ယောင်္ကျားသားတွေရဲ့ဒုက္ခမြစ်ကြီး ဘယ်လိုစီးဆင်းသလဲ

ယောင်္ကျားသားတွေရဲ့ဒုက္ခမြစ်ကြီး ဘယ်လိုစီးဆင်းသလဲ
ကျနော်တို့ ယောင်္ကျားတွေရဲ့ ဘဝတစ်လျောက် ကမ္ဘာဦးကနေ ယခုမျက်မှောက် အချိန်အထိ စိတ်သောက ပေးနိုင်လွန်းတဲ့ ဒုက္ခမြစ်ကြီး အကြောင်း နည်းနည်းပွားပါရစေ။
ဒီကမ္ဘာပေါ်မှာရှိတဲ့ ယောကျာ်းတွေ အကုန်လုံးနီးပါးက ငယ်ငယ်ကတည်းကနေ အိုမင်းပြီး သေတဲ့အထိ ဒုက္ခကို မီးထွန်းရှာကြတဲ့ သတ္တဝါတွေပဲဗျ။
အန္တရာယ်ကြားထဲ စွန့်စားရတာကို သဘောကျတယ် ၊ တိုက်ရခိုက်ရတာကို နှစ်သက်တယ် ၊ သူများတွေမလုပ်နိုင်တဲ့ ကိစ္စမျိုးတွေကို စွမ်းဆောင်ချင်တယ် ၊ သူရဲကောင်း ဖြစ်ချင်ကြတယ် ဒီလို သဘောသဘာဝတွေရှိကြတယ်။
အငယ်တုန်းက ဆော့ကစားကြတဲ့အခါ မိန်းကလေးတွေရဲ့ ဘိုမရုပ်နဲ့ကစားတမ်း အိုးပုတ်ဂျိုးရုပ်ကစားတမ်း ၊ တူတူပုန်းတမ်း စတဲ့ ကစားနည်းတွေထက် သစ်ပင်တက်တာ သိုင်းချတာ ဂျင်ပေါက်တဲ့ ကစားနည်းမျိုးကို ပိုနှစ်သက်ခဲ့ကြတာမလား။


ကလေးဘဝမှာ မိဘက ချမ်းသာသည်ဖြစ်စေ လူလတ်တန်းစားထဲကဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကျုပ်တို့ ယောကျာ်းလေးတွေ အကုန်လုံးနီးပါး အပူအပင်ကင်းကင်းနဲ့ ပျော်ခဲ့ကြတာချည်းပဲ။
ဆင်းရဲချမ်းသာပေါ်လိုက်ပြီး အနည်းနဲ့အများ ကွာဟနိုင်ချေရှိပေမယ့် ကိုယ့်ဘဝနဲ့ကိုယ် ပျော်ခဲ့ရတာပါပဲ။
ချမ်းသာတဲ့ကောင်တွေက ps1 ps2 နဲ့ အိမ်မှာနှပ်ပြီး ပျော်တဲ့အချိန် ငွေကြေးမပြည့်စုံတဲ့ကောင်တွေကလည်း စွန်လွှတ် ၊ ဂျင်ပေါက် ၊ ဂေါ်လီလှိမ့်ရင်း ပျော်ခဲ့ကြတာပဲ။
မိသားစုက ငွေရေးကြေးရေး အဆင်မပြေလို့ သူငယ်ချင်းတွေကြားထဲ သိမ်ငယ်တာမျိုးတွေ ၊ ဆရာ မပီသတဲ့ အသပြာဆရာတွေရဲ့ မျက်နှာလိုက်မှုအောက် စိတ်ပျက်အားငယ်ရတဲ့ ကိစ္စမျိုးတွေ အစရှိတဲ့
ဒုက္ခအသေးစားလေးတွေ ရှိတတ်ပေမယ့် ဖြစ်တုန်းခဏပဲ ခံစားကြတာ။ စိတ်ထဲမျိုသိပ်ထားရတဲ့ ခံစားချက်တွေ ရှိတတ်ကြပေမယ့် စောက်ဂရုမစိုက်ခဲ့ကြပါဘူး။ ကစားလိုက် စားလိုက်ပဲ ဒုက္ခဆိုတဲ့ကောင်က ဂျိုနဲ့လားပေါ့လေ။


ငယ်စဥ်ကလေးဘဝကို ပြန်တွေးကြည့်ရင် အခုအချိန်ထက် ပျော်ဖို့ကောင်းခဲ့တာ လူတိုင်းနီးပါးသိပါတယ်။ ဒါပေမယ့် ငယ်ငယ်တုန်းက လွတ်လွတ်လပ်လပ် ပျော်ခဲ့ပြီး အသက်ကြီးလာတော့
ပျော်စရာတွေ ဘာကြောင့်နည်းကုန်တာလဲလို့ စဥ်းစားမိတဲ့သူ သိပ်ရှိမယ် မထင်ဘူး။ ဆိုတော့ ကျနော်တို့ အသက်ကြီးလာတာနဲ့အမျှ ပျော်ရွင်မှုတွေဟာ ဘာကြောင့်လျော့နည်းလာရတာလဲ။
အငယ်တုန်းကထက် အခွင့်အရေးတွေ ပိုရလာတာ မှန်ပေမယ့် တာဝန်ယူမှု တာဝန်ခံမှုတွေပါ ပါလာလို့လား။ ဒါမှမဟုတ် အငယ်တုန်းက မိဘလက်အောက်မှာ အပူအပင်ကင်းကင်း နေခဲ့ရလို့ ပျော်စရာ ကောင်းခဲ့တာလား။
အဲ့ဒီ့အကြောင်းအရင်း နှစ်ခုဟာ ထိုက်သင့်သလောက်အထိတော့ မှန်သလိုရှိပေမယ့် ကျနော်တို့ ယောကျာ်းတွေရဲ့ ဒုက္ခအရင်းအမြစ်တော့ မဟုတ်သေးဘူးဗျ။ ချောင်းငယ် မြှောင်းငယ် အဆင့်လောက်ပဲရှိတယ်။
ဒုက္ခမြစ်ကြီးရဲ့ မြစ်ဖျားဟာ ဘယ်မှာစတင်ခဲ့သလဲဆိုတာ သိပ်မသိကြဘူးဗျ။ တချို့လည်း သိကောင်းသိနေနိုင်ပါတယ်။ ကျနော်တို့ရဲ့ ဒုက္ခမြစ်ဖျားဟာ

“အမျိုးသမီး” (ဝါ) “မိန်းကလေး” (ဝါ)”ဣတ္ထိယ” တွေအပေါ် စိတ်ဝင်စားမှု ဖြစ်တည်ရာမှ စတင်ခဲ့တာပါ။ ဒီလိုပြောလို့ မိန်းမတွေကြောင့် ယောကျာ်းတွေ ဒုက္ခရောက်တယ်လို့ ဆိုလိုချင်တာ မဟုတ်ဘူးနော်။
မိန်းကလေးတွေက သူတို့သဘာဝနဲ့ သူတို့နေထိုင်ကြတာ။ ကျနော်တို့တွေကသာ ကိုယ့်ဒုက္ခကိုယ်ရှာခဲ့ကြတယ်လို့ ပြောပြချင်တာပါ။
ကျနော်တို့ အငယ်တုန်းက ဘာလို့ပျော်စရာကောင်းခဲ့တာလဲဆိုတော့ မိန်းကလေးတွေကို စိတ်မဝင်စားခဲ့တာကြောင့်လည်း ပါတယ်။ ဒါပေမယ့် ဒီအချက်ကို တွေးမိတဲ့လူ သိပ်ရှိမယ်မထင်ဘူး။
ကျုပ်တို့အကုန်လုံးဟာ ငယ်စဥ်က ပညာရှိတွေ ၊ အမှန်ကို အမှန်အတိုင်း သိမြင်ခဲ့တဲ့သူတွေပဲဗျ။ အခုအသက်အရွယ်ကို ခဏမေ့ပြီး သုံးတန်း လေးတန်းအရွယ်လောက်ကို ပြန်သွားကြည့်ရအောင်။
ခင်ဗျားတို့ အဲ့အရွယ်တုန်းက မိန်းကလေးတွေကို ဘယ်လိုမြင်ခဲ့ကြသလဲဗျ။ ကျနော်ကတော့ စောက်မြင်ကတ်စရာ သတ္တဝါလေးတွေလို့ မြင်ခဲ့တာပဲ။
ကျနော်တစ်ယောက်တည်းလားဆိုတော့ မဟုတ်ဘူး ၊ ကျနော့်ဘော်ဒါတွေလည်း ဒီလိုမြင်ခဲ့တာပဲ။ ခင်ဗျားတို့တွေလည်း ဒီလိုမြင်ခဲ့ကြမှာပဲ ၊
