မြေကြီးက ရွှေသီးသလို တကယ့်ရွှေအစစ် သစ်ရွက်တွေ ထွက်တဲ့ ထူးဆန်းသော သစ်ပင်

သိပ္ပံပညာရှင်တွေက ရွှေကြောရှာဖွေရင်းနဲ့ ရွှေတွေ သီးနေတယ်လို့ ဆိုလို့ရတဲ့ ယူကလစ်သစ်ပင်တွေကို မတော်တဆ တွေ့ရှိခဲ့ပါတယ်။ ဒီအပင်တွေကို ဘယ်လို အသုံးချကြမလဲ။ ပုံပြင်ထဲမှာတော့ ကိုယ်လိုချင်တဲ့ ပစ္စည်းတွေကို အပင် တွေဆီက ခူးယူကြတာ ကြားဖူးကြမှာပါ။ ရှေးတုန်းကလဲ ပစ္စည်းတွေသီးတဲ့ ပဒေသာပင် ဆိုတာ ရှိခဲ့တယ်လို့ လူကြီးတွေက ပြောဖူးကြပါတယ်။
ကဲအခု ကတော့ ပစ္စည်းတွေသီးတဲ့ အပင်တွေ အကြောင်းတော့ မဟုတ်ပေမယ့် ရွှေထွက်တဲ့ သစ်ပင်တွေ အကြောင်း ပြောပြမှာပါ။ ရွှေထွက်တဲ့ သစ်ပင်တွေ တွေ့တဲ့ နေရာကတော့ ခြောက်သွေ့တဲ့ ဒေသ တစ်ဖြစ်လဲ Goldfields Esperance ဒေသဖြစ်ပြီး သြစတြေးလျတိုက် အနောက်ဘက်မှာ ရှိတာပါ။
မူလကတော့ ရှာဖွေသူတွေဟာ ဒီရွှေထွက်တဲ့ မြေအောက်မှာ ဘာရှိသလဲ ဆိုတာလောက်ပဲ ရှာဖွေဖို့ ရည်ရွယ်ခဲ့ပေမယ့် တကယ် ရွှေတွေ့တော့ မြေကြီးထဲမှာ မဟုတ်ဘဲ ယူကလစ် သစ်ပင်တွေမှာ သွားတွေ့ပါတယ်။
အဲဒီဒေသက ယူကလစ်သစ်ပင်တွေဟာ အကိုင်း အလက် ချိုးခံရပေမယ့်လည်း မူလအတိုင်း ပြန်လည် ရှင်သန်နိုင်စွမ်းရှိတဲ့ အပင်တွေ ဖြစ်ပြီး အမြစ်တွေဟာလည်း မြေအောက်ဘက်ကို လျှိုတိုးနိုင်စွမ်း အားကောင်းတာကြောင့် ရေသောက်မြစ်တွေက ဘယ်လို မြေအောက် ရေကို အသုံးချပြီး အပင်တွေကို ရှင်သန်စေသလဲ ဆိုတာတောင် ရှာရခက်ပါတယ်။
ဒီမှာ မေးစရာရှိတာက မြေကြီးအောက်က ရွှေတွေဟာ သစ်ပင်ကနေ ဘာကြောင့် ထွက်သလဲ ဆိုတာပါပဲ။ တကယ်တော့ ယူကလစ် သစ်ပင်တွေရဲ့ အမြစ်ဟာ ရှည်လျားလွန်းတာကြောင့် ရွှေတွေရှိတဲ့ မြေလွှာထဲအထိ ရောက်ရှိနိုင်ပါတယ်။
သစ်ပင်တွေဟာ ဓာတ်ပစ္စည်းတွေကို မြေအောက်ကနေ သယ်ဆောင်နိုင်စွမ်းရှိတာ မဆန်းပေမယ့် မူလအားဖြင့် ရွှေဆိုတဲ့ သတ္တုဟာ အပင်တွေရဲ့ အဆိပ်ဖြစ်တာကြောင့် ဒီအပင်တွေကတော့ အထူးအဆန်းလို ဖြစ်နေပါတယ်။
ရွှေရှိတဲ့ မြေလွှာထဲ ရောက်နေတဲ့ အမြစ်တွေက ရွှေအပိုင်း အစတွေကို စုပ်ယူပြီးနောက် အန္တရာယ်ရှိတဲ့ ဓာတ်ပေါင်းစည်းမှုတွေ မဖြစ်ဖို့ အပေါ်ဆုံး အဖျားမှာ ရှိတဲ့ အရွက်ကျတွေဆီ ပို့ပေးလိုက်ပါတယ်။ ဒီဖြစ်စဉ်ကို ရှာဖွေတွေ့ရှိသူ တွေက အစက မယုံကြသေးပါဘူး။ ဖန်လုံအိမ်ထဲမှာလည်း အဲဒီ အပင်တွေ ရွှေတွေကို သယ်ဆောင် နိုင်စွမ်း ရှိ၊ မရှိ စမ်းသပ်ခဲ့ကြရာမှာ အမှန်ဖြစ်တယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ကြပါတယ်။
အဲဒီ ယူကလစ်အပင်တွေက ရွှေထွက်ပေမယ့် များပြားလှတာ မဟုတ်ပါဘူး။ အမှုန်အမွှားလောက်ပဲ ဖြစ်ဟန် တူပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အဲဒီလို ရွှေထွက်တဲ့ အပင်ပေါင်း ၅၀၀ လောက် ပေါင်းမှ လက်ထပ် လက်စွပ် တစ်ကွင်းစာ လုပ်ဖို့ လုံလောက်တဲ့ ရွှေသာ ရနိုင်လောက် လို့ပါပဲတဲ့။ အဲဒီတော့ ဒီအပင်တွေဟာ ရွှေထွက်ရာမှာ အသုံး မဝင်ရင် ဘယ်မှာသုံး ကြပါမလဲ။
ရွှေထုတ်တဲ့ နေရာမှာ သုံးကြပါတယ်တဲ့။ အပင်တွေ စိုက်ပြီး ရွှေ ရှိ၊ မရှိ စမ်းသပ်လို့ ရတာကြောင့် ရွှေကြောတွေကို ပေါက်တူး ပေါက်ပြီး ရှာစရာ မလိုတော့ပါဘူး။ (Alingar)
Crd
Post Views:
8
Crd