ရွှေဈေး အနည်းငယ် ထပ်ကျပြီး ဒေါ်လာစျေး တည်ငြိမ်ကာ စျေးကွက်မှာ အရောင်းအဝယ်ဖြစ်

ရွှေဈေး အနည်းငယ် ထပ်ကျပြီး ဒေါ်လာစျေး တည်ငြိမ်ကာ စျေးကွက်မှာ အရောင်းအဝယ်ဖြစ်

ပြီးခဲ့သည့် ရက်ပိုင်းက အနည်းငယ် တက်ရိပ်ပြခဲ့သည့် ပြည်တွင်း ရွှေဈေးကွက်အတွင်းရှိ အခေါက်ရွှေ ဈေးနှုန်းသည် ယနေ့ အောက်တိုဘာ (၂၆) ရက်ဈေးကွက်ဖွင့်ချိန်တွင် ထပ်မံကျဆင်းခဲ့ပြီး (၂၆) သိန်း ဝန်းကျင်၌ ရပ်တည်နေကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း ဈေးကွက်ဖွင့်ချိန်တွင် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျင် ၂,၆၁၀,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ကာ အရောင်းအဝယ် ပြုလုပ်ကြောင်း ပြည်တွင်း ရွှေဈေး ကွက်အတွင်းမှ သိရသည်။ ယမန်နေ့က ၂,၆၆၀,၀၀၀ ကျပ် ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်ခဲ့ခြင်း ဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် တစ်ကျပ်သားလျင် ၅၀,၀၀၀ ဝန်းကျင် ဈေးကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ နည်းနည်း ထပ်ကျတယ်။ ၂၆ သိန်း ဝန်းကျင်ပေါ့။ ၅၀,၀၀၀ လောက်ကျတယ်” ဟု ရန်ကုန် ရွှေဈေးကွက်အ တွင်းမှ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။ အဆိုပါ ဈေးနှုန်းမှာ အဝယ်ဈေးနှုန်းဖြစ်ပြီး ရောင်းဈေးနှင့် အနည်းငယ် ကွာဟနိုင်သည့်အပြင် ရွှေအရောင်းဆိုင် တစ်ဆိုင်နှင့်တစ်ဆိုင် ဈေးနှုန်းကွာဟမှု ရှိနိုင်ကြောင်းလည်း ၎င်းကဆိုသည်။

ပြီးခဲ့သည့် တစ်ပတ် ဈေးကွက်ပိတ်ချိန်တွင် ၂၅ သိန်းခွဲ ဝန်းကျင်ဖြင့် ဈေးပိတ်ခဲ့သော်လည်း ဒေါ်လာဈေး မတည်မငြိမ်ဖြစ်မှုကြောင့် အနည်းငယ် အတက်ပြခဲ့ကြောင်း ပြည်တွင်း ရွှေဈေးကွက်မှ သိရသည်။

ယနေ့ ဒေါ်လာငွေလဲလှယ်နှုန်းမှာ ပြင်ပဈေးကွက်အတွင်း တစ်ဒေါ်လာကို ကျပ် ၃၀၀၀ ဝန်းကျင်မှာ ဈေးကွက်ဖွင့်လှစ်ခဲ့ပြီး အရောင်းအဝယ်ပြုလုပ်နေကြောင်း ဈေးကွက်အတွင်းက သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့တဲ့ ဒေါ်လာဈေးကွက်ဟာ ပြန်လည်တည်ငြိမ်လာပြီး ဈေးကွက်အတွင်း အရောင်းအဝယ်တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ အောက်တိုဘာလ (၂၆) ရက်မှာတော့ ပြင်ပဈေးကွက်မှာ တစ်ဒေါ်လာကို အဝယ်ဈေး ကျပ် ၂၉၇၀ ကျပ်ဖွင့်လှစ်ခဲ့ပြီး အရောင်းဈေးကတော့ ၃၀၂၀ ကျပ်နဲ့ ဈေးကွက်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြန်မာအနေနဲ့ နိုင်ငံတကာ ငွေကြေးဈေးကွက်ရဲ့ အမည်ပျက်စာရင်းမှာ ထည့်သွင်းခံရပြီးနောက်မှာ ပြည်တွင်းဒေါ်လာငွေလဲလှယ်နှုန်း ကမောက်ကမဖြစ်ခဲ့ပြီး ဈေးကွက်အတွင်း ဒေါ်လာဈေးဟာလည်း မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။



Post Views:
6

Crd