ဘာလို့ဆို ကျုပ်တို့ငယ်ငယ်က ပညာရှိတွေကိုးဗျ။ အဲ့တုန်းက စိန်ပြေးလိုက်တမ်း ဆော့ရင်ဖြစ်ဖြစ် ဥဖမ်းတိုင်းဆော့ရင်ဖြစ်ဖြစ် မိန်းကလေး သူငယ်ချင်းတွေနဲ့ တွဲပြီးဆော့ချင်တဲ့ကောင် တစ်ကောင်မှ ရှိလိမ့်မယ် မထင်ဘူး။
ဘာကြောင့်ဆို သူတို့လေးတွေက ပြိုင်ပွဲတိုင်း အနိုင်လိုချင်တယ် ၊ အနိုင်မရရင် ညစ်ချင်တယ် စူစူပုတ်ပုတ် ဖြစ်လာတယ် ၊ နည်းနည်းလေး ထိခိုက်သွားတာနဲ့ အသံသေး အသံညောင်နဲ့ အော်ငိုကြတာကိုး။
စာသင်ခန်းထဲမှာလည်း အမြင်ကတ်စရာ ကောင်းနေတာပဲ။ အထူးသဖြင့် ရှေ့ဆုံးတန်းက ကောင်မလေးတွေ။ ဆရာမတွေကိုဖားတယ်…
အိမ်စာလုပ်ပြီးကြောင်း တကူးတက ဖင်ယားပြတယ်.. တည့်တဲ့အချိန်တုန်းက အတူဆော့ခဲ့ပြီးမှ မတည့်တဲ့ အချိန်ကြ ဆရာမကိုတိုင်တယ်။
ပြောရရင် ကျုပ်တို့ ဘော်ဒါတွေလို မိုက်ဖော်မိုက်ဖက် လုပ်လို့မရဘူး။ သူတို့ကို ထိခိုက်မယ့် ကိစ္စမျိုးဆိုရင် အင်မတန်မှ လက်တွန့်တတ်ကြတယ်။ လက်တွန့်ရုံတင်မက ချွန်တွန်းပါ လုပ်ကြတာဗျ။
ကျုပ်တို့ ဘော်ဒါအချင်းချင်း ကျောင်းပြေးဖို့ ဒါမှမဟုတ် စာသင်ခန်းထဲ အီးဗုံးထည့်ဖို့ တိုင်ပင်ရင် အမြဲတမ်း သေအတူရှင်မကွဲပဲ။ မိန်းကလေး သူငယ်ချင်းတွေနဲ့ ဒါမျိုးလုပ်မရဘူး။
ဘော်လုံးကန်ပြီး မတော်တဆ ပြတင်းပေါက်ကမှန် ကွဲသွားရင်တောင် သူတို့က ဖော်ကောင်လုပ်ကြတာ။ ဆိုလိုတာက ကျုပ်တို့ငယ်ငယ်တုန်းက ပညာရှိတွေဆိုတော့ အမှန်ကို အမှန်အတိုင်းမြင်တယ်။
မိန်းကလေးတွေက စိတ်ရင်းနဲ့ မပေါင်းသင့်တဲ့ သတ္တဝါလေးတွေ။ ဒီလိုမြင်တယ်။ ဒီလိုနဲ့ ၈တန်း ၉တန်းအရွယ် ရောက်လာတော့ ကျုပ်တို့တွေဟာ လူပျိုဖော်ဝင်လာကြတယ်။
ဟော်မုန်းတွေ ပြောင်းလဲလာခြင်းနဲ့အတူ မိန်းကလေးတွေအပေါ် အမြင်ဟာလည်း ပြောင်းလဲသွားပါတော့တယ်။
တချိန်က အမြင်ကတ်စရာ သတ္တဝါလေးဟာ ရုပ်တရပ်ကြီး ကျုပ်တို့မျက်လုံးထဲ ချစ်စရာ ကောင်းလာတော့တာပဲ။
အောက်စီတိုစင် ဟော်မုန်းတွေကြောင့် ဉာဏ်အလင်းဟာ ကွယ်သွားရောဗျ။ မိန်းကလေးတွေဟာ မျက်စိထဲ ချစ်စရာကောင်းလာတော့ ဘဝမှာ ပထမဦးဆုံးအကြိမ် စိတ်ဝင်စားလာတယ်။
သူတို့ကို မြင်ရုံတွေ့ရုံနဲ့ ရင်ထဲက ကလိလိ ဖြစ်လာတော့တာပဲ။ တကယ်တော့ မိန်းကလေးတွေဘက်က ထွေထွေထူးထူး ပြောင်းလဲသွားတဲ့ အချက်ဆိုလို့ ခန္ဓာကိုယ်ပြောင်းလဲတာပဲရှိတာ။
စိတ်နေစိတ်ထားနဲ့ အမူအကျင့်တွေက အရင်တုန်းကအတိုင်းပဲ။ ပြောရရင် ပိုတောင်ဆိုးလာသေးတယ် ကြိုးမခုန် ဇယ်မခုတ်ကြတော့ဘူးဆိုတော့ အတင်းတုတ်ဖို့ အချိန်ရယ် တောင်စဥ်ရေမရ လျောက်ပြောဖို့ အချိန်ပိုရလာတာပေါ့ဗျာ။
သူတို့တွေက အရင်လိုပဲ။ ဆရာမကိုလည်း ဖားတုန်း ၊ အချင်းချင်း အုပ်စုဖွဲ့ပြီး ချောက်တွန်းကြတုန်း ၊ သန့်စင်ခန်းသွားရင်လည်း ပျော်ပွဲစားထွက်သလို အုပ်လိုက်ကြီးသွားကြတုန်းပဲ။
နို့ပေမယ့် ကျုပ်တို့တတွေရဲ့ မျက်စိထဲမှာတော့ အစစ အရာရာ ပြောင်းလဲသွားခဲ့ပြီလို့မြင်တယ်။ သူတို့ရဲ့ ရုပ်အဆင်း ပိကျိပိကျိ အသံလေးတွေဟာ နှစ်လိုဖွယ်ကောင်းတယ်လို့ မြင်လာတယ်။
ဒီလိုတွေစမြင်လာတော့ အပေါ်က မကောင်းတဲ့အချက်တွေကိုလည်း မမြင်နိုင်တော့ဘူး။ တဏှာနဲ့ အောက်စီတိုစင် ဟော်မုန်းက ဖုံးလွှမ်းသွားတော့ မိန်းကလေးတွေဟာ ချစ်စရာလို့ လက်ခံလိုက်ရတယ်။
မိန်းကလေးတစ်ယောက် ရုပ်ရည်ချောမော လှပလေလေ သူတို့အပေါ်ထားတဲ့ တဏှာမီးကြောင့် အမှန်ကို မမြင်နိုင်တော့ပဲ အမှားကို အမှန်ထင်လာပါတော့တယ်။
ရုပ်ချောတဲ့ မိန်းကလေးတစ်ယောက် စိတ်အလိုမကျလို့ စူပုတ်ပုတ်လုပ်နေရင်တောင်မှ (စူပုတ်ပုတ်လေးကလည်း တစ်မျိုးချစ်စရာ ကောင်းတာပဲကွ) အဲ့လိုမြင်လာတာ။
ဒီအချက်တွေဟာ ဒုက္ခမြစ်ကြီး ဖြစ်တည်လာဖို့ အစပျိုးတဲ့အချက်တွေပါ။ မြစ်ဖျားက ဘယ်လိုစဖြစ်လာသလဲဆိုတော့ မိန်းကလေး တစ်ယောက်ကို ချစ်မိရာကနေ စဖြစ်ပါတယ်။
ဘော်ဒါတွေနဲ့ ဟီးလေးဝါးလား လုပ်နေတုန်း ကောင်မလေးတစ်ယောက်ကို ကြည့်မိပြီး စိတ်ထဲ ချစ်စရာလေးပါလားလို့ တွေးမိရာကစတယ်။ အဲ့လို ကြည့်ရင်း ကြည့်ရင်း သံယောဇဉ်လေး တွယ်လာတော့ မတွေ့ရရင်ကို မနေတတ် မထိုင်တတ် ဖြစ်လာတယ်။
