မန်ယူနိုက်တက်ဂန္ထဝင်ကစားသမားကြီး ရိုင်ယန်ဂစ်ဟာ ရည်စားဟောင်းကို အနိုင်ကျင့်၊ စော်ကားခဲ့တဲ့ လုပ်ရပ်များစွာအတွက် လက်ရှိအချိန်မှာ တရားရင်ဆိုင်နေရပြီး ပြစ်ဒဏ်ကျခံရနိုင်တဲ့ အခြေအနေကို ရောက်နေကြောင်း Sky Sports သတင်းဌာနက ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာတော့ တရားရုံးက စွဲချက်တွေက မီဒီယာစာမျက်နှာတွေထက်ကို ပျံ့လွင့်လာခဲ့တာကြောင့် အသက် ၄၇ နှစ်သားကြီးအနေနဲ့ ဝေဖန်မှုတွေနဲ့ အပြင်းအထန် ရင်ဆိုင်နေရသလို ဂုဏ်သိက္ခာပိုင်းအရလည်း အတော်လေး မှေးမှိန်ရချိန်နဲ့ ကြုံကြိုက်လျက် ရှိနေပါတယ်။
ဂစ်ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လနဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလကြား ကာလတွေအတွင်း ရည်းစားဟောင်းဖြစ်သူနဲ့ ညီမတို့အပေါ် ကိုယ်ထိလက်ရောက် စော်ကားမှုပေါင်းများစွာကို ပြုလုပ်ခဲ့တယ်လို့ တရားရုံးမှတ်တမ်းတွေအရ သိရပြီး မန်ယူနိုက်တက်ဂန္ထဝင်ကြီးကတော့ အဆိုပါစွဲချက်တွေအားလုံးကို ငြင်းဆန်ထားကာ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အမှုကို ထပ်မံကြားနာရမှာ ဖြစ်ပါတယ်။

ဂစ်အပေါ် စွဲချက်များ
၁။ ရည်စားဖြစ်သူ သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်တဲ့အခါ (သို့မဟုတ်) ဖောက်ပြန်မှုတွေအတွက် မေးခွန်းထုတ်တဲ့အခါ မက်ဆေ့ချ်တွေကို ဘလော့ထားခြင်း။
၂။ သူငယ်ချင်းတွေ၊ အလုပ်ရှင်တွေထံ သူတို့ရဲ့ အိပ်ရာထက် ဗီဒီယိုဖိုင်တွေကို ပေးပို့ပစ်မယ်ဆိုတဲ့ အီးမေးလ်တွေ အကြိမ်ကြိမ် ပေးပို့ကာ ရည်စားဟောင်းဖြစ်သူကို ခြိမ်းခြောက်ခြင်း။
၃။ ဖောက်ပြန်တဲ့အကြောင်းအရာနဲ့ပတ်သက်လို့ ရန်ဖြစ်တဲ့အခါတိုင်း ရည်းစားဟောင်းဖြစ်သူကို အိမ်အပြင်နှင်ထုတ်တတ်ခြင်း။

၄။ စတန်းဖို့ဒ်ဟော်တယ်အတွင်း အခြားအမျိုးသမီးတွေနဲ့ အတူရှိနေတာကို ရည်စားဟောင်းက ပက်ပင်းမိသွားချိန်မှာ ကန်ကျောက်ကာ ဝတ်လစ်စလစ်နဲ့ပဲ ဟော်တယ်အပြင်ဘက်ကို နှင်ထုတ်ခဲ့ခြင်း။ ရည်စားဟောင်းက ဖြတ်ဖို့ ကြိုးစားလာချိန်မှာ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ မက်ဆေ့ချ်တွေ အကြိမ်ကြိမ်ပေးပို့ခြင်း၊ ဖုန်းတွေခေါ်ခြင်း။
၅။ ရည်းစားဟောင်းက ဖြတ်ဖို့ကြိုးစားနေတဲ့ ကာလအတွင်း မပြောမဆို၊ မဖိတ်ခေါ်ဘဲနဲ့ အိမ်၊ အလုပ်နဲ့ အားကစားရုံတွေကို လိုက်လာကာ အနှောင်အယှက် ပေးခြင်း။
အဆိုပါအချက်တွေဟာ တရားရုံးက စွဲချက်တင်လာခဲ့တဲ့ အချက်တွေဖြစ်ပြီး မိနစ် ၃၀ ကြားနာမှုမှာတော့ ဂစ်ဟာ သူ့မှာ အပြစ်မရှိကြောင်းသာ ငြင်းဆိုခဲ့ပါတယ်။ ဒါကြောင့် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ဝေးလ်ကြယ်ပွင့်ဟောင်းကြီးအနေနဲ့ မန်ချက်စတာတရားရုံးမှာ နောက်တစ်ကြိမ် အမှုရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

ဂစ်အနေနဲ့ အဆိုပါဖြစ်ရပ်တွေကြောင်း ဝေးလ်လက်ရွေးစင်နည်းပြအဖြစ်ကနေပါ နှုတ်ထွက်ခဲ့ရပါတယ်။ ကစားသမားဘဝမှာ မန်ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ်နဲ့ လိဂ်ဖလား ၃ ကြိမ် ရယူနိုင်ခဲ့ပြီး အောင်မြင်မှုကြီးမားခဲ့တဲ့ ဂစ်ရဲ့ လူနေမှုဘဝဟာတော့ အမဲစက်များစွာ စွန်းထင်းနေခဲ့ပြီဖြစ်တယ်လို့ပဲ ဆိုရမှာပါ။
Ref: Sky Sports
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။