ရန်ကုန် – မန္တလေးအမြန်လမ်းမှာ အဖမ်းအဆီးကြမ်းနေပြီး ဒဏ်ကြေးငွေ သိန်းချီတောင်းနေလို့ ဂရုစိုက် မောင်းနှင်ကြပါလို့ လမ်းအသုံးပြုသူတွေက ပြောပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့မှာ အမြန်လမ်း အသုံးပြုသူတစ်ဦးက “ဖမ်းချက်တော့ ရှယ်ပဲ။ ၁၁၅ မှာ လိုင်စင်သိမ်းဖမ်းနေတယ် ပြီးရင် မိုင် ၂၀၀ မှာ ထပ်ဖမ်းပါတယ်။ မိုင် ၂၀၀ မှာဖမ်းပြီးလဲ ၂၈၅ မှာ ထပ်ဖမ်းပါတယ်။ ဒဏ်ကြေးကလဲ သိန်းနဲ့ချီပါတယ်။ ကီလို ၁၀၀ ကို နည်းနည်းလေးကျော်တယ်။ သူတို့ ဖမ်းတော့ ၁၀၄ ကီလိုပေါ့။ ဖမ်းပါတယ်။ ကီလို ၁၀၀ မကျော်အောင်မောင်းခြင်းဖြင့် မိမိပိုက်ဆံတွေ သိန်းနဲ့ချီ မပေးရအောင် အလုပ်မရှုပ်ရအောင် ဂရုစိုက်ကြပါ” လို့ ပြောကြားထားပါတယ်။
အောက်တိုဘာ ၁၃ ရက်နေ့က အမြန်လမ်း အသုံးပြုသူတစ်ဦးကလည်း “ရန်ကုန်ကနေ ပြန်လာတာ နေပြည်တော်မှာ တစ်ခါ ၁၂၀ ကီလိုမောင်းလို့ ၁၂၀၀၀၀ ဆောင်ရတယ်။ အာ့နဲ့ပြီးပြီလားမှတ်တာ တံတားဦးမှာ တစ်ခါ ၁၄၀ လောက်ထိ မောင်းလာလို့တဲ့ ၁၂၀၀၀၀ ပေါင်း ၂၄၀၀၀၀ တစ်ရက်တည်း ကုန်သွားပါတယ်” လို့ ပြောပါတယ်။
ယခုရက်ပိုင်း အမြန်လမ်းအသုံးပြုများ မကြာခဏ ဖမ်းဆီးခံရပြီး ဒဏ်ကြေးငွေကိုလည်း မြင့်မားစွာပေးဆောင်နေရတယ်လို့ ခရီသွားများက ဆိုပါတယ်။
နောက်ထပ် အမြန်လမ်းအသုံးပြုသူ ခရီးသွားတစ်ဦးက “ပြီးခဲ့ ရက်ပိုင်းက မန္တလေးက အပြန် ၂၈၅ မိုင် တိုးဂိတ်မှာ ဘေးက ခါးပတ်မပတ်လို့တဲ့ ဝှီးတက်သိမ်းတယ်။ မိတ္ထီလာ တရားရုံးမှာ နောက် ၂ ရက်နေ့မှာ လာရွေးခိုင်းတယ်။ ဒဏ်ကြေး ၃၀၀၀၀ ပေးရတယ်။ ချလန်မှာ လက်မှတ်ထိုး ပေးတယ်” လို့ ပြောပါတယ်။
“၁၀၀ အတိဘဲမောင်းတယ် ရတဲ့မောင်းကြေးလေးကုန်မှာ ကြောက်လို့ အချိန်ကသိပ်မကွာပါဘူး။ အရင်လို လမ်းဘေးမှာဖမ်းရင် ကြိုကြည့်ပြီး မောင်းလို့ရတယ် အခုက လမ်းလည်ကျွန်းမှာ သစ်ပင်နဲ့ကွယ်ဖမ်းတာ ရန်ကုန်အပြန်ကတော့ ၆၉ မိုင်မှာ သွားတိုင်းတွေ့တယ် နေပြည်တော်ဘက်အသွားသာ မသေချာတာ” လို့ အမြန်လမ်းအသုံးပြုနေတဲ့ ယာဉ်မောင်းတဦးက ပြောပါတယ်။
ယင်းကြောင့် ရန်ကုန် – မန္တလေး အမြန်လမ်း အသုံးပြုမည်ဆိုပါက လိုအပ်သည့် စာရွက်စာတမ်းအပြည့်အစုံ၊ ကီလို ၁၀၀ မကျော်ဖို့နဲ့ ခါးပတ်ကြပါလို့ အမြန်လမ်းအသုံးပြုသူ ခရီးသွားများက တိုက်တွန်းထားပါတယ်။
Post Views:
1