သူ့ကိုတွေ့ရရင် ပျော်တယ် ၊ ကြည်နူးတယ် ၊ ရင်ထဲမှာနွေးတယ်….ရင်တွေခုန်လာတယ်။ ဘဝမှာ ပထမဆုံးအနေနဲ့ သူစိမ်း ကောင်မလေး တစ်ယောက်ကို မြတ်မြတ်နိုးနိုး ချစ်မိသွားတယ်။
ပြဿနာက အဲ့မှာစတာပဲ ၊ မိန်းကလေးတွေက သူတို့ကို ချစ်လှည့်ပါ ကြိုက်လှည့်ပါလို့ မပြောပေမယ့် ကျုပ်တို့ကိုယ်တိုင်က လိုလိုလားလားကြီးကို ချစ်မိ ကြိုက်မိတော့တာပဲဗျို့…ဟားဟား။
ဝတ္ထုရေးတဲ့ စာရေးဆရာတွေ ကဗျာဆရာတွေကတော့ “အချစ်ကို စတင်တွေ့ရှိခြင်း”လို့ ခေါင်းစဥ်တပ်ကြတာပေါ့။ ကျုပ်ကတော့
“နှလုံးသား ရေခဲတောင် အရည်ပျော်ပြီး ဒုက္ခမြစ်ဖျား စတည်တယ်”လို့ ခေါင်းစဥ်တပ်ရလိမ့်မယ်။ ဘာလို့ဆို ဒီဒုက္ခမြစ်ကြီးဟာ ကျုပ်တို့ရဲ့ ဘဝတစ်လျောက်လုံး စိတ်အနှောင့်အယှက် ပေးတော့မှာမို့လို့ပဲ။
အချစ်ဦးကို စတင်တွေ့ရှိတော့ ကျုပ်တို့တတွေဟာ ဖြူစင်သေးတယ်လို့ ပြောရမယ်… ချစ်တတ်ခါစ အချစ်ရူးလေးတွေကိုး။ ကိုယ်ချစ်ရတဲ့ ကောင်မလေးရဲ့ အသိအမှတ်ပြုချင်းကို ခံယူလိုတဲ့ စိတ်သက်သက်သာရှိတယ်။
အချစ်ဦးကို ချစ်တယ်ဆိုတာ သူရဲ့ အသိအမှတ်ပြုတာ ခံချင်ရုံသက်သက်ပဲ ၊ သူနဲ့ လမ်းအတူ လျောက်ချင်တယ် ၊ မတော်တဆ အင်္ကျီအရောင် ဆင်တူဝတ်ခဲ့မိရင်လည်း ပျော်တယ် ၊ ဟိုက ပြုံးပြရင်ကို ကိုယ့်မှာ ပြုံးဖြီးပြီး ကျေနပ်နေတာမျိုး။
ဒါကြောင့်မို့လို့ အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့နိုင်ကြဘူးလို့ ပြောကြတာ။ ကိုယ့်အချစ်က ဖြူစင်ကြယ်ခဲ့တော့ ခံစားရတဲ့ ပီတိကလည်း အခုနဲ့ မတူဘူးကိုး…ပြီးတော့ ပထမဆုံးအကြိမ် ဖြစ်နေတာကြောင့်လည်း ပါတယ်။
ဆိုတော့ ချစ်ရတာတွေ ကြည်နူးရတာတွေဟာ ပျော်ဖို့ကောင်းသလားဆို ကောင်းပါတယ် ၊ ဒါပေမယ့် ဒုက္ခဟာလည်း တစ်ခါတည်း ယှဥ်တွဲပြီး ပါလာတယ်။
ပုံမှန်အားဖြင့် အချစ်ဦးကို စတွေ့တာ state ကျောင်းသားဘဝဆိုတော့ ဒုက္ခဟာ သိပ်မသိသာသေးဘူးရယ်။
ရည်းစားစာပေးဖို့ ကြိုးပန်းရတယ်….နွေရာသီ ကျောင်းပိတ်ရက်မျိုးဆို နင့်နေအောင် လွမ်းရတယ်… ရည်းစားစာပေးဖို့ လက်ရေး မလှရင် လှတဲ့ကောင်ကို မုန့်ဝယ်ကျွေးပြီး ရေးခိုင်းရတာမျိုးရှိတယ် ။
လက်ဆောင်အနေနဲ့ ကလစ်လေးတွေ ချိုချဥ်လေးတွေပေးဖို့ မုန့်ဖိုးထဲက အငတ်ခံပြီး စုရတာမျိုးရှိတယ်။ တစ်ခါတစ်လေ ရည်းစားစာပေးလိုက်တဲ့ စော်လေးက ဖင်ယားလို့ ဆရာမသွားတိုင်ရင် ကြိမ်လုံးစာလည်း မိချင်မိလိမ့်မယ်။
လူကြိုက်များတဲ့ စော်လေးကို ကြိုက်မိရင် ယောကျာ်းချင်း လက်သီးချင်း ယှဥ်ထိုးခဲ့ရတာမျိုး ရှိချင်လည်း ရှိလိမ့်မယ်။
အဲ့တုန်းက မိန်းကလေးတစ်ယောက်အတွက်နဲ့ ရန်ဖြစ်တယ် ဆိုရာမှာ ချွင်းချက်တစ်ခုတော့ရှိတယ်။ ကိုယ့်သူငယ်ချင်းကြိုက်တဲ့ စော်လေးကိုတော့ ကြိုက်လေ့မရှိဘူး…မင်းကြိုက်ရင် ငါမကြိုက်ဘူးကွာလို့ လျော်ပေးလေ့ရှိတယ်။
(အဲ့တုန်းက အမြင်တွေဟာ သိပ်မဝေဝါးသေးဘူး ၊ သူငယ်ချင်းကို သူငယ်ချင်းမှန်းသိသေးတယ်) ဒါပေမယ့် ကိုယ့်သူငယ်ချင်း မဟုတ်ဘဲ တစ်ခြားကျောင်းက (သို့) တစ်ခြားအတန်းကကောင်တွေ ကြိုက်ရင်တော့ ကျောင်းဆင်းရင် စာရင်းရှင်းကြတာပဲ။
(ရယ်တော့ရယ်ရသားဗျ ၊ ကောင်မလေးက ဘယ်သူ့ကို ကြိုက်တယ်လို့ မပြောသော်လည်း ကျုပ်တို့က ပိုင်ဆိုင်ခွင့်အတွက် အချင်းချင်း ချနေကြပြီ။ကျုပ်တို့ခေတ်တုန်းကတော့ အဲ့လိုစောက်ရူးထတာပဲ ၊ အခုတော့ ဘယ်လိုနေမယ်မသိဘူး)
ဒီလိုနဲ့ state ကျောင်းပြီးတော့ တရားဝင် ရည်းစားထားလို့ရတဲ့ တက္ကသိုလ်ကို ရောက်လာကြတယ်။ းအဲ့မှာ ကျုပ်တို့တတွေ အကုန်လုံးနီးပါး အောင့်ထားရတဲ့ အောင့်လုံးကြီးတွေကို ဖြည်ချတော့တာပဲ။
အဲ့ဒီမှာ ဒုက္ခမြစ်ဖျားကနေ မြစ်ငယ်လေး ဖြစ်လာတယ်။ ဟော…ရည်းစားထားမယ်လို့ ကြံစည်ကတည်းက ဒုက္ခတွေဟာ စလာတော့တာပဲဗျ။
ဖုန်းနံပတ်လေး ရဖို့အတွက် ကောင်မလေးရဲ့ ဘော်ဒါတွေကို ဖားရတယ်….မုန့်ဝယ်ကျွေးသင့် ကျွေးရတယ် ၊ မျက်နှာလို မျက်နှာရ လုပ်ရတယ် အင်း အစုံပါပဲ။
ကောင်မလေးရဲ့ အကြိုက်တွေ ဘာတွေညာတွေ စုံစမ်းရတယ် ၊ မျက်နှာချိုသွေးရတယ်။ ဒီလိုနဲ့ အခြေအနေ ကောင်းတယ်ထင်ရင် ရင်တထိတ်ထိတ်နဲ့ ဖွင့်ပြောရတော့တာပဲ။ (မပြောရင် တစ်ခြားသူ ပိုင်သွားမှာလည်း စိုးသေးတာကိုး)
တချို့ကလည်း သူငယ်ချင်း အရင်းကြီးကိုမှ ကြိုက်တဲ့ တစ်ဖက်သက် အချစ်ဆိုတာမျိုးရှိတယ်။ သူ့ဒုက္ခကလည်း မသေးဘူး….
