ရိက္ခာထက် သိက္ခာကို တန်ဖိုးထားပြီး (၄၅) ရက်နဲ့ နှုတ်ထွက်သွားတဲ့ ယူကေဝန်ကြီးချုပ်

ရိက္ခာထက် သိက္ခာကို တန်ဖိုးထားပြီး (၄၅) ရက်နဲ့ နှုတ်ထွက်သွားတဲ့ ယူကေဝန်ကြီးချုပ်

ရိက္ခာထက် သိက္ခာကို တန်ဖိုးထားပြီး (၄၅) ရက်နဲ့ နှုတ်ထွက်သွားတဲ့ အင်္ဂလိပ်တွေသမိုင်းမှာ သက်တမ်းအတိုဆုံး ယူကေဝန်ကြီးချုပ်..

ယူကေဝန်ကြီးချုပ်ဟာ သူရာထူးက နုတ်ထွက်မယ့်အကြောင်း ကြေညာခဲ့တဲ့သတင်းတွေ့တယ်။ စီးပွားရေးနဲ့ နိုင်ငံတကာရေးရာတွေမှာ မသေချာမရေရာမှုတွေ အများကြီးရှိနေချိန်မှာ သူဒီရာထူးကို ယူခဲ့ပြီးနောက် ပေးအပ်တဲ့တာဝန်တွေကနေ ရလဒ်တွေရအောင် ဆက်ထမ်းဆောင်နိုင်စွမ်း မရှိတော့လို့ နုတ်ထွက်ရတာလို့ဆိုတယ်။

ဒီသတင်းလေးဖတ်ရတော့ သူများနိုင်ငံသားတွေများစိတ်ဓါတ်အလွန်ကောင်းကြတာဘဲ။ သူ့နိုင်ငံအတွက်တာဝန်ပေးချက်အရ ထမ်းဆောင်ခဲ့ပေမယ့်လည်း သူမစွမ်းဆောင်နိုင်တဲ့အခါ.. ခုလို ခဏလေးနဲ့နုတ်ထွက်ပြီး အခြားလုပ်နိုင်သူကို ကိုယ်တိုင်ကျေကျေနပ်နပ်နဲ့.. ပြန်ရွှေးချယ်ပြီးတာဝန်ပေးဘို့ ဆုံးဖြတ်ခဲ့တာ ချီးကျူးဘို့ကောင်းပါလားလို့ တွေးမိတယ်။

သူ မကျွမ်းကျင်တဲ့နေရာ၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဟန်ဆောင်မနေဘူး၊ ရာထူး၊ စည်းစိမ်ဂုဏ်သိမ်အတွက် ပေကပ်မနေဘူး၊ သူ့နိုင်ငံသားတွေအရေးကိုသာ ရှေးရှူပြီး သိက္ခာရှိရှိ နုတ်ထွက်မယ်လို့ကြေညာခဲ့တယ်။ ရိက္ခာထက် သိက္ခာကိုတန်ဖိုးထားကြတဲ့စိတ်ဓါတ်မျိုးရှိတဲ့ ဒီနိုင်ငံဟာ သေးပေမယ့် ဒါ့ကြောင့် ကမ္ဘာကိုအုပ်စိုးနိုင်ခဲ့တာလို့ ဆက်တွေးမိတယ်။ (Thanphyo Naing)

အင်္ဂလန် အမျိုးသမီး ဝန်ကြီးချုပ် လစ်ဇ်ထရပ်စ် ၄၅ ရက်သာ အုပ်ချုပ်သွားခဲ့လို့ အင်္ဂလိပ်တွေသမိုင်းမှာ အတိုဆုံး အစိုးရတဲ့။ သူက ဒုတိယကမ္ဘာစစ်မတိုင်ခင်က ကမ္ဘာတဝက်သိမ်းထားတဲ့ နေမဝင်အင်ပါယာအရှင် အင်္ဂလိပ်တွေရဲ့ စီးပွါးရေးက ကပ်မျိုးစုံ ဆိုက်နေတဲ့အချိန် တက်လာတဲ့ အမျိုးသမီးဝန်ကြီးချုပ် ဆိုတော့..

