ရုရှားနိုင်ငံထုတ် ပဲ့ထိန်းဒုံးကျည် Sarmat အား လာမည့် ၂၀၂၂ ခုနှစ်တွင် တိုက်ပွဲဝင် အသင့်တပ်ဖြန့်နိုင်တော့မည်လား

Militarily News

ရုရှားနိုင်ငံထုတ် ပဲ့ထိန်းဒုံးကျည် ‘Sarmat’ အား လာမည့် ၂၀၂၂ ခုနှစ်တွင် တိုက်ပွဲဝင် အသင့်တပ်ဖြန့်နိုင်တော့မည်လား။

မော်စကို၊ရုရှားနိုင်ငံ မဟာဗျူဟာမြောက်ဒုံးတပ်ဖွဲ့တွင် လာမည့် ၂၀၂၂ ခုနှစ်၌ Sarmat တိုက်ချင်းပစ်ဒုံးကျည်သစ်အား တိုက်ပွဲဝင်အသင့်တာဝန် ထမ်းဆောင်နိုင်တော့မှာဖြစ်ကြောင်း ရုရှားနိုင်ငံမဟာဗျူဟာမြောက် ဒုံးတပ်ဖွဲ့အကြီးအကဲဖြစ်သူ ဗိုလ်ချုပ် Sergei Karakaev က ပြောကြားခဲ့ပါတယ်။
“လက်ရှိမှာတော့ ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းစုအနေနဲ့ Sarmat တိုက်ချင်း ပစ်ဒုံးကျည်စနစ်ကို နိုင်ငံတော်အဆင့် စမ်းသပ်ပျံသန်းမှုပြုလုပ်နိုင်ရန် အဆင့်သင့် ဖြစ်စေဖို့ ဆက်လက်လုပ်ဆောင်နေကြပါတယ်။ရုရှားနိုင်ငံ Uzhur မှာရှိတဲ့ ဒုံးတပ်ဖွဲ့ဟာ Sarmat တိုက်ချင်းပစ်ဒုံးကျည် ပထမဦးဆုံး တပ်ဖြန့်အသုံးပြုမယ့် ဦးဆောင် တပ်ရင်းကြီး ဖြစ်လာဖို့အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ ပြုလုပ်ပြီးစီးခဲ့ပြီလည်းဖြစ်ပါတယ်၊ လာမည့် ၂၀၂၂ ခုနှစ်မှာ စတင်တပ်တော်ဝင်နိုင်ဖို့ စီစဉ်ထားကြောင်း “ရုရှားနိုင်ငံ မဟာဗျူဟာမြောက် ဒုံးတပ်ဖွဲ့နေ့အထိမ်းအမှတ် ရုရှားနိုင်ငံသတင်းစာ Krasnaya Zvezda နှင့် တွေ့ဆုံမေးမြန်း ခန်းတွင် Karakaev က ပြောကြားခဲ့ပါတယ်။

Sarmat [RS-28] တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ဟာ ကမ္ဘာ့အကြီးဆုံး မဟာဗျူဟာ မြောက်ပဲ့ထိန်းဒုံးကျည်ဖြစ်တဲ့ Voevoda (နေတိုးအခေါ်အဝေါ်အားဖြင့် Satan, RS-20V) နေရာတွင် အစားထိုး အသုံးပြုနိုင်ဖို့ ထုတ်လုပ်ခဲ့တဲ့ တိုက်ချင်းပစ်ဒုံးလည်းဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ Sarmat တိုက်ချင်းပစ်ဒုံးစီမံကိန်းကို ၂၀၁၁ ခုနှစ်မှာစတင်ခဲ့တာပါ။ အဆိုပါ တိုက်ချင်းပစ်ဒုံးကျည်သစ်ဟာ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကိုကျော်လွှားကာ ကမ္ဘာ မြောက်ဝင်ရိုးစွန်းကနေ တောင်ဝင်ရိုးစွန်းအထိ ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိမှာ လည်းဖြစ်ပါတယ်။
“Sarmat”တိုက်ချင်းပစ်ဒုံးရဲ့ ပစ်ခတ်နိုင်တဲ့အကွာအဝေးကတော့ ၁၈၀၀၀ ကီလိုမီတာ ရှိပြီး ပစ်ခတ်ရန်အသင့်အနေအထားအလေးချိန်မှာ ၂၀၈.၁ တန်၊လောင်စာအလေးချိန် ၁၇၈ တန်နဲ့ ဒုံးကျည်အလျားကတော့ ၃၅.၅ မီတာရှည်လျားပါတယ်။အချင်းက ၃ မီတာရှိပြီး ဒုံးထိပ်ဖူးအမျိုးအစားကတော့ ဘက်စုံသုံးဒုံးထိပ်ဖူးဖြစ်ပြီး သက်ဆိုင်ရာ သီးခြားထိန်းကျောင်း မှုယူနစ်များတပ်ဆင်ထားကြောင်း RIA Novosti မှ အစီအရင်ခံတင်ပြထားပါတယ်။