အခင်အမင် ပျက်မှာလည်းကြောက် ဖွင့်ပြောလိုက်ရင်လည်း အငြင်းခံရမှာကြောက်နဲ့ သောကတွေ ဗျာပါဒတွေ ရောက်ရတယ်။
ထားပါတော့ ဒီလိုဒုက္ခတွေကို ခင်ဗျားတို့ အသိဆုံးပဲဟာ နည်းနည်းကျော်လိုက်မယ်။ ခင်ဗျားဟာ တက္ကသိုလ်မှာ ကောင်မလေး တစ်ယောက်နဲ့ ပထမဆုံးချစ်သူရည်းစား ဖြစ်သွားကြပြီ ဆိုပါတော့။
မနက်လင်းကတည်းက အိပ်ယာထတဲ့အကြောင်းကို သံတော်ဦးတင်ရတယ်။ ကျောင်းသွား မနက်စာစားဖို့အတွက် အိမ်ကဝယ်ပေးထားတဲ့ ဆိုင်ကယ်ထဲကို မုန့်ဖိုးထဲက ဓာတ်ဆီဖိုးစိုက်ပြီး ကယ်ရီသမားကြီးလို သွားကြိုရတော့တာပဲ။
ကန်တင်းမှာ မနက်စာ နေ့လည်စာ အတူစားတော့လည်း…အင်း ပိုက်ဆံက ပိုကုန်တယ်။ တချို့သော မိန်းကလေးတွေကတော့ သဒ္ဒါစိတ် ရှိတတ်ကြပေမယ့် တချို့ကတော့ ဂုတ်သွေးစုတ်တာမျိုးလည်း ရှိတယ်…ကံပေါ့လေ။
ရည်းစားတွေ ဖြစ်သွားပြီ ဆိုလို့ရှိရင် သူတို့လေးတွေ ပြောသမျှ လိုက်လုပ်ပေးရတော့တာ။ မနေနိုင် မထိုင်နိုင် သွားပြီး ချစ်တာကိုးဗျ…ဟဲဟဲ။ ကိုယ်တွေကချစ်တော့ ရန်ဖြစ်ရင်လည်း မှားမှားမှန်မှန် အောက်ကျို့ရတယ် ၊
စိတ်ကောက်ရင်လည်း စိတ်ရှည်ရှည်ထားပြီး အောက်ကျို့ပြီး ချော့ရတယ်။ ဆရာမလေးတွေက အကြောင်းမရှိ အကြောင်းရှာ တမင်သက်သက် စိတ်ကောက်ပြီး မချော့ရင် ထပ်ပြီးစိတ်ဆိုးသေးတာ။
တကယ်ဆို သူတို့ကို မကြိုက်ရင် ဒီလိုများစွာသော ဒုက္ခတွေကို ခံစားစရာမလိုဘူးဗျ။ ကျုပ်တို့ကိုက လျာရှည်ကြတာကိုး။ ဟို အောက်စီတိုစင် ဟော်မုန်းကောင်ကြောင့်လည်း ပါတယ်။
ရည်းစားထားတဲ့ ကိစ္စမှာ ကျုပ်တို့တတွေ ဘာလို့သည်းခံပြီး အောက်ကျို့နေရတာလဲဆိုတဲ့ မေးခွန်းအတွက် အဖြေရှိတယ်။
အဲ့တာက ရည်းစားထားတဲ့ ဆက်ဆံရေးကနေ အကျိုးအမြတ် ရလို့ပဲ။ ကောင်မလေးတွေက ကျုပ်တို့ကို ရည်းစားအနေနဲ့ လက်ခံလိုက်ပြီဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ်ကို အတိုင်းအတာ တစ်ခုအထိ ထိတွေ့ခွင့်ပေးတယ်။
ကျုပ်တို့ကလည်း ဆန့်ကျင်ဖက်လိင်ရဲ့ အထိအတွေ့မှာ သွားရည်တမြားမြားနဲ့ တုံးလုံးပက်လက်မြောကုန်ကြရော။ တဏှာရဲ့ကျွန်…. မေတ္တာရဲ့ကျွန်….ချစ်ခြင်းရဲ့ ကျွန်တွေဖြစ်လာကြတယ်။
သူတို့လေးတွေဆီကရတဲ့ အာရုံငါးပါးကလည်း ကျုပ်တို့တွေရဲ့ သည်းခြေကြိုက်ပဲကိုး။ ရုပ်အဆင်းလေး ချောရင်လည်း “တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်”ခံစားတယ်။
အသံလေးမှာ သာယာသွားရင်လည်း ညနက်သန်းခေါင်အထိ ဖုန်းဆက်ပြီး မြက်တွေဆွဲစား (အဲ) ဆွဲနှုတ်တော့တာ။ အနံ့အာရုံကတော့ အနမ်းပေးလိုက်တိုင်းရတဲ့ သနပ်ခါးရနံ့လေးတွေ လိုးရှင်းရနံ့လေးတွေပေါ့ဗျာ။
လူကိုရူးမတတ်ပါပဲ။ အရသာအာရုံကတော့ ကောင်မလေးရဲ့ နှုတ်ခမ်းပါးလေးလည်း ဖြစ်ချင်ဖြစ်မယ် ၊ ပြင်သစ်အနမ်းကလည်း ရချင်ရမယ်။
အထိအတွေ့အာရုံဆိုရင် သူတို့ရဲ့ ပုခုံးလေးကို ဖက်လိုက်ရတာမျိုး ၊ ပါးလေးကို ဖြစ်ညှစ်ရတာမျိုး။ ဆိုတော့ အဲ့အာရုံငါးပါးကို မက်မောမိလို့
ကျုပ်တို့တွေဟာ သူတို့ရဲ့ ကျေးကျွန်သဖွယ် ခိုင်းဖက်အဆင့်ကို ပျော်ပျော်ကြီး ရောက်သွားတာပဲဗျ။ အာရုံငါးပါးသာမက ကံကောင်းတဲ့ ယောကျာ်းလေးတွေဆိုရင် ပလီတီပလာတာ ချွဲတာလေးတွေ ၊
ကြင်နာတာလေးတွေ ၊ ဂရုစိုက်ချင်ယောင် ဆောင်တာလေးတွေခံရတယ်။ မိန်းကလေးတွေက ကျုပ်တို့အားနည်းချက်ကို သိတယ်။ သူတို့ဘဝတစ်လျောက်လုံး ဒါနဲ့ချုပ်ကိုင်လာတာ။
ဥပမာတစ်ခု ပြောပြမယ်။ ခင်ဗျားကောင်မလေး အလိုမကျလို့ စိတ်ကောက်နေတဲ့ အချိန်မှာ သူ့အသားကို အထိခံသလား။
မခံဘူးဗျ…စိတ်ကောက် မပြေမချင်း အလိုမကျမချင်း စူပုတ်နေတော့တာ။ အလိုမကျလို့ စိတ်ဆိုးတယ် စိတ်ကောက်တယ်ဆိုတာ မိန်းကလေးတွေရဲ့ သဘာဝပဲ ၊ အငယ်တုန်းက ကစားလို့ ရှုံးရင် စူပုတ်ခဲ့တဲ့ ကလေးမလေးဟာ ကြီးလာတော့
ဘာမဟုတ်တာလေးနဲ့ စိတ်ကောက်ပြီး စူပုတ်နေတဲ့ ကောင်မလေး ဖြစ်လာတာပဲ။ စိတ်ဆိုးစိတ်ကောက်တာက မိန်းကလေးတွေ အပြစ်မဟုတ်ဘူး ၊ အငယ်ကတည်းက သူတို့သဘာဝနဲ့ သူတို့နေလာတာ။
အဲ…ကျုပ်တို့ကတော့ အငယ်တုန်းကနဲ့ မတူတော့ဘူးပေါ့ဗျာ။ အဲ့တုန်းက အာရုံငါးပါးမှာ မကျရှုံးသေးတဲ့ အရွယ်ဆိုတော့ “မိန်းကလေးတွေက အမြင်ကတ်ဖို့ကောင်းတယ်”လို့ ခပ်ပြတ်ပြတ်ပြောပြီး မပတ်သက်ပဲ နေနိုင်တယ်။
ကြီးလာတော့ကြ နည်းနည်းအမြင်ကတ်ပေမယ့် ကိုယ်လိုချင်တာလေးရှိတော့ သည်းခံပြီး ချော့ရတော့တာပဲဗျို့….