စီးပွါးရေးကပ်ဆိုက်နေတဲ့ အချိန်၊ ဥရောပမှာ ယူကရိန်းစစ် ဖြစ်နေတဲ့အချိန် အင်္ဂလိပ်တွေမျှော်လင့်တာက ဒုတိယကမ္ဘာစစ်ကာလ ဂျာမဏီကို အနိုင်တိုက်ခဲ့တဲ့ ဝင်စတန်ချာချီလို ဝန်ကြီးချုပ်မျိုး။ ဖေါက်ကလန်ကျွန်း အရေးအခင်းကို နိုင်အောင်ထိမ်းသွားပြီး စီးပွါးရေးပါဆွဲတင်သွားတဲ့ မာဂရက်သက်ချာလို အမျိုးသမီး ဝန်ကြီးချုပ်မျိုး။ ဒါပေမဲ့ တက်လာတဲ့ ဝန်ကြီးချုပ်က စီးပွါးရေးကောင်းကောင်း ကိုင်တွယ်နိုင်ဟန်မတူတဲ့ အမျိုးသမီးဝန်ကြီးချုပ် လဇ်ထရပ်စ်။

ဒီကြားထဲ သူတို့ အားကိုးတဲ့ နန်းသက်ရှည် အဲလစ်ဇဘက်ဘုရင်မကြီးက ဆုံးပါးသွားတော့.. ဝန်ကြီးချုပ်မ ခင်မြာ.. အင်္ဂလိပ်တွေရဲ့စိတ်ကော၊ စီးပွါးရေးကိုပါ ပြန်မြင့်တက်လာအောင် မလုပ်ပေးနိုင်ခဲ့ဘူး။ သူတက်လာတုန်းကတော့ မုန်တိုင်းကို ကျော်ဖြတ်မယ် ဆိုပြီးတက်လာတာပဲ.. ဒါပေမဲ့ သူ သတင်းစာရှင်းလင်းပွဲ တခါလုပ်တိုင်း ပြည်သူ ထောက်ခံမှု တခါကျ.. မိုက်ခွက်တခါကိုင်တိုင်း စီးပွါးရေးတခါကျ၊ လွှတ်တော်မှာ တခါရှင်းတိုင်း အမတ်တွေရဲ့ ယုံကြည်မှုက ကျ ဆိုတော့.. ၄၅ ရက်အတွင်းသူ့အခြေအနေကို သူသဘောပေါက်လာပုံရတယ်။ နှုတ်ထွက်သွားတယ်။

အင်္ဂလန်ရဲ့ ဒီမိုကရေစီ စနစ်ဟာ အတော်ခိုင်မာတယ်။ အာဏာကို ချယ်လှယ်ပြီး နိုင်ငံကို ကရော်ကမယ် အုပ်ချုပ်လို့ မရဘူး။ ပြောတဲ့အတိုင်း ဖြစ်မယ့်အစိုးရကိုပဲ အင်္ဂလိပ်တွေက မျှော်တယ်။ အစိုးရကို ထောက်ထားတဲ့ အတိုက်အခံကလည်း အလွန်အားကောင်းတယ်။ အင်္ဂလိပ်တွေက ရဲရဲရွေးတယ်၊ မလုပ်နိုင်ရင် အားမနာဘူး၊ ဆင်းပဲ။ ဖြစ်အောင်မလုပ်နိုင်သူကလည်း ဆင်းပေးတယ်။ နတ်သံနှောမနေဘူး။ ဟုတ်နေတာပဲ။

လဇ်ထရပ်စ် နှုတ်ထွက်မိန့်ခွန်းထဲမှာ သူ တက်လာတဲ့အချိန် ပြည်တွင်းစီးပွါးရေး နိုင်ငံတကာမတည်ငြိမ်မှုတွေ နဲ့ရင်ဆိုင်ရချိန် ဖြစ်တယ်။ ပြည်သူပြည်သားတွေ ဝင်ငွေထွက်ငွေမညီမျှတာကို ပူပန်နေကြချိန်ဖြစ်တယ်။ သူ့ကို အနိုင်ရပါတီ က ခေါင်းဆောင်တင်ပြီး ဒီပြဿနာတွေ ဖြေရှင်းဖို့ ဝန်ကြီးချုပ်ရာထူးပေးလိုက်တယ်။ သူဟာ ပေးထားတဲ့ တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်ခဲ့လို့ နှုတ်ထွက်ပါတယ် တဲ့။ နိုင်ငံကို မလုပ်နိုင်ပဲ တွယ်ကပ်မနေဘူး။ လဇ်ထရပ်စ် ဆို အင်္ဂလိပ်သမိုင်းမှာ အတိုဆုံး ဝန်ကြီးချုပ်လို့ နံမည်ဆိုးဘွဲ့ ခံယူပြီး ဆင်းပေးသွားတယ်။ (Kyaw Swa Min)



Post Views:
1

Crd