ရွှေအသင်း ရည်ညွှန်းစျေး (၅) သိန်းတက်ပြီး ရွှေစျေး သိချင်ရင် ဆိုင်လာခဲ့မှ စျေးပြောမည်

ရွှေအသင်း ရည်ညွှန်းစျေး တကျပ်သား (၅) သိန်းတက်ပြီး ရွှေစျေး သိချင်ရင် ဆိုင်လာခဲ့မှ စျေးပြောမည်..
ကျပ် ၁၉ သိန်း ကျော်ဝန်းကျင်မှာပဲရှိနေခဲ့တဲ့ ရွှေအသင်းက ထုတ်ပြန်တဲ့ ရည်ညွှန်းစျေးဟာ ဒီနေ့ အောက်တိုဘာ ၂၁ ရက် ရွှေရည်ညွှန်းစျေးအဖွင့်စျေး ထုတ်ပြန်ရာမှာတော့ ကျပ် ၂၄ သိန်းကျော်အထိ မြင့်တက်သွားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အောက်တိုဘာလတတိယပတ်အတွင်း ရန်ကုန်ရွှေအသင်း YGEA က ထုတ်ပြန်တဲ့ ရွှေရည်ညွှန်းဈေးက မီးလင်းရွှေ တစ်ကျပ်သားကို ကျပ် ၁၉ သိန်းကျော်ဝန်းကျင်မှာ ရှိနေခဲ့ပေမယ့် ဒီနေ့အောက်တိုဘာ ၂၁ ရက်နေ့ ရွှေအဖွင့်စျေးထုတ်ပြန်ရာမှာတော့ တစ်ကျပ်သားကို ၂,၄၇၅,၆၆၅ ကျပ်နဲ့ ထုတ်ပြန်လာပါတယ်။
ရွှေရည်ညွှန်းစျေး ၅ သိန်းလောက် မြင့်တက်သွားတာနဲ့ပတ်သက်ပြီး YGEA အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားရာမှာတော့ “ဒါကတော့ အသေးစိတ်ပြောကြားလို့ မရသေးဘူး။ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်တောင်းထားတုန်း။ ဗဟိုဘဏ်ဘက်က ပြန်ကြားပြီးမှ ပြောလို့ရမယ်” လို့ဖြေကြားပါတယ်။
မနေ့က အောက်တိုဘာ ၂၀ ရက် ရန်ကုန်ရွှေအသင်း YGEA ရဲ့ ရွှေအဖွင့်စျေးကတော့ မီးလင်းရွှေတစ်ကျပ်သားကို ၁,၉၂၀,၀၀၀ ကျပ်ဖြစ်ပြီး ရွှေအပိတ်စျေးကတော့ ၁,၉၂၆,၀၀၀ ကျပ်နဲ့ စျေးပိတ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိရွှေဈေးကွက်အတွင်း ရွှေဆိုင်တွေရဲ့ ရောင်းတဲ့ဈေးနဲ့ ပြန်ဝယ်တဲ့ဈေးက ကျပ် တစ်သိန်းနီးပါးကွာဟနေပြီး ဘောင်ချာမှာဖွင့်တဲ့ဈေးထက် ပိုပေးဝယ်နေရတယ်လို့ ရွှေဝယ်ယူသူတွေကပြောပါတယ်။
ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာရှိတဲ့ ရွှေဆိုင်တချို့မှာ အောက်တိုဘာ ၂၀ ရက်က ရွှေဈေး ကျပ် ၂,၄၇၀,၀၀၀ နဲ့ ရွှေအရောင်းအဝယ်လုပ်တယ်လို့ ထုတ်ပြန်ခဲ့ကြပြီး အမှန်တကယ်ရောင်းဝယ်ရာမှာ ကျပ် ၂,၅၉၀,၀၀၀ နဲ့ရောင်းသလို ဘောင်ချာမှာတော့ ဆိုင်တွေကထုတ်ပြန်တဲ့ ရွှေဈေး ၂,၄၇၀,၀၀၀ နဲ့သာ ဈေးဖွင့်ပေးတယ်လို့ ရွှေဝယ်သူတစ်ဦးက သူရဲ့အတွေ့အကြုံကို လူမှုကွန်ရက်က တဆင့် မျှဝေထားပါတယ်။
“ရွှေဈေးက အခုဆိုင်တွေက မထုတ်ပြန်တာကြာပြီ ဆိုင်လာခဲ့ အဲ့တော့မှ ဈေးပြောမယ်ဆိုတာမျိုးပေါ့။ ဈေးကွက်မတည်ငြိမ်ထဲက ရောင်းဈေးဝယ်ဈေးကို သုံး လေးသောင်းဟပြီး အရောင်းအဝယ်လုပ်ကြတာ။ မနေ့ကတော့ ရွှေဈေး ၂၄ သိန်း ၇ သောင်းကျော် ဆိုင်တွေကထုတ်ပြန်တော့ ရွှေဝယ်တဲ့သူတချို့သွားကြတဲ့အခါ ၂၅ သိန်းကျော် ၂၆ သိန်းဝန်းကျင်ရောင်းတယ်။ ဘောင်ချာမှာတော့ တို့ထုတ်ပြန်တဲ့ဈေးပဲ ရေးပေးတာပေါ့။ တစ်ကျပ်သား တစ်သိန်းလောက် ဒီနေ့ဝယ် ဒီနေ့ရှုံးဖြစ်နေတာ။ အခုတက်ဈေးနဲ့ မိထားတဲ့သူတွေလည်းရှိတယ်။ သူတို့ကလည်း မရောင်းသရွေ့မရှုံးဘူးဆိုတာမျိုးနဲ့ ဖြေသိမ့်နေရတဲ့အနေအထားပေါ့” လို့ ရွှေဝယ်ယူသူတစ်ဦးက ပြောပါတယ်။
ရွှေဆိုင်တွေရဲ့ ရောင်းဝယ်တဲ့ဈေးနှုန်းကို ဆက်သွယ်စုံစမ်းရာမှာတော့ ဖုန်းနဲ့မဖြေကြားနိုင်ဘဲ ဆိုင်လာမှသာ ဈေးပြောပေးမယ်လို့ ဆိုကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်ရွှေအသင်းနဲ့ မန္တလေးရွှေအသင်းတို့က ရွှေထုတ်ရောင်းခဲ့ကြပြီး တစ်ကျပ်သားကို ကျပ် ၂၅ သိန်းနဲ့ အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကာ ပြည်တွင်းဒေါ်လာဈေးအတက်အကျပေါ်မူတည်ပြီးဈေးနှုန်း သတ်မှတ်ခဲ့ကြတယ်လို့ သိရပါတယ်။
Post Views:
6
Crd