ရုရှားနိုင်ငံ မဟာဗျူဟာမြောက်ဒုံးတပ်ဖွဲ့ရဲ့ ဒုံးတပ်မ ၃ ခုမှာ Yars ပဲ့ထိန်းဒုံးကျည် စနစ်များ ပြန်လည်တပ်ဖြန့်ထားပြီးဖြစ်ကြောင်းလည်း Karakayev ကပြောကြားခဲ့ပါတယ်။ ထိုအထဲမှာ Barnaul နဲ့ Bologovskaya ဒုံးတပ်မတွေမှာတော့ Yars တိုက်ချင်းပစ်ဒုံးတွေကို မိုဘိုင်းယာဉ်တင်ဗားရှင်းတပ်ဖြန့်အသုံးပြုထားပြီး Kozelskaya ဒုံးတပ်မမှာတော့ အခြေစိုက် အမျိုးအစားကို တပ်ဖြန့်အသုံးပြုထားပါတယ်။ Yars [RS-24] တိုက်ချင်းပစ်ဒုံးကတော့ အစိုင် အခဲလောင်စာသုံး မဟာဗျူဟာမြောက် တိုက်ချင်းပစ်ဒုံးလက်နက်စနစ်ဖြစ်ပြီး ယာဉ်တင် ရော မြေပြင်အခြေစိုက်ဗားရှင်းနှစ်မျိုးလုံးအသုံးပြုနိုင်ပါတယ်။ ဒုံးထိပ်ဖူးတွေကိုလည်း မျိုးစုံ တပ်ပစ်နိုင်ပါတယ်။
ရုရှားနိုင်ငံထုတ် တိုက်ချင်းပစ်ဒုံးကျည်သစ် RS-28 Sarmat ရဲ့ စမ်းသပ်ပျံသန်း မည့်အစီအစဉ်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားနေမှုကြောင့် ရပ်တန့်နှောင့်နှေးသွား ဖို့ရာမရှိကြောင်း BulgarianMilitary.com ကဆိုပါတယ်။
“စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင်နေပါတယ်၊တိုက်ချင်းပစ်ဒုံးကျည်သစ် ဖန်တီးတည် ဆောက်ရေးမှာ ပါဝင်တဲ့ကုမ္ပဏီအားလုံး ၎င်းတို့ရဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်း ထားခြင်းမရှိပါဘူး၊ဝန်ထမ်းများကို ဆေးစစ်ခြင်းအပါအဝင် လိုအပ်တဲ့ကူးစက်ရောဂါ ကာကွယ်တားဆီးရေးနဲ့ထိန်းချုပ်ရေးလုပ်ဆောင်ချက်တွေကိုတော့ တစ်ပါတည်းတွဲ၍ လုပ် ဆောင်ပေးလျက်ရှိကြောင်း” ရုရှားနိုင်ငံ ဒုတိယဝန်ကြီး Yuri Borisov က ယခုနှစ် မေလ ပိုင်းက ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ တိုက်ချင်းပစ်ဒုံးရဲ့ စမ်းသပ်ပျံသန်းမှုများကို လက်နက်စနစ်အား ဒီဇိုင်းရေးဆွဲထုတ်လုပ်သူနဲ့ရုရှားကာကွယ်ရေးဝန်ကြီးဌာနတို့မှ သတ်မှတ်ထားသော အချိန် ကာလအတွင်းပြုလုပ်သွားမှာဖြစ်ကြောင်း သူကဆိုပါတယ်။၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အစော ပိုင်းက Sarmat ICBM တိုက်ချင်းပစ်ဒုံးတွေ စမ်းသပ်ပျံသန်းမှုကို လာမည့် ၂၀၂၁ ခုနှစ် အပြီးသတ် ဆောင်ရွက်နိုင်ရန် စီစဉ်ထားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ ကာကွယ်ရေး ဒုဝန်ကြီး Alexei Krivoruchko က Sarmat RS-28 ဒုံးကျည်များအား စီးရီးနံပါတ်အစဉ်လိုက် တပ်ဖြန့်လွှဲပြောင်းပေးခြင်းကို ၂၀၂၁ ခုနှစ်မှ စတင်နိုင်လိမ့်မည်ဖြစ်ကြောင်း တိတိပပ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