ဟားဟား။ စိတ်ဆိုး စိတ်ကောက်တာကို ချော့ရတာ ဘယ်ယောကျာ်းမှ စိတ်မရှည်ဘူးရယ်…ချစ်လို့သာ မသက်သာလို့သာ ချော့ရတာကိုးဗျ။
အဲ့လိုချော့ပေးမှလည်း အရင်ကရခဲ့တဲ့ အပြုံးလေးတွေ ၊ ကိုကိုမောင်မောင်ခေါ်တဲ့ အသံလေးတွေ ၊ အထိအတွေ့လေးတွေ ပြန်ရမှားကိုး။
ပြန်ရမယ့် အကျိုးအမြတ်သာမရှိရင် စူပုတ်ပုတ် လုပ်နေတာချည်းကို ဘာကိစ္စချော့ရမှာတုံး….အိမ်က ညီမလို ဖင်ပိတ်ကန်လိုက်မှာပေါ့။ ဆိုတော့ ကျုပ်တို့ဟာ သူတို့ပေးတဲ့ အာရုံငါးပါးကို
ကြိုက်နှစ်သက်သွားကြတဲ့အတွက် ပေးဆပ်ရတော့တာပဲ။ တစ်နည်းပြောရင် သုခနည်းနည်းလေး ရဖို့အတွက်နဲ့ ဒုက္ခအများကြီးကို ကျေကျေနပ်နပ်ကြီး ခါးစီးခံကြတာ။
ညနေခင်းမှာ ပန်းခြံထဲက ထိုင်ခုံလေးပေါ် တီတီတာတာလေးတွေ လုပ်ရဖို့အတွက် အရှေ့မှာ ပေးဆပ်ခဲ့ရတာတွေက အများကြီးပဲဗျ။ ချိန်းတွေ့တဲ့ နာရီပိုင်းလေး သုခ ခံစားပြီးရင် ကျန်တဲ့အချိန်တွေမှာ ကောင်မလေးအကြိုက်
ရုပ်သေးရုပ်လို လိုက်နေပေးရတော့တာပဲဗျို့။ ဟုတ်တယ်ဟုတ်။ ဒါတောင် မိန်းကလေးတွေက သွယ်ဝိုက်သော နည်းအားဖြင့် မြှောက်ပေးတိုင်း ကျုပ်တို့တတွေ ဂွေးတက်အောင်ကတဲ့ကိစ္စမျိုးတွေကို ထည့်မပြောရသေးဘူး။
ကိုယ်ကြိုက်တဲ့ မိန်းကလေးက “ကျမကတော့ဖြင့် လူဆိုးလူမိုက် bad boy type လေးတွေမှ သဘောကျတာရှင့်”လို့ ပြောလိုက်ရင် ကိုယ်တွေက ဟုတ်ဟုတ်မဟုတ်ဟုတ် ခက်မိုက်မိုက် ဒီဇိုင်းဖမ်းရတော့တာပဲ။
Rapper တွေလို စော်ကြည်ချင်တော့ နွေရာသီကြီးမှာ ဟူဒီပွပွတွေ ဘွတ်တွေဝတ်ပြီး စတိုလ်ထုတ်ရတယ်။ တချို့ကြတော့ ရော့ကာတွေလို ဆံပင်အရှည်ကြီးထားကြတယ်။
တချို့မဒီလေးတွေကတော့ ဒီလိုဆိုတယ်။ “ကျမကတော့ဖြင့် ဆေးလိပ်သောက်တဲ့ နှုတ်ခမ်းလေးကိုမှ နမ်းချင်တာ”။ အံမာ…ဒါမျိုးလာတာ။
ဆေးလိပ်ကြိုက်ရင် ကိုယ့်ဘာသာ ဝယ်သောက်ပါလားဆိုတော့ မသောက်ဘူး။ သူတို့ကို ထိခိုက်စေမယ့် ကိစ္စမျိုးဆို ဘယ်တော့မှမလုပ်ကြဘူးရယ်။ ဆေးလိပ်ရှိုက်တဲ့ ဘဲတစ်ပွေရဲ့ နှုတ်ခမ်းကို နမ်းချင်ရုံသက်သက်ပဲ။
ဒီလိုသွယ်ဝိုက်ပြီး မြှောက်ပေးတိုင်း ဂွေးတက်အောင်ကကြတယ်။ ရည်းစားဘဝ ရောက်သွားရင်လည်း လိုအပ်တာမှန်သမျှ ဖြည့်စည်းပေးပြီး
မင်းသမီးတစ်ပါးလို ဆက်ဆံရတယ်။ ဘာအတွက်လဲ ဆိုတော့ သူတို့လေးတွေဆီကရမယ့် အာရုံငါးပါးအတွက်ပဲ။ ကဗျာဆန်အောင် ပြောရရင် အချစ်အတွက်ပေါ့ဗျာ။
အဲ့အချိန်က အချစ်အတွက်ဆိုရင် ဘာပဲ လုပ်ရလုပ်ရ ချကြတာ။ မိဘပိုက်ဆံ ခိုးဖို့လည်း ဝန်မလေးဘူး ၊ သူငယ်ချင်းတွေကို မေ့ပြစ်ဖို့လည်း ဝန်မလေးဘူး….မီးပင်လယ်ဆိုလည်း ဖြတ်ကူးမှာပဲ ၊ တမာရွက်စားဆိုလည်း စားကြမှာပဲဗျ။
အချစ်စိတ် မွှန်ထူနေတဲ့အချိန်ဆိုတော့ အငယ်တုန်းက ခင်ခဲ့တဲ့ ဘော်ဒါအကန့်တွေ ဘာတွေ မေ့သွားရော။ တချို့ကလည်း ဘော်ဒါကိုတော့ခင်တယ် ၊ စော်ဘက်မျက်နှာလိုက်တာမျိုးလည်း ရှိတတ်တယ်။
တစ်ခါက ဆိုရှယ်မီဒီယာပေါ်မှာ အကြောင်းအရာ တစ်ခုကို ငြင်းခုန်ဆွေးနွေးကြရော။ အဲ့မှာ ကျနော့်ဘော်ဒါက ကျနော်နဲ့ အမြင်ချင်းတူပေမယ့်
သူ့စော်ရဲ့ post အောက်မှာ “သဲပြောတာမှန်တယ်…ဘာညာ” သွားရေးတာ။ ကျုပ်က မခံချင်တာနဲ့ “ဟေ့ကောင် မင်းသစ္စာဖောက်တာလား”လို့မေးတော့ သူက ဒီလိုပြောလာတယ်။
“မဟုတ်ပါဘူးကွာ ၊ မင်းကစိတ်မှ မကောက်တတ်ပဲ…ငါ့စော်က သူ့ဘက်မပါရင် စိတ်ကောက်မှာပေါ့ကွ….နောက်ပြီး စိတ်ကောက်သွားရင် ပြန်ချော့ရတာ မလွယ်ဘူး…
တစ်ပတ်လောက်တော့ စိုပြေတော့မှာမဟုတ်ဘူး ၊ ငါက တကယ်တော့ မင်းဘက်ကပါ” ။ အဲ့လိုလာတာ။
ဒီလို သမီးရည်းစား ဘဝမှာ သုခနဲ့ ဒုက္ခလဲရတာ တန်ရဲ့လားဆို စီးပွားရေးတွက်တွက်ရင် မတန်ပေမယ့် အာရုံငါးပါးခံစားရတာနဲ့ တွက်ရင် တန်တယ်လို့ထင်တယ်။
ကျနော်လည်း အခုထိအဲ့လို ထင်တုန်းပဲဗျ…ဟားဟား ၊ တကယ်တော့ မတန်လှပါဘူး။ ထားပါတော့ဗျာ။ ဒီလိုနဲ့ အချိန်တွေကြာလာတော့ အသည်းကွဲရမယ့် အချိန်ကို ရောက်လာတော့တာပဲ။
ကိုယ်သိပ်ချစ်ရတဲ့ ကောင်မလေးနဲ့ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲရတဲ့အခါမှာ ရင်ကွဲမတတ် ပူဆွေးရပါတော့တယ်။ ယောကျာ်းတွေဆိုတော့ အသည်းကွဲသော်လည်း ငိုကြီးချက်မနဲ့ အော်ငိုလို့ အဆင်မပြေတော့ ကျိတ်ငိုကြရတာပေါ့။
