အမေရိကန် ပြည်ထောင်စုမှာ ဆိုက်ဘာအင်တာနက် တိုက်ခိုက်မှု၊ ရွေးကောက်ပွဲကို နှောက်ယှက်မှု၊ ခရိုင်းမီးယား ဒေသမှာ ရန်လိုမှုတွေ အပါအဝင် အဖျက်အမှောင့် လုပ်ရပ်တွေအတွက် ရုရှားနိုင်ငံကို အမေရိကန်က ဒဏ်ခတ် အရေးယူလိုက်ပါတယ်။၂၀၂၀ ပြည့်နှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ကြားဝင်နှောက်ယှက်မှု၊ သတင်းမှားတွေ ဖြန့်ဝေမှုနဲ့ ဆက်နွယ်ပြီး၊ ရုရှားနဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၃၂ ခုကို ဒဏ်ခတ်အရေးယူလိုက်တာပါ။ ရုရှားထောက်လှမ်းရေး တချို့အပါအဝင် ဝါရှင်တန်ဒီစီ ရုရှားသံရုံးက ဝန်ထမ်း ၁၀ ယောက်ကိုလည်း ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

အမေရိကန်အပေါ် ရုရှားက အလားတူ လုပ်ရပ်မျိုးတွေ ထပ်မလုပ်အောင် ရည်ရွယ်ကြောင်းလည်း အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki ကပြောပါတယ်။“ရုရှားအစိုးရရဲ့ လုပ်ရပ်တွေကြောင့် ထိခိုက်နစ်နာမှုတွေဟာ လက်ခံနိုင်စရာ မရှိတာကြောင့် တုံ့ပြန်အရေးယူဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။” လို့ အိမ်ဖြူတော် ပြောခွင့်ရက ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန်ရဲ့ ဒဏ်ခတ်မှုဟာ ၂ နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေတဲ့ လုပ်ရပ်ဖြစ်ပြီး၊ ပြန်လည်တုံ့ပြန်သွားမှာဖြစ်ကြောင်း အမေရိကန် သံအမတ်ကြီးကို အသိပေးခဲ့တယ်လို့လည်း ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
သမ္မတ Joe Biden ကတော့ ရုရှားအစိုးရရဲ့ အဖျက်အမှောင့် လုပ်ရပ်တွေကြောင့် အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး၊ နိုင်ငံခြားရေးနဲ့ စီးပွားရေးအပေါ် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတဲ့အပေါ် နိုင်ငံတော် အရေးပေါ်အခြေအနေတရပ် သမ္မတ အမိန့်နဲ့ ထုတ်ပြန်ထားကြောင်း ကွန်ဂရက်လွှတ်တော်ကို စာပေးပို့ အကြောင်းကြားထားပါတယ်။ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny အပေါ် ကျုးလွန်တဲ့လုပ်ရပ်တွေ အတွက်လည်း ရုရှားအစိုးရ အရာရှိ ၇ ယောက်နဲ့ အစိုးရဌာန ၁ ဒါဇင်ကျော်ကို သမ္မတ Biden အစိုးရက ပြီးခဲ့တဲ့ လမှာပဲ ဒဏ်ခတ်အရေးယူထားပါတယ်။