မြန်မာနိုင်ငံသား၁၆ဝကျော်မလေးရှားကပြန်ပို့

Local News

ကိုဗစ်ကပ်ဘေးကာလ မလေးရှားနိုင်ငံမှာရောက်နေကြတဲ့ မြန်မာနိုင်ငံသား နောက်ထပ် အယောက် ၁၆၀ ကျော်ကို ဒီဇင်ဘာလ ၂၃ရက်နေ့က နေရပ်ပြန်ပို့ရာမှာ ထိမ်းသိမ်းရေးစခန်းတွေထဲက လွတ်ရက်စေ့အကျဉ်းသား ၄၀ကျော်ပါဝင်ပါတယ်။

ကိုဗစ်ကပ်ရာဂါကာလ မလေးရှားနိုင်ငံမှာ သောင်တင်နေသူတွေနဲ့ ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသားတွေကို သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့နေရာမှာ နောက်ထပ်အယောက် ၁၆၀ ကျော်နေရပ်ပြန်ပို့ခဲ့တာပါ။ ဗုဒဟူးနေ့က ပြန်ခွင့်ရသူတွေထဲမှာတော့ လူဝင်မှုကြီးကြပ်ရေးစခန်းတွေမှာ ထိန်းသိမ်းခံခဲ့ရသူတွေလည်း ပါဝင်ခဲ့ကြောင်း မလေးရှားနိုင်ငံအခြေစိုက် မြန်မာလူမူကူညီရေးအသင်းဥက္ကဌ ဦးစန်းဝင်းက ပြောပါတယ်။

“မလေးရှားနိုင်ငံကိုအကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိလာပြီး အထောက်အထားမဲ့ ဖမ်းဆီးထိမ်းသိမ်းခံရတဲ့မြန်မာနိုင်ငံသား ၄၃ ယောက်ပါတယ်။ အားလုံးအမျိုးသားတွေပဲ။ ပြီးခဲ့တဲ့ ၈ လ လောက်က မလေးရှားနိုင်ငံကို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာပြီးဖမ်းဆီးထိမ်းသိမ်းခံရတာလို့ပြောပြပါတယ် ။ ၅ ယောက်လောက်က တနှစ်လောက်ကြာတယ်။ ကျန်တဲ့ သူတွေက ၈ လ ရ လ ၆ လ ကြာနေခဲ့ရတယ်လို့ ဖမ်းဆီးခံရသူတွေကပြောပြပါတယ် ။ သူတို့တွေဟာ မလေးရှားနိုင်ငံကို ကိုဗစ်ကာလမှာတရားမဝင်တဲ့နည်းနဲ့ဝင်ရောက်လာကြလို့ ဖမ်းဆီးခံရတဲ့သူတွေဖြစ်တယ်ဆိုတာသူတို့ပြောပြကြပါတယ်”။

သူတို့တွေဟာထိုင်းမလေးနယ်စပ်ကနေ ခိုးဝင်ကြသူတွေဖြစ်ပြီး ကိုဗစ်အရေးပေါ်ကာလ အော်ပရောစီစစ်ဆင်ရေးတွေနဲ့ဖမ်းဆီးခံရသူတွေဖြစ်ကြပါတယ်။
အကျဉ်းစခန်းကနေ နေရပ်ပြန်သူတွေကိုတော့ မလေးရှားနိုင်ငံကမြန်မာပရဟိတအဖွဲ့အစည်းတွေနဲ့ စေတနာရှင်တွေက အစားအသောက်နဲ့ အဝတ်အစားတွေ အနွေးထည်တွေနဲ့ ဖိနပ်တွေကို လှူဒါန်းပေးခဲ့ပါတယ်။

ကပ်ရောဂါကာလမှာ ထိမ်းသိမ်းရေးစခန်း ၁၃ ခုက မြန်မာတထောင်ကျော်ကို နိုဝင်ဘာလထဲမှာ နေရပ်ပြန်ပို့ခဲ့ပြီး အခုနောက်ထပ်လည်း ဒီဇင်ဘာလထဲမှာ လွတ်ရက်စေ့သူတွေကို ပြန်လွှတ်ပေးနေတာပါ။

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅ သိန်းခွဲလောက်အလုပ်လုပ်ကိုင်နေတဲ့မလေးရှားမှာ ကိုဗစ်ကပ်ရောဂါကာလအတွင်း စားဝတ်နေရေးနဲ့ အလုပ်အကိုင်အခက်အခဲတွေကြောင့် နေရပ်ပြန်ဖို့ မြန်မာသံရုံးမှာ စာရင်းပေးသွင်းထားသူ တသောင်းကျော်ရှိနေပါတယ်။ ဒီလူတွေကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ကျန်းမာရေးမကောင်းသူတွေကို ဦးစားပေးပြီးနေရပ်ပြန်ပို့နေတာပါ။ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ လေးရာကျော်နဲ့ ကူးစက်သူ တသိန်းနီးပါးရှိနေတဲ့ မလေးရှားနိုင်ငံမှာ နောက်ထပ်ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်နေကြတာလည်း ဖြစ်ပါတယ်။

#VOA
#Myanmarnews24

Leave a Reply