ရုရှားရေငုပ်သင်္ဘောပြဿနာ

ရုရှားရေငုပ်သင်္ဘောပြဿနာ

ရုရှားရေငုပ်သင်္ဘောပြဿနာ

ရုရှားရေငုပ်သင်္ဘောကြီး Belgorod ဘယ်ပျောက်သွားတာလဲ

လောလောဆယ်သတင်းတွေမှာ ရုရှားရဲ့ နာမည်ကြီး ရေငုပ်သင်္ဘော Belgorod ဟာ နေတိုး (NATO)ရဲ့ ထောက်လှမ်းရေး ရေဒါမြင်ကွင်းကနေ ထူးဆန်းစွာ ပျောက်ကွယ်သွားလို့ ဥရောပ မဟာမိတ်တွေကို အရေးပေါ်တပ်လှန့်ထားပါတယ်။ သူ့ကို နောက်ဆုံးအနေနဲ့ Kara ပင်လယ်ဖက်ကို ဦးတည်သွားနေခဲ့တာ တွေ့ခဲ့ရပါတယ်။

ဒီရေငုပ်သင်္ဘောကို Doomsday ကမ္ဘာဖျက်သင်္ဘောလို့ တင်စားကြပါတယ်။ သူ့မှာတပ်ဆင်ထားတဲ့ တော်ပီဒိုတွေရဲ့အစွမ်းကြောင့် ဒီလိုသတ်မှတ်ကြတာ ဖြစ်ပါတယ်။

တော်ပီဒိုတွေက နျူကလီးယား ဆူနာမီရေလှိုင်းတွေ ဖြစ်စေနိုင်ပြီး ကမ်းခြေမြို့တွေကို ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်တဲ့။

Belgorod ဟာ ၂၀၂၂ ခုနှစ်၊အောက်တိုဘာ လဆန်းက NATO ရဲ့ရေဒါမြင်ကွင်းမှာ မတွေ့ရတော့ပါဘူး။ စိုးရိမ်ရတဲ့အချက်က ရုရှားဟာ သူ့ရဲ့ နျူတော်ပီဒိုကို စမ်းသပ်ဖေါက်ခွဲလိုက်မှာကို ဖြစ်ပါတယ်။

အောက်တိုဘာ မတိုင်ခင်ကဆို Belgorod ဟာ အာတိတ်စက်ဝိုင်းထဲမှာပဲ လှည့်ပါတ်လှုပ်ရှားနေခဲ့ပါတယ်။

Belgorod ဟာ အရှည် ပေ ၆၀၀ ရှိပြီး ကမ္ဘာ့အကြီးဆုံး ရေငုပ်သင်္ဘော ဖြစ်ပါတယ်။ Ohio class ရေငုပ်သင်္ဘောတောင် အကြီးဆုံးက ၅၆၉ ပေပဲရှိပါတယ်။ နောက်တစ်ချက်က မိုင် ၃,၀၀၀ လောက်ကျယ်တဲ့ ဘော်လတစ် ပင်လယ်ထဲမှာ ရှာဖို့မလွယ်ပါဘူး။

အပြည်ပြည်ဆိုင်ရာ ဥပဒေကတော့ နျူစမ်းသပ်မှုတွေကို တားမြစ်ထားပေမယ့် ရုရှားကတော့ ဂရုစိုက်မယ့်ပုံ မပေါ်ပါဘူး။

လောလောဆယ် ပူတင်ပြောတာတွေကိုကြည့်ပါအုံး။ “ရုရှားကို ပြိုကွဲပျက်ဆီးအောင်လုပ်တဲ့ ဘယ်သူ့ကိုမဆို ရှိသမျှ နည်းလမ်းအားလုံးကိုသုံးပြီး တုံ့ပြန်သွားမယ်” လို့ ဆိုပါတယ်။

အနောက်ကမ္ဘာနဲ့ NATO ဟာ ရုရှားကို နျူစစ်ပွဲဖြစ်လာအောင် လှုံ့ဆော်နေတယ်လို့ စွပ်စွဲလိုက်ပါသေးတယ်။

Nord သဘာဝဓါတ်ငွေ့ ပိုက်လိုင်းပေါက်ကွဲမှုနဲ့ ခရိုင်းမီးယားတံတား ဖျက်ဆီးခံရတာတွေကလည်းလောလောလတ်လတ် ရှိနေပါတယ်။

ပိုက်လိုင်းဟာ စက်တင်ဘာလက ပေါက်ကွဲခဲ့တာဖြစ်ပြီး ဓါတ်ငွေ့အများအပြား ယိုစိမ့်ဆုံးရှုံးသွားပါတယ်။