တာဝေးပစ်ခတ်နိုင်သော ရုရှားနိုင်ငံထုတ် ပဲ့ထိန်းဒုံးကျည်များ တိုးတက်ဖွံ့ဖြိုးလာမှုနဲ့ ဟိုက်ပါဆိုနစ်နည်းပညာတွင် အဆင့်မြင့်လာမှုများကို တုံ့ပြန် ဆောင်ရွက်ဖို့ လိုအပ်လာပြီ ဆိုတာကိုတော့ အမေရိကန်ပြည်ထောင်စု ကောင်းကောင်း နားလည်ခဲ့ပါတယ်။ ပင်တဂွန်စစ် ဌာနချုပ်အနေနဲ့ကတော့ Minuteman III တိုက်ချင်းပစ်ဒုံးကျည်ကို အဆင့်မြှင့်တင်ဖို့ဆိုတာ ၁၉၆၀ ပြည့်နှစ်လွန်များက ထုတ်လုပ်ခဲ့တဲ့ ရော့ကတ်နည်းပညာဖြစ်တာကြောင့် နည်းပညာ တိုးတက်ဖွံ့ဖြိုးမှုသိပ်မရှိသေးတဲ့အချိန်က ထုတ်လုပ်ထားတာမို့ ထပ်မံအဆင့်မြှင့်တင်ဖို့ရာ သိပ်အဓိပ္ပါယ်မရှိဘူးလို့ ကောက်ချက်ချခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ နောက်ဆုံးထုတ် GBSD ရော့ကတ်ဒုံးကျည်ကို စတင် ထုတ်လုပ်ခဲ့ပါတယ်။GBSD ဆိုတာကတော့ Ground Based Strategic Deterrent မြေပြင် အခြေစိုက် မဟာဗျူဟာမြောက် အဟန့်အတားလို့အမည်ပေးထားတဲ့ တိုက်ချင်းပစ်ဒုံးကျည် သစ်အမျိုးအစားပဲဖြစ်ပါတယ်။အမေရိကန်တို့အတွက် မျိုးဆက်သစ်တိုက်ချင်း ပစ်ဒုံးဖြစ်လာ မှာပါ။ပစ်ချဖို့၊ကြားဖြတ်တိုက်ခိုက်ဖို့ ခက်ခဲစေမှာဖြစ်ပြီး ထိပ်ဖူးအများအပြား သယ်ဆောင် သွားနိုင်ပါလိမ့်မယ်။ရုရှားရဲ့ ဆာမတ် Sarmat ထက်ပိုမိုတိကျမှုပိုလာနိုင်ပြီး ပခုံးချင်းယှဉ်နိုင် မယ့် ဒုံးကျည်သစ်လို့ဆိုပါတယ်။အမေရိကန်ပြည်ထောင်စုဟာ လက်ရှိမှာ နိုင်ငံရဲ့ ကြည်း/ ရေ/လေ နျူကလီးယား သုံးပွင့်ဆိုင် စွမ်းအား ၃ ရပ်ဖြစ်တဲ့ nuclear triad ကြီးကို အဆင့်မြှင့် တင်လျက်ရှိနေချိန်ဖြစ်ပါတယ်။ပြိုင်ဘက်ရုရှားတို့ရဲ့နောက်ဆုံးထုတ် လက်နက်တွေဖြစ်တဲ့ Avangard hypersonic လက်နက်တွေလို နောက်ဆုံးထုတ်တွေနဲ့အပြိုင် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေလျက်ရှိပါတယ်။
အမေရိကန်နိုင်ငံဟာ Trident II တိုက်ချင်းပစ်ဒုံးကိုလည်း အဆင့်မြှင့်တင်လျက်ရှိပါ တယ်။ Trident II ကတော့ရေငုပ်သင်္ဘောပေါ်က ပစ်လွှတ်နိုင်တဲ့ ရေတပ်စွမ်းအား တိုက်ချင်း ပစ်ဒုံးကျည်ဖြစ်ပြီး မကြာခင်မှာပဲ ကိုလံဘီယာအတန်းအစား ရေငုပ်သင်္ဘောတွေမှာ တပ်ဆင် ပေးသွားမှာလည်းဖြစ်ပါတယ်။လေတပ်ရဲ့ B-21 ဗုံးကြဲလေယာဉ်ကြီးတွေကလည်း နျူကလီး ယား ဗုံးတွေနဲ့ ဒုံးတွေကို သယ်ဆောင်တိုက်ပွဲဝင်သွားနိုင်ဖို့ ပြင်ဆင်လျက်ရှိတယ် ဆိုတာ ရေးသားတင်ပြလိုက်ရပါတယ်။
Russian ballistic missile ‘Sarmat’ will take up combat duty in 2022 အား ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

Credit – သက်ထူးခန့်ပိုင် ရေနံချောင်း

Leave a Reply