မဟုတ်ရင် ဘော်ဒါတွေက လှောင်ကြမှာကိုး….ဆိုတော့ အသည်းကွဲရင် အနည်းနဲ့အများ ပူလောင်ခြင်းကို ခံစားရပြီး မငိုရင်တောင် ဝမ်းနည်းကြရပါတယ်။
အသည်းကွဲတဲ့ ဝေဒနာဟာ လူမျိုးမရွေး ဘာသာမရွေး ရပ်ပါ ရောကာမရွေး လူလိမ္မာ လူမိုက်ရယ်လို့ မရွေးပဲ ခံစားရတာ။ စာဂျပိုးလေး အသည်းကွဲတော့လည်း စာအုပ်ပေါ် မျက်ရည်ကျပါတယ်။
ဓားထိုးခံရတုန်းက အပြုံးမပျက်ခဲ့တဲ့ လူမိုက်ကြီးဟာလည်း မိုးရေထဲမှာ အရက်ပုလင်းကြီးကိုင်ရင်း မျက်ရည်ကျပါတယ်။ အရွယ်ရောက်ပြီးသား ယောကျာ်းတစ်ယောက်အတွက် မျက်ရည်ကျတယ်ဆိုတာ
ဆိုးရွားလွန်းတဲ့ ဝေဒနာတစ်ခု ခံစားရလို့ပဲ။ ကိုယ်သိပ်ချစ်ရတဲ့ မိန်းမပျိုလေးနဲ့ လမ်းခွဲရတဲ့ ခံစားမှုဟာ သိပ်ကို နာကျင်စရာ ကောင်းလှပါတယ်။
အရင်တုန်းက ကြည်နူးစရာ သုခလို့ ထင်မှတ်ထားခဲ့တဲ့ အမှတ်တရတွေဟာ ဒုက္ခအဖြစ်နဲ့ ပြန်လည်ရောက်ရှိလာပါတော့တယ်။ သူမနဲ့ အတူသွားခဲ့ဖူးတဲ့ နေရာတွေရောက်ရင် လွမ်းရတယ် ဆွေးရတယ် ပူလောင်ရတယ်။
ပြောခဲ့ဖူးတဲ့ စကားလေးတွေ ပေးခဲ့ဖူးတဲ့ အနမ်းလေးတွေ အတူမက်ခဲ့တဲ့ အိမ်မက်တွေအကြောင်း ပြန်တွေးကြည့်ရင် ခေါင်းအုံးပေါ်မှာ မျက်ရည်တွေ စိုရွှဲကုန်ရော။
ကျုပ်တို့တတွေ မက်မောလွန်းလို့ ဒုက္ခခံပြီး အရယူခဲ့တဲ့ အမှတ်တရတွေ သုခဝေဒနာတွေဟာ နောက်ဆုံးတော့လည်း ဒုက္ခအနေနဲ့ နှိပ်ဆက်တော့တာပါပဲ။
တချို့ဆိုပိုဆိုးတယ်။ အသည်းကွဲတာချင်း အတူတူ လမ်းခွဲပြီးချက်ချင်း ချစ်ရတဲ့ ကောင်မလေးက နောက်တစ်ကောင်ရင်ခွင်ထဲ ရောက်သွားတဲ့ အခြေအနေမျိုးပေါ့။
ကိုယ်မဖြစ်ဘူးတောင် တွေးကြည့်ရုံနဲ့တင် ဘယ်လောက်ဆိုးဆိုးရွားရွား ခံစားရမလဲ တွေးကြည့်လို့ရပါတယ်။ တချို့ ယောကျာ်းတွေဟာ အသည်းကွဲတဲ့ ဝေဒနာကို ခံစားရချိန်မှာ ဉာဏ်အလင်း ခဏပွင့်သွားပါတယ်။
တချို့ကတော့မပွင့်ဘူး ကိုယ့်ကိုထားခဲ့ပြီး နောက်ဘဲတစ်ပွေနောက် ပါသွားတာတောင် အပြစ်မမြင်ရက်တာတွေ ဘာတွေရှိသေးတယ်။
အဲ့အချိန်မှာ ကျုပ်တို့ရဲ့ ပါးစပ်ကနေ သံဝေဂ စကားလေးတစ်ခွန်းထွက်လာတယ် “မိန်းမတွေ Ma Kaung ဘူး”။ ဒါပေမယ့် အဲ့တာက တကယ်အမြင်မှန်ရသေးတာ မဟုတ်ဘူး။ ဝေဒနာက နှိပ်ဆက်လွန်းလို့သာ ဉာဏ်အလင်း ခေတ္တခဏပွင့်သွားတဲ့သဘော။
အနာကျက်သွားရင် နောက်တစ်ယောက်ကို ထပ်ကြိုက်ဦးမှာပဲ။ အာရုံငါးပါးရဲ့ အရသာကို မသိခင်ကတောင် စွဲလမ်းခဲ့သေးတာ…ရည်းစားထားပြီးလို့ အရသာ အနည်းငယ်သိပြီးတဲ့သူတွေဆိုတော့ ပိုဆိုးပေါ့ဗျာ။
ဒီလိုနဲ့ ဒုက္ခမြစ်ငယ်လေးဟာ ရေစီးသန်လာခဲ့ပြီး မြစ်ကြီးအသွင် ကူးပြောင်းလာခဲ့ပါတယ်။ ကျုပ်တို့တွေလည်း အသည်းတစ်ခါ နှစ်ခါ လောက်ကွဲပြီးချိန် တစ်ဘဝလုံးစာ လက်တွဲမယ့် နောက်ဆုံးအချစ် (ခေါ်) နောက်ဆုံးဒုက္ခကို ရှာဖွေကြတော့တာပဲ။
ယောကျာ်းတွေဟာ ပထမတစ်ခါ အသည်းကွဲပြီးတဲ့ အချိန်မှာ အနည်းငယ်မျှ ရင့်ကျက်သွားတယ်၊ အရင်တုန်းကလောက် ရူးရူးမိုက်မိုက် မချစ်တတ်တော့ပေမယ့် ဒုက္ခကိုတော့ မီးထွန်းရှာချင်နေတုန်းပဲ။
တက္ကသိုလ်ကပြီးလို့ လုပ်ငန်းခွင်ထဲ ရောက်သွားကြပြီ။ လက်ရှိတွဲနေတဲ့ ကောင်မလေးကို တစ်ဘဝလုံးအနေနဲ့ လက်တွဲဖော်အဖြစ်ရွေးဖို့ ကြံစည်လာကြတယ်။
တကယ့်ပြဿနာက ကိုယ်ချစ်ရတဲ့ အမျိုးသမီးလေးကို လက်ထပ်ပေါင်းသင်းပြီး ဘဝတစ်ခု ထူထောင်ချင်တဲ့ စိတ်ဆန္ဒတွေ ဖြစ်ပေါ်လာတာရာက စတယ်။ တကယ်တော့ ယောကျာ်းလေးတွေအတွက် အိမ်ထောင်ပြုဖို့ဆိုတာ တယ်မလွယ်တဲ့ကိစ္စပဲ။
ငွေကြေးဥစ္စာနဲ့ နောက်ခံအင်အား မရှိတဲ့ ယောကျာ်းလေးတွေဆို ပိုဆိုးသား။ ကျုပ်တို့ ယောကျာ်းတွေက ကိုယ်ချစ်ရတဲ့ ကောင်မလေး မျက်နှာငယ်ရမှာကို ဘယ်တုန်းကမှ မလိုလားခဲ့ဘူး။ ဟုတ်တယ်မလား။
သမီးရည်းစား ဘဝမှာလည်း ကိုယ့်အခြေအနေ အဆင့်အတန်းနဲ့ တတ်နိုင်သလောက် လက်ဆောင်လေးတွေပေးချင်တယ် ၊ စောင့်ရှောက်ပေးချင်တယ်…ကာကွယ်ပေးချင်တယ်။
သူတို့ မိန်းကလေး သူငယ်ချင်း အချင်းချင်းကြားမှာ မျက်နှာမငယ်စေ့ချင်ဘူး။ အိမ်ထောင်ပြုရတော့မယ်ဆိုရင်တော့ ပိုဆိုးတာပေါ့ဗျာ။ အင်း….ဒီအရွယ်မှာ ပိုက်ဆံက အရေးကြီးလာပြီဆိုတော့
