မြန်မာ့ ကျောက်စိမ်းနဲ့ ကမ္ဘာ့အဆင့် ချမ်းသာသွားတဲ့ ပေါက်ဖော်တို့ရဲ့ ရိုက်စားအကွက်

မန်းလေးကျောက်ဝိုင်းက WeChat တီရုပ် ကျောက်ဝယ်နေတဲ့ပုံ လိုင်းပေါ်တက်လာတယ်။ ဘယ် WeChat ခုံလဲတော့ ကိုယ်လည်းမသိဘူး။ ဒီပုံရဲ့နောက်ကွယ်က အကြောင်းလေးနည်းနည်းတွေးကြည့်ရအောင်။
ကျောက်ဝိုင်းထဲမှာ ကျောက်ဝယ်သူနဲ့ရောင်းသူ demand and supply ratio က 1:100 လောက်ဖြစ်နေတာကြာပြီ။ ဝယ်မဲ့သူက တစ်ယောက် ရောင်းချင်တဲ့သူက တစ်ရာဖြစ်နေတယ်။
WeChat ဖုန်းကင်မရာနဲ့ Live လွှင့်ပြီးတရုတ်ပြည်မကြီးက ဝယ်လက်ကိုပြနေတဲ့ ဒီတီရုပ်ရဲ့ရှေ့မှာ ကျောက်ရောင်းဖို့ စုပြုံတိုးဝှေ့နေတဲ့ ကိုယ့်လူတွေက ကြိတ်ကြိတ်တိုးပဲ။ ပွဲစားလူအုပ်ကြီးက တစ်ပြုံတစ်မကြီးလေ။ ကျောက်တွေက သူ့ရှေ့မှာ အပုံလိုက် အပုံလိုက်လေ။ ဟင်းရွက်ကန်စွန်းရွက် ရောင်းသလို ရောင်းနေကြတာ။ ပုတီးလိုင်းဖက်ဆို ပိုဆိုးတယ်။
ကျောက်ဝိုင်းအလယ်လမ်းပေါ် Tripod နဲ့ Live လွှင့်ဝယ်နေတဲ့ တီရုပ်ကို ဝိုင်းအုံစုပြုံတိုးဝှေ့ရောင်းနေတဲ့ ကိုယ့်လူအုပ်ကြီးက မြင်လို့မကောင်းဘူး။ ဝိုင်းထဲက တစ်ချို့ပုံတွေ ကျနော်ရိုက်ထားတာရှိတယ်။ မတင်ရက်လို့ မတင်တော့ပါဘူး။
ကိုယ်တွေကို တီရုပ်ကပေးတဲ့စျေးတန်းက နှစ်ပြားတပဲ အောက်ဆုံး စျေးတန်းပါ။ မတန်မရာဝယ်သွားတာ။ ရောင်းတဲ့သူကလည်း ဟင်းရွက်ကန်စွန်းရွက်ရောင်းသလို ထိုးရောင်းသွားတာဘဲ။ ကိုယ့်တိုင်းပြည်ကသူခိုးစျေးနဲ့ ဝယ်သွားတဲ့ရတနာတွေက စီးဝှေ့တို့ ကျယ်ရန်တို့ ဖျဉ်ကျိုးတို့ ကွမ်ကျိုးတို့ ရှန်းကျန့်တို့စတဲ့ သူတို့ပြည်က မြို့ကြီးတွေ ရောက်သွားချိန်မှာ အဆငါးဆယ် အဆတစ်ရာမက အမြတ်ရသွားပြီ။
ကမ္ဘာ့အဆင့် ကျောက်စိမ်းကုန်သည်တွေက ကျနော်တို့ဆီကို မလာပါဘူး။ တန်ရာတန်ကြေးရနိုင်တဲ့ ရတနာစျေးကွက်ကို ကျနော်တို့ မပိုင်ဆိုင်ပါဘူး။ တစ်ဆင့်မကနိမ့်ကျတဲ့ စျေးကွက်သေးသေးကျဉ်းကျဉ်းလေးတစ်ခုနဲ့ သာလည်ပတ်နေရတာ။ အနှိမ်ခံ အနင်းခံ သူခိုးစျေးကွက်သာသာနဲ့ လည်ပတ်နေရတာ။ ကျေနပ်နေရတာ။
ဆိုတော့ ကျောက်စိမ်းက မြန်မာကထွက်တာ။ ကမ္ဘာ့အဆင့် ချမ်းသာပြီး စီးပွါးဖြစ်သွားတာက သူတို့။ အူလည်လည်နဲ့ ကျန်ခဲ့တာက ကိုယ့်ဆီကလူတွေ။ ကျောက်ရောင်းရတဲ့ မဖြစ်စလောက်အမြတ်ငွေလေးပိုက်ပြီး ဝါးလုံးခေါင်းထဲလသာနေတာ ကိုယ်တို့တွေ။ ကိုယ့်ကျောက် နိုင်ငံတစ်ကာစျေးကွက်မှာ ဘယ်လောက်တန်လို့ တန်မှန်းမသိ မဖြစ်စလောက်အမြတ်ငွေလေး လက်ထဲဆုပ်ပြီးယောင်နနနဲ့ ကျန်ခဲ့တာ ကိုယ်တို့တွေပေါ့ဗျာ။ (Aung Lin)
Crd
Crd