံရနိုင်သည်မှာ တပ်မတော်/တပ်ဖွဲ့ဝင်တို့အတွက်သာ ဖြစ်နေလေသည်။ ။ သတင်းဘာသာပြန်သူ ))

((( AFP., December 28th, 2020,” Indian army officer accused of planting weapons on Kashmir civilians.” ကို HtayOung, OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

Credit – HtayOung

Leave a Reply