မြန်မာနိုင်ငံ သုတေသီအသင်း ဖျက်သိမ်းခံလိုက်ရသည့် ရင်ထုမနာ ဖြစ်စရာ သမိုင်းကြောင်း

မြန်မာနိုင်ငံ သုတေသီအသင်း ဖျက်သိမ်းခံလိုက်ရသည့် ရင်ထုမနာ ဖြစ်စရာ သမိုင်းကြောင်း

မြန်မာနိုင်ငံ သုတေသီအသင်း ဖျက်သိမ်းခံလိုက်ရသည့် သမိုင်းကြောင်း (ကမ္ဘာမှာ ဒီလိုအဖြစ်မျိုးက မြန်မာမှာပဲ ရှိပါတယ်)..

တက္ကသိုလ်တက်စဉ်က မြန်မာနိုင်ငံသုတေသနအသင်းဆိုသည်ကို ကြားဖူးသည်။ ယင်းအသင်းက သုတေသနစာတမ်းများကို စုစည်း၍ စာအုပ်ထုတ်ဝေသည်ကိုလည်း မြင်ဖူးသည်။ သို့သော် ကျောင်းသားအရွယ်သာ ဖြစ်၍ ထို့ထက် ပို၍ မသိခဲ့ပါ။

ပြည်ပ ပညာတော်သင်သွားရသောအခါ သုတေသနလုပ်ငန်း၏ အရေးပါပုံကို သိတန်သလောက် သိလာသည်။ လုပ်ငန်းခွင်ဝင်သောအခါ သုတေသန၏ တန်ဖိုးကို ပိုသိလာသည်။ ထိုအခါမှ မြန်မာနိုင်ငံသုတေသနအသင်းကို ပြန်သတိရလာသည်။ သို့သော် ယင်းအသင်းအကြောင်းကို မကြားသိခဲ့ရပါ။ အသင်းရှိသေးသလား၊ ရှိသော်လည်း လှုပ်ရှားမှုနည်းနေသည်လား။

(၁၇.၁၀.၂၂) နေ့ထုတ် အလဲဗင်းဂျာနယ်ပါ ပါမောက္ခဒေါက်တာသောင်းဌေး၏ ဆောင်းပါးကို ဖတ်ရသောအခါမှ မြန်မာနိုင်ငံသုတေသနအသင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်၊ ၁၉၈၀ ပြည့်နှစ်မှစ၍ နိဂုံးချုပ်ခဲ့ကြောင်း သိရသည်။ နိဂုံးချုပ်ပုံမှာ ရင်ထုမနာ ဖြစ်စရာကောင်းလှသည်။

ပါမောက္ခဒေါက်တာသောင်းဌေး၏ ဆောင်းပါးအရ ၁၉၁၀ ပြည့်နှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံသုတေသနအသင်းသည် ၁၉၈၀ တွင် အနှစ် ၇၀ ပြည့်ခဲ့သည်။ အနှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် စာတမ်းဖတ်ပွဲ ကျင်းပသည်။ စာတမ်းဖတ်ပွဲတွင် နိုင်ငံအကြီးအကဲက မိန့်ခွန်းချွေသည်။ ပုံမှန်ဆိုပါက နိုင်ငံအကြီးအကဲ၏ မိန့်ခွန်းသည် မြန်မာနိုင်ငံသုတေသနအသင်း၏ တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်မည်ဟု ယူဆနိုင်သည်။ သို့သော် သူ့မိန့်ခွန်းက ဤသို့ ဖြစ်သည်။

“ကျုပ် ဒီမြန်မာနိုင်ငံသုတေသနစာတမ်းဖတ်ပွဲကို ရောက်လာရတဲ့ အကြောင်းက တခြားအကြောင်း၊ ဒီမြန်မာနိုင်ငံသုတေသနအဖွဲ့ဆိုတာ ဗြိတိသျှကိုလိုနီခေတ်က ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်း။ ဒါဟာ ကျုပ်တို့ မလိုလားအပ်တဲ့အဖွဲ့အစည်းမျိုး ဖြစ်တာမို့ ကျုပ်ကိုယ်တိုင် ဒီအသင်းကို ဖျက်သိမ်းလိုက်ကြောင်း အသိလာပေးတာ ဖြစ်တယ်”

အထက်ပါစာတို့မှာ ပါမောက္ခဒေါက်တာသောင်းဌေး၏ ဆောင်းပါးအရ ဖြစ်ပါသည်။ သို့သော် ယင်းအခန်းအနားတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ (ဒေါ်)ခင်နှင်းဦး၏ ဆောင်းပါးတွင်မူ မိန့်ခွန်းပြောတာ မပါပါ။ (ဒေါ်)ခင်နှင်းဦး၏ ဆောင်းပါးကို ကောက်နုတ်ဖော်ပြရလျှင်..

“အင်္ဂလိပ်တွေ စခဲ့တဲ့လုပ်ငန်းကို မြန်မာတွေက ကျွန်စိတ်မပျောက်လို့ ဆက်လုပ်နေသည်ဟု အထက်ထိပ်ပိုင်းက ပြောကြားလာသဖြင့် အခန်းအနားကို ခေတ္တရပ်သည်ဟု ကြေညာသော်လည်း စင်စစ်အပြီးရပ်လိုက်ရခြင်း ဖြစ်သည်။

အခန်းအနားအစတွင် ရယ်မောပျော်ရွှင်နေကြသော ဆရာကြီး ဆရာမကြီးများအားလုံး မျက်စိပျက် မျက်နှာပျက် ဖြစ်နေကြသည်။ ခန်းမတွင်းရှိ အခင်းအကျင်းကား အလှူအိမ်အဖြစ်မှ အသုဘအိမ်အဖြစ်သို့ ပြောင်းသွားသည့် ဖြစ်ပုံနှင့်သာ နှိုင်းစရာ ရှိတော့သည်။”

မည်သို့ပင် ဖြစ်စေ၊ မြန်မာနိုင်ငံသုတေသနအသင်းသည် နိုင်ငံအကြီးအကဲက အဖျက်ခံရသော အသင်းဖြစ်သည့်အချက်တွင်မူ တူညီသည်။ သုတေသနအသင်းတစ်သင်းကို နိုင်ငံအကြီးအကဲက ဖျက်သည်ဆိုခြင်းမှာ ကမ္ဘာတွင် မြန်မာတစ်နိုင်ငံတည်းသာ ရှိမည် ထင်ပါသည်။ ပုံက မြန်မာနိုင်ငံ သုတေသနအသင်းကို တည်ထောင်သူတွေထဲက အဖွဲ့ဝင်တယောက်ဖြစ်တဲ့ U Me Oung ရဲ့ ပုံပါ။ (Kyaw Oo)



Post Views:
2

Crd