မိန်းမယူဖို့ ခွေးလို နွားလို ပိုက်ဆံရှာရတော့တာပဲ။(မိန်းမ မယူဘူးလို့ စိတ်ကူးရင် တစ်ကိုယ်ရည်စာ အေးဆေးရှာပြီး နှပ်နေရုံပဲ ၊ မနေနိုင်တော့လည်း ဒုက္ခခံရတာပေါ့ဗျာ…ဟဲဟဲ )
မိန်းမတင်တောင်းဖို့ မင်္ဂလာဆောင်တဲ့ စရိတ်ကကို အတော်ကြီးလွန်းနေပြီ။ ပြီးရင် ယောက္ခမလောင်း ၊ ယောက္ခထီးကို ဖားရတယ် ၊ ယောက်ဖကို ဖားရတယ်….အို အစုံပါပဲ။
သူတို့ သဘောတူမှ အဆင်ပြေမယ့် ဘဝဆိုတော့လည်း အံ့ကျိတ်ပြီး ပြုံးပြရတာပေါ့ဗျာ။ ဒီလိုရှာရဖွေရ ဖားရဖိရတာတွေက ဘာအတွက်လဲဆိုတော့ သူတို့သမီးကို ဘဝတစ်လျောက်လုံး ပြုစုစောင့်ရှောက်ဖို့အတွက်။
တရားကျဖို့တော့ ကောင်းသား။ အရှေ့ပိုင်းမှာ ပြောခဲ့သလိုပဲ မိန်းကလေးတွေက သူတို့ကိုထိခိုက်စေမယ့် အလုပ်မျိုးကို ဘာမှမလုပ်ကြဘူးဆိုတာ။
သူတို့ဘဝအတွက် အာမခံချက်မရှိတဲ့ ပိုက်ဆံမရှိတဲ့ ယောကျာ်းဆိုရင် ဘယ်လောက်ချစ်ချစ် မယူပါဘူး။ စီနီယာအမကြီးတွေက ညီမငယ်လေးတွေကို တင့်တောင့်တင့်တယ် မထားနိုင်ရင် မယူနဲ့ဆိုပြီး ဆုံးမတယ်။
တချို့ ထက်မြက်တဲ့ အမျိုးသမီးတွေကတော့ ဒီလိုဆိုတယ်။ “ငါတို့က ပိုက်ဆံကို မမက်ဘူး ၊ အရည်အချင်းရှိ….စာရိတ္တကောင်းပြီး….တကယ်ချစ်တဲ့ ယောကျာ်းကိုပဲယူမှာ” အယ့်လယ့်။
သူတို့ကကြ လယ်ဗယ် တစ်ဆင့်မြင့်သွားပြီ စာရိတ္တကောင်းပြီး အရည်အချင်းရှိမှတော့ မကြီးပွားမချမ်းသာပဲနေပါတော့မလား။ တကယ်ချစ်မှ ဆိုတာက အဆစ်ပါသေးတာ။
ကျုပ်တို့မှာ ဒုက္ခခံ ကျွဲလို နွားလိုရုန်းပြီး မိကောင်းဖခင် သားသမီးပီပီ တင်တောင်းတာတောင်မှ သူတို့က အင်တင်တင်လုပ်ချက်ကြသေးတာ။ တချို့မိဘတွေဆို သမီးလေးကို နှမြောတာ ဘာညာ လုပ်ချင်သေးတာ။
ရည်းစားဘဝတုန်းပ မင်္ဂလာမဆောင်ခင်ကတော့ ယူပြီးရင် ဘာချက်ကျွေးမှာ ညာချက်ကျွေးမှာ ဘယ်လိုပြုစုမှာနဲ့ မက်လုံးပေးပြီး ကျုပ်တို့ကို ခိုင်းစားတော့မှာ။
မယုံမရှိနဲ့….မင်္ဂလာဆောင်မယ် ဆိုကတည်းက ခင်ဗျားတို့ကို ဘယ်နေရာမှာ ဘယ်လိုခိုင်းမယ်ဆိုပြီး သူတို့က စဥ်းစားပြီးသွားပြီရယ်။
တချို့ဆို တစ်မိသားစုလုံး ခိုင်းစားကြတာ ၊ မိန်းမကတစ်မျိုး….ယောက်က္ခမက တစ်မျိုး။ အမျိုးမျိုးပေါ့….အိမ်ထောင်ရှိတဲ့ နောင်တော်တွေ ပိုသိကြမှာပါ။
အိမ်ထောင်ပြုတဲ့ အကျိုးကျေးဇူးအနေနဲ့ ကျုပ်တို့ ပြန်ရတဲ့ သုခလေးတွေ ရှိလို့ခံသာနေသေးတာ။ မဟုတ်ရင် ဘယ်သူမှ မိန်းမယူမှာ မဟုတ်တော့ဘူး။ အိမ်ထောင်ရေးသုခကတော့ အကျဥ်းချုံးရရင် ချစ်ရတဲ့ အမျိုးသမီးနဲ့ အတူတူနေရခြင်းပေါ့။
တရားဝင် လက်ထပ်ပြီးပြီဆိုတော့ ကိုယ့်မိန်းမကို စိတ်ချလက်ချ စိတ်ကြိုက် ချစ်နိုင်ပြီ။ မိန်းမချက်ကျွေးတဲ့ ထမင်းဟင်းပူပူကိုလည်း စားရပြီ။
(စားချင်မှလည်း စားရမှာပေါ့…သိပ်မမျှော်လင့်ပါနဲ့) ကြင်နာယုယမှုတွေ တီတီတာတာလေးတွေကိုလည်း ခံစားရပြီ။ အထိအတွေ့မှန်သမျှကိုလည်း တစ်လက်မမျှမကျန် ခံစားလို့ရပြီ ဆိုတော့ ပျော်တာပေါ့….
နွားကြီးတွေ တစ်နေကုန် လယ်ထွန်ပြီးလို့ ရေအေးအေးလေးသောက် မြက်နုနုလေးတွေ စားရတဲ့အတိုင်း ပြုံးဖြီးဖြီးကြီးတွေနဲ့။ ဒီလိုပြောလို့ အိမ်ထောင်ပြုခါစမှာ သုခတွေပဲ တွေ့ရတယ်လို့ မဆိုလိုဘူး။
ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင် မတူတဲ့ လူနှစ်ယောက် အတူနေတဲ့အခါ ညှိနှိုင်းရတာမျိုး သဘောထားမတူလို့ ရန်ဖြစ်ရတာမျိုးတွေရှိတယ်။
မိန်းမက စိတ်ဆိုးစိတ်ကောက်ပြီဆိုရင် ညစာငတ်ပါတယ်။ ခင်ဗျားဘာသာ သူဌေးကြီးဖြစ်ဖြစ် နာမည်ကျော်ကြီးဖြစ်ဖြစ် ရှင်ဘုရင်ကြီးဖြစ်ဖြစ် အိပ်ခန်းထဲကနေ မောင်းထုတ်ခံရရင် ဧည့်ခန်းမှာပဲ အိပ်ရပါလိမ့်မယ်။
ဒါကသူတို့တွေရဲ့အပြစ်မဟုတ်ဘူး ၊ ရည်းစားဘဝတုန်းက စူပုတ်ပုတ် လုပ်ခဲ့တဲ့ ကောင်မလေးက အော်ဟစ်ရန်ဖြစ်ပြီး အခန်းထဲက မောင်းထုတ်တဲ့ မိန်းမဖြစ်လာတာ။ သူတို့က အရင်တုန်းက အတိုင်းပဲဗျ။
ဒါပေမယ့် ကျုပ်တို့က တဏှာကို စွဲလမ်းနေတဲ့ လူတွေဆိုတော့ စိတ်မနာနိုင်ပါဘူး။ နည်းလမ်း အမျိုးမျိုး အဖုံဖုံသုံးပြီး ချော့ရတာပေါ့….