Belgorod စီမံကိန်းဟာ ၁၉၉၀ ခုနှစ်တွေမှာ စတင်ခဲ့ပါတယ်။နောက်ပိုင်း ငွေကြေးအခက်အခဲကြောင့် ရုန်းကန်နေရတဲ့ ရုရှားဟာ Belgorod ကိုတည်ဆောက်ဖို့ ၂၇ နှစ် အချိန်ယူခဲ့ရပါတယ်။

၂၀၁၉ ခုနှစ်ကျမှာသာ ပထမဆုံစမ်သပ်နိုင်ခဲ့ပါတယ်။ သူဟာရက် ၁၂၀ အထိ ရေအောက်မှာ နေနိုင်ပါတယ်။ သူ့ရဲ့ လက်နက်ဖြစ်တဲ့ ပိုဆီဒွန်တော်ပီဒိုတွေဟာ ရုရှားတွေအဆိုအရ ကိုယ်ပျောက်စွမ်းရည်ရှိပြီး AI Guide ဉာဏ်ရည်တု လမ်းညွှန်စနစ်နဲ့ ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

တော်ပီဒိုဟာ အရှည် ၆၅ ပေရှိပြီး အချင်း ၆ လက်မခွဲ ရှိပါတယ်။ ၂ မီဂါတန်ပြင်းအား နျူထိပ်ဖူးတပ်ဆင်ထားလို့ ဟီရိုရှီးမားထက် အဆ ၁၃၀ ပြင်းပါတယ်။

ရုရှားရုပ်သံတွေရဲ့ ဝါဒဖြန့် ရုပ်သံတွေမှာတော့ ပိုဆီဒွန်ဟာ အမြန်နှုန်း တစ်နာရီ ၁၂၅ မိုင်နဲ့ အကွာအဝေး အကန့်အသတ်မရှိ သွားနိုင်ပြီး ဒရုန်းလို စွမ်းဆောင်နိုင်တယ်လို့ ဆိုပါတယ်။ သူ့ကို ရပ်တန့်အောင်လုပ်ဖို့ မလွယ်ပါဘူးတဲ့။

ပင်လယ်ကမ်းခြေနားမှာ ဖေါက်ခွဲလိုက်မယ်ဆိုရင် နျူရောင်ခြည်သင့်နေတဲ့ ဆူနာမီ ရေလှိုင်းတွေ ဖြစ်ပေါ်စေပြီး မြို့တွေကို ဖျက်ဆီးမှာ ဖြစ်ပါတယ်။

သိပ်လည်း စိတ်မပူကြပါနဲ့အုံး။တကယ်တော့ ဒီဝါဒဖြန့်မှုတွေ မှန်ကန်ကြောင်း သက်သေပြစရာ အထောက်အထား တစ်ခုမှ မတွေ့ရသေးပါဘူး။

ယူအက်စ်ထောက်လှမ်းမှုအချက်တွေအရ ပိုဆီဒွန်ကလဲ ထုတ်လုပ်ဆဲအဆင့်ပဲ ရှိပါသေးတယ်။ ၂၀၂၇ ခုနှစ်လောက်မှ ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။

Belgorod မှာ ပိုဆီဒွန် ၈ လုံး တပ်ဆင်နိုင်တယ်ဆိုပေမယ့် မျက်မြင်သက်သေမတွေ့ရသေးပါဘူး။ Belgorod ထုတ်စဉ်က ထောက်လှမ်းရေးအတွက် ဒီဇိုင်း ထုတ်ခဲ့တာဖြစ်ပါတယ်။

ရုရှားတွေကလဲ အဲဒီတုန်းကတော့ သုတေသန အတွက်လို့ ပြောခဲ့တာပါ။ အလွန်ဆုံး ရေပြင်ပေါ်က သင်္ဘောတွေကို ချောင်းမြောင်းတိုက်ခိုက်တာ ကမ်းစပ်မြို့တွေကို ချောင်းပစ်တာလောက်ပဲ လုပ်နိုင်လိမ့်မယ်လို့ ယူဆရပါတယ်။

ရုရှားရဲ့ ပဉ္စမမျိုးဆက် သင်္ဘောကြီးကတော့ တကယ်စွမ်းမစွမ်း စောင့်ကြည့်ရမှာ ဖြစ်ပါတယ်လို့ တင်ပြရင်းအဆုံးသတ်လိုက်ပါတယ်။

Knight News Team

Knight News © 2022

Crd

Crd