တချို့ဆို ဒူးထောက်တောင်းပန်တယ် ၊ တချို့ကလည်း စျေးကြီးတဲ့ လက်ဆောင်ပစ္စည်းလေးတွေ ဝယ်ပြီး ချော့တယ်…အို အစုံပါပဲ။ ကိုယ့်ရဲ့ ချစ်ဇနီးလေးဆိုတော့လည်း လက်ဝတ်တန်ဆာတွေ ဆင်ပေးရတာမျိုးလည်းရှိမယ်။
ကိုယ့်ဝင်ငွေ အခြေအနေနဲ့ မျှတတဲ့ လက်ဝတ်တန်ဆာ ဆင်ပေးရတယ်။ ကြုံတိုင်းရွာက မုဆိုးတွတ်ပီတောင်မှ မသေးမျှင်ကို ပါတိတ်ဆင်ပေးရတယ်။
မဟုတ်ရင် အချစ်ပေါ့မှာ ဆိုးတာကိုးဗျ…သူတို့များ အလိုကျရင်တော့လည်း ကိုကိုမောင်မောင်နဲ့ သိပ်ပျော်ဖို့ကောင်းတာ။
ကြက်ဥကြော်ကျွေးတာချင်း အတူတူ ဆားထည့်တာ မထည့်တာ ငရုတ်ကောင်း ဖြူးပေးတာ မပေးတာက ကွားသေးသဗျ။
သို့သော်လည်း ဒီသုခဟာ သိပ်မကြာခင်မှာပဲ တိမ်လွှာတွေလို ရေငွေ့လို ကွယ်ပျောက်သွားပါတော့တယ်။ အိမ်ထောင်သက် ၁၅နှစ် အနှစ်၂၀ ကျော်လာရင် သုခတွေ သိပ်မရှိတော့ဘူးလို့ နောင်တော်ကြီးတွေကဆိုတယ်။
တစ်နေကုန် အလုပ်လုပ်ပြီးလို့ အိမ်ပြန်ရောက်တဲ့အချိန် ပွစိပွစိလုပ်နဲ့တဲ့ မိန်းမရယ် ယောက္ခမတွေရယ် ကလေးတွေကိုကြည့်ပြီး ဉာဏ်အလင်းဟာ အနည်းငယ် ပြန်ရစ ပြုလာတယ်။
အိမ်ထောင်ကျပြီး ပင်ပန်းခဲ့တာ နှစ်တွေလည်း ကြာပြီကိုး…..မိန်းမရဲ့ အထိအတွေ့ မှန်သမျှကိုလည်း ရဖူးပြီ ရိုးအီနေပြီဆိုတော့ ဖုံးလွှမ်းနေခဲ့တဲ့ အဝိဇ္ဇာဟာ ကွာကျသွားတယ်။ အောက်စီတိုစင် ဟော်မုန်းလည်း သိပ်မထွက်နိုင်တော့ဘူးနဲ့ တူပါရဲ့။
အမှန်ကို အမှန်အတိုင်း မြင်လာတယ်။ ညားခါစက ချစ်စရာကောင်းတဲ့ မိန်းမက အမြင်ကတ်စရာ ဖြစ်လာတယ်။ (အမှန်က အရင်ကတည်းက ဒီလိုပါပဲ ၊ တဏှာဖုံးလွှမ်းနေခဲ့လို့သာ မသိခဲ့တာ..မသိချင်ယောင် ဆောင်နေခဲ့တာ)
“ငါဘာလို့ နေ့စဥ်နေ့တိုင်း ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတာပါလိမ့် ၊ ဘာလို့များ ပူညံပူညံပြောတဲ့ ဒီမိန်းမကို ယူခဲ့တာပါလိမ့်”လို့ မေးခွန်းထုတ်ပြီး စဥ်းစားမိလိမ့်မယ်။
အဲ့ဒီ့အခါကြမှ အဖြေမှန်ကို ပြန်ရှာတွေ့တော့တာပဲဗျ။ “ငါ့ဘာသာငါ ဒုက္ခရှာပြီး မိန်းမယူခဲ့တာပါလား ၊ ကလေးမွေးခဲ့တာပါလား….သြော်…”
ဒါပေမယ့် နောက်ပြန်ဆုတ်ဖို့ အချိန်လွန်သွားခဲ့ပြီ။ ချစ်ဇနီးကို အမြင်ကတ်သော်လည်း သံယောဇဉ်တွယ်မိနေပြီ….ကလေးတွေကို သံယောဇဉ်တွယ်မိနေပြီဆိုတော့ ရုန်းလက်စနဲ့ ပျော်ပျော်ကြီး ဆက်ရုန်းကြရတာပေါ့ဗျာ။
တချို့ကတော့ မိသားစုအတွက် ရုန်းကန်နေရလို့ ဒီလိုတွေးမိဖို့ကို အချိန်မရှိကြဘူးဗျ။ ရုန်းပြီးရင်း ရုန်းရတာပဲ….အရွယ်ရလာလို့ အသက် ၅၀ ကျော် ၆၀ နားကပ်မှ အမြင်မှန် ပြန်ရလာကြတာ။
ဒါတောင် တချို့ဘဲကြီးတွေက ဒုက္ခကို ဒုက္ခမှန်း မသိကြသေးဘူး။ အိမ်ကဟာကြီးကသာ ဒုက္ခ ၊ Ktv က တင်စင်က ကောင်မလေးတွေကတော့ သုခဆိုပြီး အမှတ်မှားတတ်ကြပါသေးတယ်။ တစ်ဘဝလုံး ဒုက္ခရောက်ခဲ့တာ
အားမရသေးလို့ အပိုရှာချင်သေးတဲ့သဘော။ အနိပ်လေးတွေတွေ့ရင် ဇာတ်လမ်းစချင်တာ အနိစ္စသဘောပေါ့ဗျာ။ ကျန်တဲ့ အိမ်ထောင်ရေး သုခ၊ ဒုက္ခတွေကိုတော့ ကျနော်မသိသေးပါဘူး။
ဒီလောက်ဆိုရင် ကျုပ်တို့ ယောကျာ်းသားတွေ ဘဝမှာ စီးဆင်းတဲ့ အဓိက ဒုက္ခမြစ်ကြီးအကြောင်း နားလည်သဘောပေါက်လောက်ပြီထင်ပါတယ်။ ဒုက္ခမြစ်ကြီးထဲက ရုန်းထွက်ချင်ရင်တော့ နည်းလမ်းက တစ်ခုပဲရှိတယ် ၊
အဲ့တာက တဏှာကိုဖြတ်နိုင်အောင် ဖြတ်ဖို့ပဲဗျ။ ဘယ်လိုနည်းနဲ့ဖြတ်ဖြတ် ပြတ်အောင်သာဖြတ်ဗျာ။ အသုဘ ကမ္မဌာန်းပဲရှူ့ရှူ့ ၊ သမထပဲလုပ်လုပ် ဝိပဿနာပွားပွား လုပ်လို့ရတယ်…ဒါပေမယ့် မလွယ်ဘူးဆိုတာတော့ သေချာတယ်။
ကျုပ်တို့ယောကျာ်းတွေ စွဲလမ်းမိပြီဆိုရင် တစ်သက်လုံး တည်မြဲတတ်တဲ့သဘောရှိတယ်။ ဆေးလိပ်မကောင်းမှန်းသိတယ် စွဲသောက်တယ်။ အရက်မကောင်းမှန်းသိလည်း အသည်းအပုတ်ခံပြီး သောက်ကြတာပဲ။
ကျနော်ကတော့ ဒုက္ခမြစ်ကြီးရဲ့ အကြောင်း သိပေမယ့် မဖြတ်နိုင်သေးဘူးဗျို့။ ပိုးဖလံတွေ မီးထဲတိုးသလိုပဲ မြစ်ထဲ ဒိုင်ဗစ်ပစ် ခုန်ဆင်းဖို့ ကြိုးစားနေတယ်…ဟီးဟီး။ ကျနော့်လို မပြတ်နိုင်တဲ့ သူတွေဆိုရင်လည်း
ဒီစာဖတ်ထားတော့ နောင်တစ်ချိန် ဉာဏ်အလင်း စောစောပြန်ရတာပေါ့။ ရချင်မှလည်း ရမှာပေါ့…. မပြောတတ်ပါဘူးလေ။ဒုက္ခမြစ်ကြီးအကြောင်း ဒီလောက်နဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။
မူရင်းရေးသားသူကို လေးစားစွာ credit ပေးပါသည်။
Crd